အာဏာသိမ်း ၂၁ လမှာ CDM ရဲနဲ့ စစ်သည် တစ်သောင်းကျော်လာကြောင်း NUG ပြော

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၁ လအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သည် အရာရှိ တစ်သောင်းကျော်လာပြီး အဲဒီအထဲမှာ ရဲတပ်ဖွဲ့ဝင် ရှစ်ထောင်ကျော်နဲ့ စစ်သည် လေးထောင်ကျော် ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် က ပြောပါတယ်။
"ဒီတိုက်ပွဲဟာ သေချာပေါက်ရှုံးမယ်ဆိုတာ ပိုမိုနားလည်လာတာနဲ့အမျှ အချိန်တစ်ခုရောက်ရင်ပေါ့နော် အများအပြား CDM လုပ်လာနိုင်တယ်လို့ မျှော်လင့်ပါတယ်"
အချိန်ကြာလာတာနဲ့အမျှ ရှေ့တန်းတိုက်ပွဲတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျား တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ် အထိနာလာပြီး အနာဂတ်မှာ CDM လုပ်မယ့် အရေအတွက် ဒီထက်ပိုများလာနိုင်တယ် လို့ ဦးနိုင်ထူးအောင် က ပြောပါတယ်။
“အကျိုးမရှိဘဲနဲ့ ကိုယ့်အတွက် အကျိုးမရှိဘဲနဲ့ ကိုယ့်အသက်တွေပေါ့နော်၊ ဒီအာဏာရှင် အတွက် ပေးနေရတယ် ဆိုတာတွေ ပိုနားလည်လာသလို၊ ဒီစစ်ကောင်စီရဲ့ အထိနာမှု တွေ၊ အထိနာနေတဲ့အနေအထားတွေ၊ နောက်ပြီးတော့ ပြည်သူမပါတဲ့ ဒီတိုက်ပွဲဟာ သေချာပေါက်ရှုံးမယ်ဆိုတာ ပိုမိုနားလည်လာတာနဲ့အမျှ အချိန်တစ်ခုရောက်ရင်ပေါ့နော် အများအပြား CDM လုပ်လာနိုင်တယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ”
စစ်တပ်အာဏာသိမ်းကာလ ကြာလာတာနဲ့အမျှ CDM စစ်သားနဲ့ ရဲအရေအတွက်ဟာ လျော့မသွားဘဲ ပုံမှန်လာရောက် ပူးပေါင်းနေတယ်လို့လည်း ဦးနိုင်ထူးအောင် က ပြောပါ တယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း ထွက်ပြေးသွားသူနဲ့ စစ်ကောင်စီလက်အောက်က ထွက်ပြီး မထင်မရှား ဇာတ်မြှုပ်နေထိုင်သူတွေလည်း ရှိတာကြောင့် လက်တွေ့မှာ စွန့်တပ်ကို စွန့်ခွာသူ အရေအတွက်က သူတို့ရရှိ ထားတဲ့ တစ်သောင်းကျော်ဆိုတာထက် ပိုများနိုင် တယ်လို့လည်း ဦးနိုင်ထူးအောင် က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကမှ လက်နက်တွေနဲ့အတူ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သား တစ်ဦးကို NUG အစိုးရ က မြန်မာငွေ ကျပ် သိန်းလေးဆယ် ဆုချီးမြှင့်ခဲ့ပါတယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကို မလိုက်နာဘဲ ပြည်သူနဲ့ ပူးပေါင်းမယ်ဆိုရင် ဆုကြေးငွေတွေ ပေးမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က အခုနှစ် ဧပြီလကစပြီး ဖိတ်ခေါ်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့က မည်သူမဆို လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့အတူ ပူးပေါင်းလာမယ် ဆိုရင် မြန်မာငွေ ကျပ် သိန်းတစ်သောင်း၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့ လေယာဉ်၊ တိုက်ရေယာဉ်တွေကို ဖျက်ဆီးပြီး ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေ ကျပ် သိန်းခြောက်ထောင်၊ ဆီသိုလှောင်ကန်တွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် တင့်ကား၊ သံချပ်ကာကားတွေ ယူလာနိုင်ရင် မြန်မာငွေ ကျပ် သိန်းနှစ်ထောင် ဆုချီးမြှင့်မယ်လို့ NUG က ကမ်းလှမ်းထားပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျု ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ NUG ရဲ့ ဒီလုပ်ရပ်က တိုင်းပြည် ထိခိုက်အောင် လုပ်ဆောင်နေတာဖြစ် ပေမယ့် စစ်ကောင်စီအတွက် အသေးအဖွဲကိစ္စသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီစစ်ဆင်ရေးတစ်ခုလုံးမှာ ဘယ်သူပဲတာဝန်ယူလိုက် ယူလိုက် တက်လာတဲ့ အစိုးရတစ်ရပ်ကို အခက်အခဲအကျပ်အတည်းတွေနဲ့ ပြောရရင် တစ်ပြည်လုံးဆူပူအုံကြွမှုနဲ့၊ ပြောရရင် တိုင်းပြည် တစ်ပြည်လုံးကို ထိခိုက်အောင် လုပ်မှာပေါ့နော်။ လုံး၀ကို ဆိုးဆိုးရွားရွားဖြစ်စဉ်တွေဖြစ်အောင်လို့တော့ ဝိုင်းဝန်း စီမံလိုက်ကြတာပဲ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျနော်တို့မြင်သလောက်က တော့ ရေတိုကာလမှာတော့ ကျနော်တို့ နည်းနည်းလေး အခက်အခဲရှိတယ်လို့ အားလုံး က ထင်ကြလိမ့်မယ်။ ရေရှည်ကာလမှာ ဘယ်လိုမှဖြစ် စရာ အကြောင်းမရှိပါဘူး။ ပြောရရင်တော့ စစ်ကောင်စီအတွက် ဒီဟာကဖြေရှင်းရမယ့်ကိစ္စရပ်ပေါင်း မြောက်မြား စွာ ထဲက ခပ်ပါးပါးလေးပါပဲ။ သိပ်အရေးကြီးလှ၊ ပြီးတော့ ထိရောက်လှတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အဲ့လိုပဲ သုံးသပ်ပါတယ်”
ကရင်ပြည်နယ်ထဲမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်းတစ်ခုကနေ လတ်တလော CDM လုပ်လာတဲ့ စစ်သားတစ်ဦးကတော့ ရှေ့တန်းရောက်နေတဲ့ စစ်ကောင်စီတပ်သား အတော်များများက စိတ်ဓာတ် ကျနေကြတယ်လို့ RFA ကို ပြောပါတယ်။
“တပ်တွင်းအခြေအနေကတော့ နောက်တန်းပိုင်းဆိုင်ရာကျတော့ ကျနော် အကြာကြီး မနေရဖူးတော့ မသိဘူး။ ရှေ့တန်းမှာရှိတဲ့သူ တော်တော်များများကတော့ စိတ်ဓာတ် ကျနေကြပြီပေါ့။ ဘာမှ မလုပ်ချင်၊ မကိုင်ချင်တော့ ဘူးပေါ့။ ရှေ့တန်းကလည်း ရခိုင်မှာ နှစ်နှစ်ထွက်ပြီးတော့ အခုခြောက်ရက်ပဲ နားရသေးတဲ့အချိန်မှာ ကရင်ကို ထွက်လာရ တာ ခြောက်လကျော်၊ ခုနစ်လလောက်ရှိပြီ။ အားလုံးကတော့ တပ်တွင်းကလူတွေက တော့ စိတ် ဓာတ်တွေက ပျက်နေပြီပေါ့”
အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်တွေဟာ နိုင်ငံတစ်ဝန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပြင် နယ်မြေဒေသအလိုက် ခုခံ တော်လှန်နေတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကိုပါ သာလွန်အင်အားနဲ့ တိုက်ခိုက်ချေမှုန်းနေတာပါ။
ဒါကြောင့် စစ်ကောင်စီရဲ့ နောက်တန်း တပ်ရင်းတပ်ဖွဲ့တွေကနေ အရဲစွန့်ပြီး CDM လုပ်တဲ့ တပ်ဖွဲ့ဝင် အရေအတွက်ထက် ရှေ့တန်းရောက် စစ်သားတွေက တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့တွေထံမှာ လက်နက်ချ ပူးပေါင်းလာ မှုက ပိုများလာတယ်လို့ CDM ရဲနဲ့ စစ်သား တွေကို ကူညီပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က CDM ဗိုလ်ကြီး လင်းထက်အောင် က RFA ကို ပြောပါတယ်။
“CDM ကတော့ တပ်နဲ့ ရဲ CDM ကတော့ ကျနော်တို့ နဂိုတုန်းကလို ဆက်သွယ်ပြီး ဝင်ရောက်တဲ့ သူကတော့ အရင်လောက်တော့ မများတော့ဘူးပေါ့နော်။ ဒါပေမဲ့ ဝင်တဲ့သူကတော့ရှိ နေဆဲပဲလို့ ကျနော်တို့ ပြောလို့ရတာ ပေါ့။ နောက်ပြီးတော့ လက်နက်ချတဲ့သူကတော့ ပိုများလာတာပေါ့နော်။ ရှေ့တန်းတွေကနေ လက်နက်ချတဲ့ သူတွေကတော့ နေရာဒေသအသီးသီးမှာ ရှိနေတယ်လို့ ကျနော်တို့ သိထားရတယ်ဗျ”
အာဏာသိမ်းပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်း သတင်းတွေ ထုတ်လွှင့်နေတဲ့ DTV က နိုဝင်ဘာလ ၇ ရက် မနေ့က သတင်းထုတ်ပြန်ရာမှာ… စစ်သားနှစ်ဦး လက်နက်အပြည့်အစုံနဲ့တကွ စစ်ကောင်စီ တပ်ကို စွန့်ခွာလာကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ နဂါးနီစစ်ကြောင်း တပ်ခွဲ (၂)၊ တောင်ပိုင်းတိုင်း စစ်ဒေသတာဝန်ရှိသူတွေကို ကိုးကား ဖော်ပြထားပါတယ်။
အဲဒီတပ်သားနှစ်ဦးဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခလရ (၂၈၄) တပ်ရင်းက တပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ (KNU) လက်အောက်ခံ Cobra စစ်ကြောင်းကလည်း ရှေ့တန်းရောက် စစ်ကောင်စီတပ်သား ငါးဦး သူတို့တပ်ဖွဲ့နဲ့ လာရောက်ပူးပေါင်းခဲ့ကြောင်း အခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော် (ကြည်း) ရဲ့ စာရင်းတွေအရ မြန်မာစစ်တပ်မှာ စစ်သည်အင်အား ငါးသိန်းနီးပါး ရှိပြီး အရှေ့တောင်အာရှမှာ ဗီယက်နမ်စစ်တပ်ပြီးရင် ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။
ဒီအင်အားနဲ့ နှိုင်းယှဥ်ရင် အာဏာသိမ်းပြီးတဲ့နောက် CDM လုပ်လာသူ၊ တော်လှန်ရေး အင်အားစုတွေနဲ့ လာရောက် ပူးပေါင်းသူ စစ်သည် လေးထောင်ကျော်ဆိုတာဟာ နည်းလွန်းပေမယ့် မရပ်မနား ရှေ့တန်းထွက်နေရမှု၊ ကိုယ့်နိုင်ငံတွင်းက ပြည်သူကိုပဲ ပြန်လည်သတ်ဖြတ် နှိမ်နင်းနေရမှုတွေကြောင့် စစ်သည်အများစုဟာ စိတ်ဓာတ် ကျဆင်းနေတယ်လို့ CDM လုပ်လာတဲ့ စစ်သည်အရာရှိတွေက ပြောပါတယ်။