အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း NLD လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး သေဆုံး
2023.05.25

စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦး သေဆုံးခဲ့ပါတယ်။ ပဲခူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေ ဟာ အကျဉ်းထောင်ထဲမှာ အချိန်မီ ဆေးကုသခွင့်မရလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်း ကတော့ ဖမ်းဆီးခံရပြီး တစ်ပတ်ကျော်အကြာမှာ စစ်တပ်က ရုပ်အလောင်းကို လာစွန့်ပစ်သွားတာလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က မေလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
ကျန်တဲ့ ၁၄ ဦးကတော့ အဖမ်းခံရမှာစိုးလို့ရှောင်တိမ်းနေတဲ့ကာလမှာ ကျန်းမာရေး မကောင်းတာကို လွတ်လွတ်လပ်လပ်ဆေးကုခွင့်မရတဲ့အတွက် အသက်ဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒါဟာ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပြီး တစ်နေ့မှာ ဒီပြစ်မှုအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ အတွင်းရေးမှူး ဦးထွန်းမြင့် က ပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ကောင်စီကနေပြီးတော့ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်တယ်။ ဆေးကုမှုမခံယူရဘဲ သေဆုံးသွားတဲ့သူ ၁၆ ဦးရှိတယ်။ စစ်ကောင်စီရဲ့ လူသားမဆန်စွာရက်စက် ကြမ်းကြုတ်မှုတွေကိုတော့ လူ့အခွင့်ရေးမှတ်တမ်းတွေ ထားရှိသလို လူ့အခွင့်အရေးကောင်စီကိုလည်း ပေးပို့တိုင်ကြားသွားမယ်။ တစ်ချိန် မှာတော့ ပြစ်မှုကျူးလွန်ထားတဲ့သူက ကင်းလွတ်ခွင့် မရှိစေရ ဆိုတဲ့အတိုင်း ပြည်သူ့ အာဏာ ပြည်သူပြန်ရရင် ဥပဒေကြောင်းအရကုစားဖို့ အစီအစဉ်တွေတော့ ရှိပါတယ်”
သေဆုံးခဲ့တဲ့သူတွေထဲမှာ မွန်ပြည်နယ်၊ ဘီးလင်း မဲဆန္ဒနယ်အမှတ် (၂) က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အသတ်ခံရမှုက အဆိုးဆုံးဖြစ်တယ်လို့ သူက ပြောပါတယ်။
ဦးကျော်မျိုးမင်းဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ဘီးလင်းမြို့နယ်၊ ပေါ်ခီးရွာနားမှာ NLD ပါတီဝင်နှစ်ဦး၊ အရပ်သားတစ်ဦးနဲ့အတူ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံရပြီး တစ်ပတ်ကျော်အကြာ ဇူလိုင်လ ၂ ရက်နေ့မှာ ဦးကျော်မျိုးမင်းရဲ့ ရုပ်အလောင်းကို ဘားအံမြို့နယ်၊ မင်းစောရွာနားမှာ ပြန်တွေ့ခဲ့တာပါ။
“လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ကောင်စီကနေပြီးတော့ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်တယ်။ ဆေးကုမှုမခံယူရဘဲ သေဆုံးသွားတဲ့သူ ၁၆ ဦးရှိတယ်"
ပြန်တွေ့တဲ့အချိန်မှာ ရုပ်အလောင်းမှာ လက်နောက်ပြန်ကြိုးတုပ်ထားသလို လည်ပင်းကို ကြိုးနဲ့ ချည်ထားတွေ့ရ တယ်လို့ ဦးကျော်မျိုးမင်းနဲ့ ရင်းနှီးသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဘီးလင်းမြို့နယ် ပေါ်ခီးရွာနားမှာ အဖမ်းခံရတာ။ သူတို့ အဖမ်းခံရတာ ရွာသား တစ်ယောက်အပါ အဝင် လေးယောက်၊ သတ်ဖြတ်ခံရတဲ့အခြေအနေကတော့ ပထမကတော့ သူနဲ့အတူ အဖမ်းခံရတဲ့ နှစ်ယောက် အသတ်ခံရတယ်။ ပြီးမှ သူ့ကို သတ်တာ။ သတ်သွားတာကတော့ နောက်ပြန်ကြိုးတုပ် သွားတယ်။ လည်ပင်းကို ကြိုးချည်သွားတယ်။ လက်နောက်ပြန်ထားပြီး သတ်သွားတာ”
CRPH ရဲ့ မေလ ၂၁ ရက် ထုတ်ပြန်ချက်အရ ဖမ်ဆီးသတ်ဖြတ်ခံရမှာကို စိုးရိမ်လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ငါးဦးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကိုးဦး စုစုပေါင်း ၁၄ ဦး ပုန်းခိုနေတဲ့ကာလမှာ ကျန်းမာရေးချို့တဲ့လာပြီး ကောင်းကောင်းမွန်မွန်ဆေးမကုရလို့ သေဆုံးခဲ့ရတာလို့ ဖော်ပြပါတယ်။
NLD ပါတီရဲ့ တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ထားဝယ်အရှေ့ တောနယ် တစ်နေရာမှာ ရှောင်တိမ်းနေချိန်မှာ ကင်ဆာရောဂါကို စတင်ခံစားခဲ့ရပေမယ့် ဆေးဝါး အလုံအလောက်မရှိလို့ ရောဂါပြင်းထန်ပြီး အချိန် မတိုင်မီ အသက်ဆုံးခဲ့ရတယ်လို့ ဦးမြင့်စန်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဦးကျော်ထွေး က RFA ကို ပြောပါတယ်။
“သူရှောင်တိမ်းလိုက်တဲ့နေရာက ထားဝယ်အရှေ့တောနယ်ပေါ့ဗျာ။ အရမ်းကို ချောင်ကျ တယ်၊ အဲနေရာက။ အဲမှာစတာပဲ၊ သူ့ရောဂါက တဖြည်းဖြည်းနဲ့ ရောဂါပြင်းထန်လာ တယ်။ အဲဒီမှာ ဆရာဝန်တွေ ဘာတွေမရှိဘူး။ ဆေးခန်းပြဖို့ကလည်း မဖြစ်နိုင်ဘူး။ ရှိတဲ့ ဆေးမြီးတိုလေးနဲ့ကု၊ နောက်ဆုံး အဆင်မပြေတော့မှ ဒီဘက်(ထိုင်း) ကို ဆေးလာ ကုတာ”
အသက် ၆၆ နှစ်အရွယ် ဦးမြင့်စန်း ဟာ မေလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ပူကစ်မြို့မှာ ကင်ဆာရောဂါ နဲ့ သေဆုံးသွားတာဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ တိုင်းဒေသကြီးလွှတ်တော်အတွက် ထပ်ပြီးအနိုင်ရခဲ့တဲ့သူ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီး၊ သတ်ဖြတ်ပြီး လူ့အခွင့်ရေးချိုးဖောက်နေတာ ဟာ မြန်မာ့ လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ရန်ကုန်မြို့က လူ့အခွင့်အရေးလှုပ်ရှား သူတစ်ဦးက ပြောပါတယ်။
“လူ့အဖွဲ့အစည်းတစ်ခုကို၊ တိုင်းပြည်တစ်ခုကို ဦးဆောင်ပြီးတော့ ဥပဒေပြုရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး ရရှိရေးအတွက် ဦးဆောင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုယ်တိုင် လူ့အခွင့် အရေး ချိုးဖောက်ခံရပြီးတော့ အခုလို အကျဉ်းထောင်တွေမှာ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တယ် ဆိုတာ မြန်မာ့ လူ့အဖွဲ့ အစည်းတစ်ခုအတွက် အင်မတန်ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်။ ဒါက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ”
စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ် (၁၃၀) နီးပါး အဖမ်း ခံခဲ့ရပါတယ်။ အခုချိန်ထိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လွှတ်တော် ကိုယ်စားလှယ် ၅၉ ဦး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတယ်လို့ CRPH ရဲ့ မေလ ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီဟာ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး စတဲ့ ပုဒ်မမျိုးစုံတပ် တရားစွဲပြီး ထောင်နှစ်ရှည် တွေ ချမှတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ NLD ဥပဒေပြုရေး အမတ်တွေ ဆုံးရှုံးနေတာဟာ NLD ပါတီရပ်တည်ရေးအတွက် အခက်အခဲဖြစ်လာနိုင် တယ်လို့ RFA ကို ပြောပါတယ်။
“NLD ရယ်လို့ သီးခြားခေါင်းစဉ်အောက်မှာ ရှိနေတဲ့သူတွေက တဖြုတ်ဖြုတ် ကုန်သွား တယ်ဆိုရင် NLD ရဲ့ ဖြစ်တည်မှု ရပ်တည်မှုပေါ့ အခုကလည်း ပါတီဖျက်သိမ်းခံထား ရတယ်၊ တစ်ချိန်ချိန်မှာ နိုင်ငံရေးအရ အတွေ့အကြုံရှိတဲ့ ပါတီကြီးတစ်ခု ပြန်ထူထောင် ဖို့ ဆိုတဲ့ဟာမှာ တကယ်အတွေ့အကြုံ ရှိပြီးသားလူတွေ မရှိတော့ရင် အသစ်က အားလုံး ပြန်စရသလို ဖြစ်မှာပေါ့။ သမိုင်းတွေ လက်ဆင့်ကမ်းသယ်မယ့်သူမရှိရင် အနည်းနဲ့ အများတော့ အကျိုးသက်ရောက်မှုရှိပါတယ်”
လွှတ်တော်ကိုယ်စားလှယ်တွေ သေဆုံးရတာနဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင် ပါဘူး။
လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် ကျူးလွန်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေး ဆိုင်ရာကော်မတီတို့နဲ့ ပူးပေါင်းဆောင်ရွက်နေ တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။