ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု မြေပုံနှင့် သေဆုံးမှု ကိန်းဂဏန်း
2020.01.29

တရုတ်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာနေပါတယ်။ ဇန်နဝါရီ ၂၈ ရက်မှာ သေဆုံးသူ ၁၀၆ ဦးရှိခဲ့ရာကနေ ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ နောက်ထပ် ၂၆ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။ တစ်နေ့တည်းမှာပဲ တစ်နာရီပျမ်းမျှ တစ်ဦးနှုန်းသေဆုံးခဲ့ပြီး၊ စုစုပေါင်း သေဆုံးတာ ၁၃၂ ဦး ရှိလာပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအခြေအနေနဲ့ နိုင်ငံအလိုက် ကူးစက်ခံရမှု၊ သေဆုံးမှုအရေအတွက်တွေကို RFA က infographic နဲ့ ရှင်းပြထားပါတယ်။
အသေးစိတ်ကို မြေပုံမှာထောက်ကြည့်ပါ။ ဖုန်းကနေ မြေပုံအသေးစိတ်ကို ကြည့်ရှုရန် open in browser ကိုနှိပ်ပါ
Ref : တရုတ်ကျန်းမာရေးဝန်ကြီးဌာန၊ WHO
ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို ရိုနာဗိုင်းရပ်စ် အရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ WHOက ထုတ်ပြန်ထားပါတယ်။ တကမ္ဘာလုံးကို အလျင်အမြန် ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်နဲ့ WHO လက်တွဲသွားကြဖို့ ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။
WHO ဘက်ကလည်း နိုင်ငံတကာပညာရှင်တွေ စေလွှတ်သွားဖို့ရှိတယ်လို့ ဒေါက်တာ Tedros Adhanom က ပြောဆိုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ၂၀၁၉ ဒီဇင်ဘာ ၃၁ တရုတ်နိုင်ငံ၊ ဝူဟမ်မြို့မှာ စတင်ဖြစ်ပွားတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့ WHO ရဲ့ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ တရုတ်နိုင်ငံ တစ်ခုတည်းမှာ ၄၅၃၇ ဦး (အတည်ပြု) ရှိပြီး၊ ကူးစက်ခံရတယ်လို့ သံသယရှိတဲ့သူ ၆၇၉၃ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။
ဗိုင်းရပ်စ်ကူးစက်မခံရရေး ဆောင်ရန် ရှောင်ရန်
Ref : WHO
WHO နဲ့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ မိုင်ပေါင်းထောင်ချီဝေးတဲ့ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတို့ကိုလည်း ပျံ့နှံ့သွားပြီဖြစ်ပါတယ်။ အိမ်နီးနားချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ရောဂါပိုးကူးစက်ခံထားရသူကို မတွေ့ရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ နယ်စပ်ချင်းကပ်လျက်ရှိတဲ့ မူဆယ်တစ်ဖက်ကမ်း ရွှေလီမှာတော့ ကူးစက်ခံရတယ်လို့ သံသယရှိသူ ၂၆ ဦးရှိတယ်လို့ သတင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူလို့ သံသယရှိသူကို စစ်ဆေးနိုင်ခြင်းမရှိသေးပါ။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ သံသယရှိသူရှိရင် ရောဂါပိုး ကူးစက်ခံရခြင်းဟုတ်၊ မဟုတ်နမူနာယူပြီး ထိုင်းနိုင်ငံမှာစစ်ဆေးမယ်လို့ သတင်းမီဒီယာတွေကို ပြောထားပါတယ်။
(မှတ်ချက် - ဒီသတင်းမှာ နည်းပညာပိုင်းဆိုင်ရာအခက်အခဲကြောင့် တရုတ်-မြန်မာနယ်စပ်က ရွှေလီမြို့ကိုသီးခြားဖော်ပြခြင်းမပြုတော့ဘဲ၊ တရုတ်-မြန်မာနယ်စပ်လို့သာ အသုံးပြုထားပါတယ်။)