ကိုရိုနာဗိုင်းရပ်စ်ပိုးကို မန္တလေးမှာလည်း ဓာတ်ခွဲစစ်ဆေးနိုင်တော့မယ်
2020.04.30
အခုတပ်ဆင်မယ့် ဓာတ်ခွဲစစ်ဆေးစက်ဟာ စင်္ကာပူနိုင်ငံက အလှူရှင်တစ်ဦးက လှူဒါန်းတာဖြစ်ပြီး မန္တလေး မြို့ ၃၅ လမ်း ၆၄ လမ်းနဲ့ ၆၆ လမ်းကြား အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးဌာနရုံး ဟောင်းနေရာမှာ ထားမှာဖြစ်ပါတယ်။
မေလမကုန်ခင် စတင်စစ်ဆေးပေးသွားနိုင်မယ်လို့ သတင်းမှန်ပြန်ကြားရေးနဲ့ Covid 19 သတင်းမှားဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်တဲ့ သတင်းစောင့်ကြည့်ရေးအဖွဲ့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ဒီနေ့ ဧပြီ ၃၀ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
“အဆောက်အဦးက ဒီကနေ့ထိဆို ၇၀ ရာခိုင်နှုန်းပြီးပါပြီ၊ စက်ပိုင်းဆိုင်ရာမှာ စမ်းမယ့်စက်နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လူ ၂၀၀၀ စာ စစ်လို့ရမှာတွေ အခုမေလမှာ ရောက်ရှိလာမှာပါ"
အဲဒီဓာတ်ခွဲစစ်ဆေးမယ့်စက်ကို ကိုင်တွယ်ဖို့အတွက် ကျန်းမာရေးဌာနက ဝန်ထမ်း လေးယောက်ကိုလည်း ရန်ကုန်ကိုပို့ပြီး လက်တွေ့သင်ကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ယခင်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ် ဓာတ်ခွဲစစ်ဆေးလို့ရတဲ့စက်က ရန်ကုန်မြို့မှာသာ ရှိတာဖြစ်ပါတယ်။
ဒါကြောင့် တစ်နိုင်ငံလုံးက ရောဂါပိုးရှိ၊ မရှိ၊ စစ်ဆေးသူတဲ့နမူနာတွေကို ရန်ကုန်မြို့ကိုပေးပို့ စစ်ဆေးနေကြရတာ ဖြစ်ပြီး မန္တလေးမြိုမှာသာ စက်တပ်ဆင်နိုင်ရင်တော့ အထက်မြန်မာနိုင်ငံတစ်လုံးက စစ်ဆေးမှုတွေဟာ မန္တလေး မှာသာ စစ်ဆေးကြရတော့မှာ ဖြစ်ပါတယ်။
အဲဒီအခါမှာ စစ်ဆေးမှုက ပိုမိုမြန်ဆန်လာမှာဖြစ်သလို စစ်ဆေးနိုင်တဲ့ အရေအတွက်ကလည်း ပိုမိုများပြား လာတော့မှာဖြစ်ပါတယ်။
စက်သစ်ရောက်လာလို့ ရောဂါရှိသူတွေပိုပြီး တွေ့လာရမယ်ဆိုရင် သူတို့ကို စောင့်ရှောက်ကုသမှုပေးဖို့ လုပ်အား ပေးမယ့်သူတွေ ပိုမိုလိုအပ်လာမှာဖြစ်တယ်လို့ Save Mandalay from Covid-19 အဖွဲ့ ဒေါက်တာနေသုခက ပြောပါတယ်။
“အမျိုးသားအဆင့် အဖွဲ့တွေ ဖွဲ့နေတယ်။ ဖွဲ့တာတွေအတွက်လည်း လူက တော်တော်များများ လိုနိုင်တယ်။ လုပ်အားပေးတာကို ပိုပြီး အားဖြည့်စေချင်တယ်။ ဒီအလုပ်ကလည်း တစ်ရက်နှစ်ရက်လုပ်ရတဲ့ အလုပ်မဟုတ်ဘူး၊ လချီပြီးလုပ်ရမှာဆိုတော့ တကယ်ကို စိတ်ပါလက်ပါနဲ့ လုပ်နိုင်တဲ့သူတွေ လုပ်စေချင်တယ်”
ကိုရိုနာဗိုင်းရပ်ပိုးရှိ မရှိ စောင့်ကြည့်ခံရတဲ့သူဟာ သက်ဆိုင်ရာစောင့်ကြည့်စခန်းမှာ ၂၁ ရက်တာ နေထိုင်ရတာ ဖြစ်သလို ရောဂါပိုးကင်းလို့ ပြန်ခွင့်ရပြီဆိုရင်လည်း နေအိမ်မှာ နောက်ထပ် ၇ ရက် သီးသန့်နေထိုင်ကြရတာမို့ တစ်လနီးပါးခန့် ကြာမြင့်ကြပါတယ်။
ကိုရိုနာဗိုင်းရပ်ပိုး ရှိ မရှိ စစ်ဆေးရာမှာ လူတစ်ယောက်အတွက် ကျပ် တစ်သိန်းခွဲလောက် ကုန်ကျပါတယ်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နှစ်ရက်အတွင်း စောင့်ကြည့် လူနာ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ အသက် ၆၀ အထက် ရောဂါအခံရှိသူတွေသာဖြစ်တာကြောင့် ဆေးရုံလာတက်တဲ့သူတွေထဲက အသက် ၆၀ ကျော်သူတွေကို တခြားနေရာ ပြောင်းရွေ့ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကပ်ရောဂါတိုက်ဖျက်မှုကာလအတွင်း စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူနေတယ်လို့ သတင်းမှန် ပြန်ကြားရေးနဲ့ Covid 19 သတင်းမှားဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ပြီး သတင်းစောင့်ကြည့်ရေးအဖွဲ့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။
"မန္တလေးတိုင်းမှာ ပြစ်မှုအနေနဲ့ ၈၃ မှုရှိတယ်။ သဘာဝဘေးအန္တရာယ်၊ ကူစက်ရောဂါ ကာကွယ် နှိမ်နှင်းရေးနဲ့ အရေးယူတာရှိတယ်။ နောက်တစ်ခုက ဒေသန္တရ အမိန့်ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့ အရေးယူတာတွေလည်း ရှိပါတယ်"
မန္တလေးတိုင်းမှာဆိုရင် တရုတ်နိုင်ငံကို သွားရောက်လုပ်ကိုင်နေတဲ့လုပ်သားပေါင်း ၈၀၀၀ ကျော်ရှိပြီး ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်နေတဲ့ လုပ်သားပေါင်းကတော့ ၂၀၀၀၀ ကျော် ရှိပါတယ်။
ဧပြီလ ၂၈ ရက်နေ့အထိ မန္တလေးတိုင်းကို ပြန်ရောက်လာတဲ့လုပ်သားပေါင်း ၂၀၀၀၀ ကျော်ရှိနေပြီး နောက်ထပ်လည်း ရောက်လာမယ့်သူတွေ များပြားလာမှာဖြစ်တယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ကနေ သိရပါတယ်။