ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကန့်သတ်ချက်လျှော့တဲ့နေရာတချို့ ကူးစက်ခံရသူတွေတိုးလာ

စမ်းစမ်းတင်
2020.05.18

မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နှစ်ဦး ထပ်တွေ့ရတဲ့အတွက် အတည်ပြုလူနာ ၁၈၄ ယောက်ရှိပါတယ်။ မွန်းတည့်ချိန်ထိ စောင့်ကြည့်လူနာအသစ် ၇၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာပါတယ်။ မလေးရှားနိုင်ငံက ပြန်လာသူတွေထဲက ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိရကြောင်း ဒီနေ့မနက်က ထုတ်ပြန်တာကြောင့် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၈၇ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာတော့ မြန်မာစံတော်ချိန် ဒီမနက်ကူးလို့ နာရီဝက်အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူ ၄ သန်း ၇ သိန်းကျော်ရှိပြီး ၃ သိန်း ၁ သောင်းကျော်သေဆုံးရတယ်လို့ WroldOMeter အင်တာနက်စာမျက်နှာက ဖော်ပြပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းထိန်းဖို့ သီတင်း ရှစ်ပတ်ကျော်ကြာ အသွားအလာ ကန့်သတ်ပြီးတဲ့နောက် မကြာခင်သီတင်းပတ်တွေအတွင်း ကူးစက်နှူန်းနှေးသွားတဲ့ အတွက် ကန့်သတ်ချက်တွေ စတင်လျော့ပေါ့ပေးလိုက်တာနဲ့ ဈေးဝယ်ရတာနှစ်သက်တဲ့ ထိုင်းပြည်သူတွေ ကုန်တိုက်တွေကို မနေ့က အလု အယက်သွားကြပါတယ်။ တနိုင်ငံလုံး ကူးစက်ခံရသူ ၃၀၀၀ ကျော်ရှိပြီး ၅၆ ယောက်သေဆုံးရပါတယ်။ ကန့်သတ်ချက်တချို့ စတင်လျှော့ပေါ့ပေးတဲ့ မနေ့က လူနာသစ် ၃ ယောက်ရှိပါတယ်။

အသွားအလာကန့်သတ်ချက်လျှော့ပေးရုံမို့ ထိုင်းပြည်သူတွေဟာ အရင်တုန်းကလို လွတ်လွတ်လပ်လပ်ပုံစံမျိုးနဲ့ ကုန်တိုက်တွေကို သွားလို့မရတော့ပါဘူး၊ ဝင်ပေါက်တိုင်း ပိုးသတ်ဆေးသုံးရပါတယ်။ ကိုယ်အပူချိန်လည်းတိုင်း၊ ဓာတ်ပုံလည်း အရိုက်ခံရပါတယ်။
ကုန်တိုက်ဝန်ထမ်းတွေရော၊ ဈေးဝယ်လာသူတွေပါ နှာခေါင်းစည်း မစည်းမနေရ စည်းရပြီး တယောက်နဲ့ တယောက် ခြေနှစ်လှမ်းစာခွာနေရပါတယ်။ ဈေးဝယ်သူတွေဖုန်းမှာလည်း ခြေရာခံ စနစ်ထားရပါတယ်။

ထိုင်းနိုင်ငံဟာ ဇွန်လကုန်ထိ နိုင်ငံတကာ ခရီးသည်တွေလက်မခံသေးဘဲ တခြားကန့်သတ်ချက်တွေ လျှော့ပေါ့ဖို့ မဆုံးဖြတ်ခင် ဗိုင်းရပ်စ်ကူးစက်နှူန်းကိုစောင့်ကြည့်မယ်လို့ အစိုးရက ကြေညာပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ သင့်တင့်တဲ့လျှော့ပေါ့ချက် တချို့သတ်မှတ်ပြီး တနိုင်ငံလုံးမှာ သတ်မှတ်ထားတဲ့ အသွား အလာ ကန့်သတ်ချက်ကို ဒီလ ၃၁ ရက်ထိ ရက်တိုးလိုက်ပါတယ်။ ရုံးချိန်တွေကို အချိန်ဇယားလွှဲထားပြီး ဆိုင်တွေလည်း လူဦးရေကန့်သတ်ထားတာမို့ တယောက်ထွက်မှ တယောက်ဝင်စနစ်ထားရှိပါတယ်။ တပြည် နယ်ကတပြည်နယ် ခရီးသွားလာခွင့်ရှိပေမဲ့ လေကြောင်း၊ ရထား၊ ကျောင်း၊ ကောလိပ်၊ ဘာသာရေး ဆိုင်ရာ နေရာတွေ၊ ဟိုတယ်တွေနဲ့ အများစုဝေးရာနေရာတွေ ပိတ်ထားမြဲပိတ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံမှာ နှစ်သစ်ကူးပွဲတော် မကျင်းပနိုင်ဘဲ၊ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေ သင်္ကြန်ပွဲတော်နဲ့နှစ်သစ်ကူး ပွဲတော်မကျင်းပနိုင်သလို ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်လည်း လူစုလူဝေးနဲ့ မကျင်းပနိုင်ခဲ့ပါဘူး၊

ခုလည်း အစ္စလမ္မ်ဘာသာဝင်တွေရဲ့ ရာမန်ဒန်ဥပုသ်ကာလအတွင်း ဆော်ဒီအရေဗျနိုင်ငံ မက္ကာမြို့က ဗလီဝတ်ကျောင်းတော်ကြီးကို နှစ် ၁၄၀၀ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အများပြည်သူဝင်ရောက်ခွင့် ပိတ်ထားပါတယ်။

အီဂျစ်နိုင်ငံမှာ မေလ ၂၄ ရက်ကစလို့ ခြောက်ရက်ကြာ ကန့်သတ်ချက်တွေ သတ်မှတ်ထားပါတယ်။ အများ ပြည်သူပို့ဆောင်ရေးလုပ်ငန်း ပိတ်ထားမှာဖြစ်ပြီး ည ၅ နာရီက မနက် ၆ နာရီထိ ညမထွက်ရ အမိန့်ချမှတ်ပါမယ်။ ဆိုင်တွေ၊ စာသောက်ဆိုင်တွေ၊ ပင်လယ်ကမ်းခြေတွေ၊ ဥယျာဉ်တွေလည်း ပိတ်ထားပြီး အနည်းဆုံးနောက် သီတင်းနှစ်ပတ်ထိ အသွားအလာကန့်သတ်ထားပါမယ်။

အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ်မှာ လုပ်ငန်းတွေ မေ ၁ ရက်က ပြန်ဖွင့်ပေးလိုက်လို့ သီတင်း နှစ်ပတ်ကျော်အကြာ မေ ၁၆ ရက်မှာ တနေ့တည်း လူ ၃၀ ကျော်သေဆုံးပြီး ကူးစက် လူနာသစ် ၁၈၀၀ ကျော် ရှိပါတယ်။ အဲဒိတပြည်နယ်ထဲမှာတင် လူ ၁၃၀၀ ကျော်သေဆုံးရပါတယ်။

မစ်ရှီဂန်ပြည်နယ်မှာဆိုလည်း လူ ၄၈၀၀ ကျော်သေဆုံးရပါတယ်။ မြန်မာစံတော်ချိန် ဒီမနက်ကူးစမှာ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူ ၂၀၀ ကျော်ထပ်သေဆုံးရတဲ့အတွက် လူ ကိုးသောင်းကျော် သေဆုံးသွားပါပြီ။ သေဆုံးသူဦးရေရော ကူးစက်ခံရသူဦးရေပါ ကမ္ဘာမှာ အများဆုံးဖြစ်ပြီး လူနာသစ်က ၇ ထောင်ကျော်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေကချည်း တသန်းခွဲကျော်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ နိုင်ငံအစိုးရတွေ ကို စမ်းသပ်တဲ့ သဘောမျိုးလည်း ဖြစ်နေတာမို့ အမေရိကန်မှာ လက်ရှိကိုင်တွယ်နေပုံကို သမ္မတ ထရမ့်နံမည်ထုတ်မပြောဘဲ သမ္မတဟောင်း အိုဘားမားက ဝေဖန်ပါတယ်။

တချို့ခေါင်းဆောင်တွေဟာ ဒီကပ်ရောဂါအတွက် ဟန်ဆောင်ပန်ဆောင် တာဝန်တောင်မယူဘူးလို့ တက္ကသိုလ်နဲ့ကောလိပ်တွေ အင်တာနက်ကကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ အွန်လိုင်းကပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။