ချင်းနဲ့ စစ်ကိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူတွေ နေ့စဉ် သိသိသာသာ တိုးလာနေ

စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021.06.27

ဇွန် ၂၅ ရက် နဲ့ ဇွန်လ ၂၆ ရက် နှစ်ရက်တည်းမှာတင် စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်ကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက RFA ကို ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာထဲက လေးဦးနဲ့ သံသယနဲ့ စောင့်ကြည့်ခံနေရသူထဲက ၁၈ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူက RFA ကိုပြောပါတယ်။

ဇွန်လ ၂၆ ရက်နေ့ မှာတော့ နောက်ထပ် အတည်ပြုလူနာ သုံးဦး ထပ်သေဆုံးသွားတာဖြစ်ပြီး အဲဒီသုံးယောက် ဟာ ရွာကွာရန်တင်းစင်တာမှာ ဆေးကုသနေသူတစ်ဦးနဲ့ သံသယရှိလို့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ် ခံထားရသူ နှစ်ဦးဖြစ်တယ်လို့ သူကပြောပါတယ်။

သေဆုံးသွားသူတွေထဲက အများစုကတော့ အသက်ကြီးပိုင်းတွေဖြစ်ပြီး ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်ရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၀ ကျော်အထိဖြစ်လာတာကို အတည်ပြုနိုင်ဖို့ RFA က ကလေးပြည်သူ့ဆေးရုံကြီးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

"လူနာနဲ့ ဆရာဝန်၊ ဆရာမ အင်အားကလည်း မမျှဘူး၊ အောက်ဆီဂျင် လုံလောက်မှုမရှိဘူး။"

အခုလို ကိုဗစ်ရောဂါ ကူးစက်နှုန်းမြင့်တက်နေလို့ မြို့ပေါ်မှာလည်း အရေးပေါ်လူနာတွေ ကုသရေးအတွက် အောက်ဆီဂျင် ပြတ်လပ်တာတွေ ကြုံနေရပြီး ဆေးဝါးတွေလည်း ဝယ်ဖို့အခက်ခဲတွေကြုံရတယ်လို့ နေအိမ်မှာနေထိုင်းရင်း သံသယလူနာအဖြစ်ကနေ သေဆုံးသွားသူတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

ကိုဗစ်ကြောင့် ဒီလိုသေဆုံးမှုတွေ မြင့်တက်နေတာကြောင့် ကလေးမြို့ပေါ်က လူစည်ကားရာနေရာတစ်ခု ဖြစ်တဲ့ တာဟန်းဈေးကို ပိတ်ထားတယ်လို့ ကလေးခရိုင် စည်ပင်သာယာရေးက တာဝန်ရှိတစ်ဦးက ပြော ပါတယ်။

အလားတူ ဇွန် ၂၆ ရက်နေ့က အိန္ဒိယနယ်စပ် တမူးနဲ့ ကလေးဝမြို့နယ်မှာလည်း ကိုဗစ်အတည်ပြုလူနာ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့မှာ ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်ရှိနေပြီး လက်ရှိဇွန်လအတွင်း သေဆုံးသူ ၁၀ ဦးရှိနေပြီဖြစ်လို့ ဇွန်လ ၂၅ ရက်နေ့ကစပြီး တီးတိန်မြို့ကို အသွားအလာကန့်သတ်ထားလိုက်တယ်လို့ မြို့ရဲ့ ကိုဗစ် ၁၉ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"၂၅ ရက်နေ့ ဇွန်ကနေစပြီးတော့ တီးတိန်ကို Lockdown ချထားတယ်။အခုတလော တီးတိန်မှာဆိုရင် ပိုးတွေ့ လူနာက ထပ်တိုးထပ်တိုးနေတယ်ဆိုတော့ လူနာနဲ့ ဆရာဝန်၊ ဆရာမအင်အားကလည်း မမျှဘူး ဖြစ်နေတယ်။ တီးတိန်မှာက ဘာအခက်အခဲရှိလဲဆိုတော့ အောက်ဆီဂျင်လုံလောက်မှုမရှိဘူး။ ကလေးမှာ သွားမှာရင်လည်း ကျွန်တော်တို့ လိုသလောက်မရဘူး။ မန္တလေးအထိ သွားရတယ်။”

chin-covid.jpg
(ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်ဗူးများ သယ်ဆောင်နေကြစဥ်)

စစ်ကောင်စီက ဒေသတွင်းလုံခြုံရေးတင်းကျပ်တာတွေ၊ ညမထွက်ရအမိန့်တွေကြောင့် ဆေးရုံကို အရေးပေါ် လူနာပို့ဆောင်ရာမှာ ကြန့်ကြာမှုတွေရှိနေတယ်လို့ ကိုဗစ် ၁၉ ကူညီရေး စေတနာ့ဝန်ထမ်းတစ်ဦးကလည်း RFA ကို ပြောပါတယ်။

"အခုအာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ညတွင်းမှာ လူနာရှိတဲ့ဆိုရင်လည်း ကျွန်တော်တို့က လွတ်လွတ်လပ်လပ်နဲ့ သွားလို့မရဘူး။သွားရင်လည်း လုံခြုံစိတ်ချမှု သိပ်မရှိဘူး။ အဲလိုမျိုးဖြစ်တယ်။ လူနာတွေ၊ အရေးပေါ်ဆေးရုံတင်ရမယ့်လူနာတွေ၊ပြီးတော့ သေဆုံးတဲ့လူနာတွေကို Dead Body ကို ပို့ပေးရမယ့်အချိန်မှာ အဆင့်ဆင့်တင်ပြရတာတွေရှိတယ်။ အချိန်ကြန့်ကြာတာတွေရှိတယ်။ ဥပမာ ညတွင်းချင်း တအားဆိုးရွားတဲ့လူနာတွေကို ဆေးရုံပို့မယ်ဆိုရင် ကျွန်တော်တို့က တခါတည်းသွားလို့ မရဘူး။ လုံခြုံရေးအတွက်ဆိုပြီး ရဲစခန်းကို အကြောင်းကြားရတယ်။ အဲလိုအကြောင်းကြားရတဲ့အခါမှာ ကြန့်ကြာမှုတွေရှိတယ်။”

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့မှာ ဇွန်လ ၂၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၈၃ ဦးရှိနေပြီး သေဆုံးသူ ၁၆ ဦးရှိပါတယ်။ ထန်တလန်မြို့မှာလည်း ပိုးတွေ့ရှိသူ လူနာ ၃၀ ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိ ပါတယ်။ ဟားခါးမြို့မှာလည်း ပိုးတွေ့လူနာ ၄၅ ဦးရှိနေပြီဖြစ်ပါတယ်။ တွန်းဇံမြို့မှာ ဇွန်လ ၂၆ ရက်နေ့အထိ ကိုဗစ် လူနာစုစုပေါင်း ၅၆၂ ဦးတွေ့ရှိပြီး သေဆုံးသူ ၁၇ ဦးရှိပါတယ်။ ဒီအချက်အလက်တွေကို ဒေသခံ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေဆီကနေ RFA က ရရှိတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့နယ်တွေ အပါအဝင် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေကို Stay At Home နေအိမ်မှာတင်နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာလည်း ဇွန်လ ၈ ရက်နေ့က ဇွန်လ ၂၆ ရက်နေ့ညနေပိုင်းအထိ ပိုးတွေ့လူနာ သုံးရာလောက်ရှိနေပြီး ရောဂါကြောင့် သေဆုံးသူ လေးဦးရှိခဲ့တယ်လို့ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီစာရင်းတွေမှာ ဖော်ပြထားပါတယ်။

ပိုးတွေ့လူနာတွေကို ကုသပေးနေတဲ့ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာ နေရာမလုံလောက်တော့တာကြောင့် လားရှိုးမြို့ မိုးလုံလေလုံ အားကစားကွင်းမှာ ပိုးတွေ့လူနာအသစ်တွေ ထပ်မံထားရှိဖို့ ပြင်ဆင်နေပါတယ်။

မနေ့ကစပြီး လားရှိုးမှာလည်း နေအိမ်မှာတင်နေထိုင်ကြဖို့ Stay at home အမိန့် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇွန်လ ၂၂ ရက်နေ့အထိ ပိုးတွေ့ ရှိသူ တစ်သိန်းငါးသောင်းနှစ်ထောင့်သုံးရာငါးဆယ့်ခြောက် ယောက်ရှိပြီး သေဆုံးခဲ့သူတွေကတော့ သုံးထောင့် နှစ်ရာကိုးဆယ်ယောက်ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၆ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၈၃ ဦး၊ သေဆုံးသူ ရှစ်ဦး၊ အတည်ပြု လူနာစုစုပေါင်း ၁၅၂,၃၅၆ ဦး၊ သေဆုံးသူစုစုပေါင်း ၃,၂၉၀ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးကတည်းက ကျန်းမာရေးဝန်ထမ်းတွေဟာ အကြမ်းမဖက်စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှား မှုတွေမှာ ပါဝင်နေကြတာကြောင့် ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေရှိလာ နေတာဖြစ်ပါတယ်။

အစိုးရဆေးရုံတွေမှာ ဆရာဝန်တွေ မလုံလောက်၊ ကိုဗစ်ရောဂါ စစ်ပေးမယ့်သူလည်းမရှိတာကြောင့် ကိုဗစ် ကူးစက်ခံရသူလူနာတွေ့ရှိမှုနှုန်း နည်းနေတာဖြစ်ပြီး အရင်ကလို ပိုစစ်နိုင်ရင် ပိုးတွေ့တဲ့လူနာ ပိုများနိုင်တယ် လို့ ဆရာဝန်တွေက ပြောဆိုနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။