စစ်ကောင်စီကို ထပ်မံပိတ်ဆို့အရေးယူရေး ဇက်ခါရီ အဘူဇာရဲ့ သုံးသပ်ချက်
2023.04.14

ဧပြီလ ၁၁ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူတစ်ရာကျော် အသက်ဆုံးရှုံးခဲ့ရပြီး အဆိုးဝါးဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပေမယ့်၊ အခုအချိန်အထိတော့ ကုလသမဂ္ဂ၊ အနောက်နိုင်ငံအစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန် ပြစ်တင်ရှုတ်ချမှုအချို့ အပြင် ဘာမှ ထူးခြားမှုမရှိသေးပါဘူး။
ဒီပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တရားမျှတမှု မရရှိဘဲ ပြီးဆုံးသွားမယ့် မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု နောက်တစ်မှု ဖြစ်လာမယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ အမေရိကန် နိုင်ငံ ဝါရှင်တန် အမျိုးသား စစ်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ ဇက်ခါရီ အဘူဇာက ဧပြီလ ၁၂ရက်နေ့က RFA ဆောင်းပါးမှာ သုံးသပ်လိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီးကတည်းက လေကြောင်းကနေ အကြိမ် ၆၀၀ ကျော် တိုက်ခိုက်ခဲ့ပါတယ်။ အခုအချိန်မှာ မြန်မာစစ်တပ်ဟာ မြေပြင် တိုက်ခိုက်ရေး တပ်တွေကို ကျယ်ပြန့်တဲ့ နိုင်ငံဧရိယာအနှံ့ ဖြန့်ကျက်ချထားဖို့ မလုပ်နိုင်တော့တဲ့အတွက် ဂျက်တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ပိုပြီး အားကိုးလာရပါတယ်။
ဒါကြောင့် နိုင်ငံတကာက မြန်မာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို တားဆီးဖို့ ကြိုးစားရာမှာ ဒီလေကြောင်း တိုက်ခိုက်မှုတွေ ဆက်မလုပ်နိုင်အောင် ပစ်မှတ်ထား ဆောင်ရွက်ဖို့ လိုတယ်လို့ ဇက်ခါရီ အဘူဇာက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ မြန်မာနိုင်ငံက လေယာဉ်တွေဟာ ပြည်ပက တင်သွင်းတဲ့ လေယာဉ်ဆီကို ၁၀၀ ရာခိုင်နှုန်း မှီခိုနေရတဲ့အတွက် မြန်မာ စစ်တပ်က အရပ်သား ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်လို့ မရတော့အောင် လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်ဖို့ နိုင်ငံတကာက တောင်းဆိုနေခဲ့တာ ကြာပါပြီ။
ပြည်ပက လေယာဉ်ဆီတင်သွင်းပေးနေတဲ့ ကုမ္ပဏီတွေက သူတို့ ရောင်းပေးနေတဲ့ လေယာဉ်ဆီတွေဟာ အရပ်သား လေကြောင်းလိုင်းတွေမှာ အသုံးပြုဖို့လို့ အကြောင်းပြပေမယ့်၊ သီလဝါ ဆိပ်ကမ်းက လေယာဉ်ဆီ သိုလှောင်ကန်တွေထဲကို ရောက်သွားတာနဲ့ မြန်မာစစ်တပ်က ကြိုက်သလို သယ်ယူအသုံးပြုလို့ ရသွားစေတယ်လို့ ထောက်ပြထားပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလက Amnesty International က ထုတ်တဲ့ အစီရင်ခံစာမှာ မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းပေးနေတဲ့ စီးပွားရေး လုပ်ငန်းတွေအကြောင်း အကျယ်တဝင့် ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို အဓိက လေယာဉ်ဆီ တင်သွင်းပေးနေတာက စင်္ကာပူအခြေစိုက် Puma Energy ကုမ္ပဏီ ဖြစ်ပြီး၊ သီလဝါ ဆိပ်ကမ်းမှာ အကြီးစား လေယာဉ်ဆီ သိုလှောင်ကန် တစ်ခုကို တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။
Puma Energy ကုမ္ပဏီဟာ မြန်မာနိုင်ငံအတွက် လေယာဉ်ဆီ တင်သွင်းရာမှာ စစ်တပ်နဲ့ နီးစပ်တဲ့ ဦးဝင်းကျော်ကျော်အောင် ပိုင်ဆိုင်တဲ့ Asia Sun Energy နဲ့ ပူးပေါင်းပြီး၊ Puma Energy Asia Sun ကုမ္ပဏီအနေနဲ့ တင်သွင်းနေပါတယ်။
ဒါ့အပြင် နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ဓာတုလုပ်ငန်းနဲ့ ပူးပေါင်းပြီး National Energy Puma Aviation Services ကိုလည်း တည်ထောင်ထားပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ Puma Energy ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာတော့မယ့်အကြောင်း ကြေညာခဲ့တဲ့နောက်၊ Puma Energy ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို Asia Sun Energy က လွှဲပြောင်းရယူလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ရက်ကတော့ အမေရိကန် အစိုးရဟာ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ အဓိက တင်သွင်းပေးနေတဲ့ Asia Sun Energy နဲ့ Asia Sun Trading Company တွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီဟာ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ မပါသေးတဲ့ Shoon Energy ဆိုတဲ့ ကုမ္ပဏီ နာမည်နဲ့လည်း ဆက်အလုပ်လုပ်နေသေးတယ်လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။
ဒီအတောအတွင်းမှာ လူသိနည်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တစ်ခုကတော့ ရင်းနှီးမြှုပ်နှံမှု နဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန လက်အောက်က ပြည်တွင်း ကုမ္ပဏီတွေရဲ့ ပိုင်ရှင် နဲ့ ရှယ်ယာရှင်တွေကို မှတ်ပုံတင် ဖော်ပြထားတဲ့ Myanmar Companies Online (MyCO) ဒေတာဘေ့စ်ကို ၂၀၂၂ခုနှစ် စက်တင်ဘာမှာ အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့်ပိတ်လိုက်တာပဲ ဖြစ်ပါတယ်။
ထိပ်တန်းစစ်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့ တည်ထောင်ထားတဲ့ ကုမ္ပဏီအသစ်တွေကို နိုင်ငံတကာက လေ့လာစုံစမ်းလို့ မရတော့အောင် အခုလို လုပ်လိုက်တာလို့ ဒေါက်တာ ဇက်ခါရီ အဘူဇာရဲ့ ဆောင်းပါးမှာ သုံးသပ်ဖော်ပြပါတယ်။
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းပေးနေတဲ့ ကုမ္ပဏီတွေဟာ အခုလို နာမည်ခံ ကုမ္ပဏီတွေ အသစ်တည်ထောင်ပြီး ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲလို့ ရနေတဲ့အတွက်၊ နောက်ထပ်နည်းလမ်းတစ်ခုနဲ့ ထပ်ပြီး တားဆီးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
ဒါကတော့ မြန်မာနိုင်ငံကို တင်သွင်းတဲ့ လေယာဉ်ဆီတွေ သယ်ပို့ပေးနေတဲ့ သင်္ဘောလိုင်းတွေနဲ့ ဒီသင်္ဘောလိုင်းတွေအတွက် အာမခံနဲ့ ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူဖို့ ဖြစ်ပါတယ်။
နိုင်ငံတကာ သင်္ဘောလိုင်းတွေမှာ လေယာဉ်ဆီ သယ်ပို့ပေးတဲ့ လုပ်ငန်းဟာ အန္တရာယ်များတဲ့အတွက် protection and indemnity (P&I) လို့ခေါ်တဲ့ အာမခံ မပါဝင်ဘဲ ဆိပ်ကမ်းတွေကနေ ထွက်ခွာခွင့်၊ ဆိပ်ကမ်းကပ်ခွင့် မရှိပါဘူး။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ဟာ ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူတဲ့အနေနဲ့ လောင်စာဆီ သယ်ဆောင်တဲ့ ရုရှားသင်္ဘောတွေကို (P&I) အာမခံ ထုတ်မပေးတော့ဖို့ သတ်မှတ်လိုက်ပါတယ်။
အခုအချိန်မှာ အိမ်နီးချင်း ထိုင်း ဒါမှမဟုတ် အိန္ဒိယနိုင်ငံတွေက ဝိသမလောဘသား ကုမ္ပဏီအချို့ဟာ မြန်မာ စစ်တပ်က အရပ်သား ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်နေတာကို သိလျက်နဲ့ လေယာဉ်ဆီ ရောင်းချဖို့ ကြိုးစားတာရှိနိုင်ပေမယ့်၊ ပို့ဆောင်ပေးတဲ့ နိုင်ငံတကာ သင်္ဘောလိုင်းတွေဟာ ဒီ (P&I) အာမခံ မရှိရင် သီလဝါ ဆိပ်ကမ်းကို ကပ်လို့ရမှာ မဟုတ်ဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။
အခုဆိုရင် ရုရှားဆီတင်သင်္ဘောတွေဟာ အာမခံမရတော့တဲ့နောက်၊ ပိတ်ဆို့အရေးယူမှုတွေကိုရှောင်ဖို့ သင်္ဘောတစ်စင်းကနေ နောက်တစ်စင်းကို လွှဲပြောင်းပြီးတင်ပို့တဲ့ နည်းလမ်းကို သုံးလာကြပေမယ့် ဒီလိုလုပ်ဖို့ စရိတ်စကကြီးမြင့်တဲ့အတွက် တွက်ချေကိုက်ဖို့ မလွယ်တဲ့အကြောင်း ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ရေလမ်းကြောင်းကနေ လေယာဉ်ဆီတင်သွင်းလို့ မရတော့ရင် အိမ်နီးချင်းနိုင်ငံတွေကနေ ကုန်းလမ်းကတစ်ဆင့်တင်သွင်းဖို့ ကြိုးစားမှာ သေချာပါတယ်။
ဒါပေမဲ့လည်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ တင်သွင်းမယ်ဆိုရင် ပဋိပက္ခတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ချင်းပြည်နယ်နဲ့ ရခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တွေကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကနေ တင်သွင်းဖို့ အတွက်ဆိုရင်လည်း ရှမ်းပြည်နယ်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ MNDAA တို့ရဲ့ ထိန်းချုပ်နယ်မြေတွေကို ဖြတ်သန်းရမှာဖြစ်ပြီး၊ ထိုင်းနယ်စပ်က တင်သွင်းဖို့ အတွက်လည်း စစ်တပ်သြဇာခံနယ်ခြားစောင့်တပ်တွေ တိုက်ခိုက်ခံနေရတဲ့ ကရင်ပြည်နယ် မြဝတီလမ်းကြောင်းကို ဖြတ်သန်းရမှာဖြစ်တဲ့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းမဖြစ်နိုင်ဘူးလို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။
ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုဟာ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းမှုတွေကို ပိတ်ဆို့အရေးယူတားဆီးဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြလိုက်တာ ဖြစ်ပြီး၊ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေကို အရေးယူရုံနဲ့ မပြီးဘဲ၊ သယ်ပို့ပေးနေတဲ့ သင်္ဘောလိုင်းတွေနဲ့ အာမခံ ဝန်ဆောင်မှုတွေကိုပါ ပစ်မှတ်ထားအရေးယူနိုင်မှသာ ထိရောက်ပြီး၊ အပြစ်မဲ့ အရပ်သား ပြည်သူတွေရဲ့ အသက်ပေါင်းများစွာအတွက် အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ထားပါတယ်။