"RFA စကားဝိုင်းအနှစ်ချုပ်"
2022.03.07

“ရုရှားရဲ့ကျူးကျော်စစ်၊ ယူကရိန်းရဲ့ ခုခံစစ်နဲ့ နိုင်ငံတကာရဲ့ ရပ်တည်ချက်”
ဒီအပတ် RFA စကားဝိုင်းမှာ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အကျယ်တဝင့် တင်ပြခဲ့ပါတယ်။ ရုရှားရဲ့ကျူးကျော်မှု၊ ယူကရိန်း နိုင်ငံသားတွေရဲ့ ရဲရင့်စွာ ခုခံမှု၊ နိုင်ငံတကာရဲ့ တုံ့ပြန်ကူညီမှုတွေနဲ့ ပတ်သက်ပြီး အောက်စဖို့ဒ်တက္ကသိုလ်ရောက် သုတေသီ ဦးဝင်းမျိုးသူ၊ တောင်သူလယ်သမား အကျိုးဆောင် ဦးဇော်ရန်းနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မသဉ္ဖာရွှန်းလဲ့ရည် တို့ ပါဝင်ဆွေးနွေးခဲ့ကြတဲ့အချက်တချို့ကို အနှစ်ချုပ်အဖြစ် RFA အဖွဲ့သား ဦးခင်မောင်စိုး က အခုလို တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပမှာ အကြီးဆုံးစစ်ပွဲဖြစ်ပါတယ်။ NUG အမျိုးသားညီညွတ်ရေး အစိုးရက အဲဒီကျူးကျော်မှုကို ပြစ်တင်ရှုတ်ချကြောင်း နောက်တနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရုရှားကို ထောက်ခံကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
မတ်လ ၂ ရက်နေ့ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ်အစည်းအဝေးမှာတော့ ရုရှားနိုင်ငံရဲ့ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချပြီး ယူကရိန်းရှိ ရုရှားတပ်တွေကို အမြန်ဆုံး ပြန်ရုပ်သိမ်းဖို့ အဆိုကို ၁၄၁ နိုင်ငံကထောက်ခံပြီး ကန့်ကွက်နိုင်ငံ ၅ နိုင်ငံ ကြားနေနိုင်ငံ ၃၅ နိုင်ငံနဲ့ အတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက်တော့ NUG ရဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ခံမဲပေးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ်တက္ကသိုလ်ရောက် သုတေသီ ဦးဝင်းမျိုးသူက ယူကရိန်းစစ်ပွဲဟာ နိုင်ငံတကာအတွက်အရေးပါတဲ့ စစ်ပွဲဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ဒါက ဒီမိုကရေစီဘက်တော်သားနဲ့ autocracy အာဏာရှင်အုပ်စုတွေ ကြားမှာ ထိပ်တိုက်တွေ့တဲ့ပွဲလို့ ကျနော်တို့ သုံးသပ်တယ်။ ဒါကြောင့် ဒီမိုကရေစီ လိုလားတဲ့သူတွေက ယူကရိန်းစစ်ကို ဆန့်ကျင်ပြီး အားလုံးက စိတ်ပါဝင်စားစွာ စောင့်ကြည့်ကြတာဖြစ်ပါတယ်”
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မသဉ္ဖာရွန်းလဲ့ရည်ကတော့ ယူကရိန်းအစိုးရရဲ့ ပြတ်သားတဲ့ ဦးဆောင်မှုကို သူတို့လူငယ်တွေ အားကျနေတယ်လို့ ပြောပါတယ်။
“ယူကရိန်းက ပြည်သူတွေရဲ့ နိုင်ငံငယ်ပေမဲ့ ကျူးကျော်မှုတွေ အနိုင်ကျင့်မှုတွေ ငြိမ်ခံမနေဘူးဆိုတဲ့ အမြင်ကို ကျမတို့ အမြဲတမ်းရှိတယ်။ အခု စပြီး ဖြစ်ပြီဆိုတဲ့ အချိန်မှာလည်း သေချာတာက ယူကရိန်းသမ္မတက စလို့ပေါ့နော်။ သမ္မတဆိုလည်း အသက် ၄ဝ ကျော်ပဲ ရှိသေးတယ်။ လူငယ်လည်း ဖြစ်တယ်။ တက်ကြွတယ်။ ဒါ့အပြင် နိုင်ငံကိုချစ်စိတ်နဲ့ ယူကရိန်းကနေ မစွန့်ခွာဘဲနဲ့ တိုက်ပွဲဝင်မယ်ဆိုပြီး ခေါင်းဆောင်ကစလို့ ဒီလိုမျိုးသန္နိဌာန်နဲ့ ပြတ်သားစွာ ပြောတဲ့အခါကျတော့ သူ့နောက်ကလိုက်နေတဲ့ ယူကရိန်းပြည်သူတွေလည်း အများကြီး ရှိနေတယ်”
တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းကလည်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးရဲ့ ရပ်တည်ချက်ဟာ ကမ္ဘာတစ်ခုလုံးအတွက် စံပြဖြစ်တယ်လို့ ပြောပါတယ်။
“ဒီလို နိုင်ငံကြီးတွေက ဒေသတခုကို ကျူးကျော်လာတာ များလာပြီ။ ကုလသမဂ္ဂကို အသုံးချပြီးတော့ ဗီတိုအာဏာပိုင်တဲ့ဟာ။ အဲ့ဒီအခါမှာ သူက ဒီဟာကို အေးအေးဆေးဆေးနဲ့ လက်ခံလိုက်မယ်ဆိုရင် ကမ္ဘာကြီးမှာ ဒါက အသားကျသွားပြီး ဒါမျိုးတွေထပ်ဖြစ်လာမှာ ဖြစ်တဲ့အတွက် သူ့ကို အမေရိကန်ပြည်ထောင်စုက ကယ်ထုတ်ဖို့ စီစဉ်ထားတာတောင်မှ “ငါ့ကိုကယ်စရာမလိုဘူး ငါ့ကိုလက်နက်ပေး ငါတို့ ခံချမှရမှာ”ဆိုတော့ ဒါက သူက ကမ္ဘာကြီးအတွက်ကို ပြောလိုက်တာဗျ”
ဦးဝင်းမျိုးသူက နှစ်ဖက်အင်အား သိသိသာသာကွာခြားနေတဲ့ အချက်ကို ထောက်ပြပါတယ်။
“အင်အားမမျှမတ ဖြစ်တဲ့အတွက် တချို့ခေါင်းဆောင်တွေ ကျကောင်း ကျနိုင်မယ်။ သမ္မတ တခုခု ဖြစ်ကောင်းဖြစ်မယ် သို့သော်လည်းပဲ ယူကရိန်း နိုင်ငံရဲ့ တွန်းလှန်မှုက ဆက်ပြီး ရှိနေမယ် ရှင်သန်နေမယ်။ ရုရှားတွေ သူတို့ စီစဉ်နေသလို သူတို့ကြံရွယ်နေသလို မြို့တော်ကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီးသွားတာတောင်မှ ပြောက်ကျားစစ်နဲ့ ပြန်တိုက်နေတာတွေ ရှိလာခဲ့ရင် ရုရှား စစ်တပ်အနေနဲ့ မခံနိုင်လောက်ဘူးလို့ ကျနော်တို့က မှန်းတယ်။ ဒီကိစ္စတခုက ကျန်တဲ့ အာဖဂန်နစ္စတန်တို့ ဗီယက်နမ်တို့နဲ့ မတူတဲ့ ကိစ္စကလည်း တစ်ကမ္ဘာလုံးက ဝိုင်းပြီး စစ်ရေး အကူအညီတွေရော ငွေကြေး အကူအညီတွေရော ကျနော်ထင်တယ်။ နည်းပညာအကူအညီတွေပါ ထောက်ပံ့နေတာ ဖြစ်တဲ့အတွက် ရုရှားအတွက်ကတော့ မြန်မြန် ပွဲသိမ်းအောင် သူတို့မှန်းထားတဲ့ အတိုင်း လုပ်ပြီးတော့ ဘယ်လို နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ထွက်မလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတယ်၊ ရေရှည်မှာတော့ ဘယ်လိုမှ ရုရှားအောင်မြင်နိုင်ဘူးလို့ ကျနော်တော့ သုံးသပ်ပါတယ်။”
ဦးဇော်ရန်း ကလည်း ရေရှည်မှာတော့ ယူကရိန်းပြည်သူတွေ အနိုင်ရမှာပဲလို့ သုံးသပ်ပါတယ်။
“စစ်တိုက်ပြီဆိုရင်တော့ ပါဝါက နှစ်မျိုး ရှိတာပေါ့။ Hard power နဲ့ Soft power ရှိတဲ့အခါကျတော့ Hard Power က မြင်ရတာပေါ့။ နျူကလီးယား ဒုံးပျံတွေအထိ သူက ပိုင်ဆိုင်ထားတာ အများဆုံး အမေရိကထက်တောင် သူက ပိုများသေးတယ်၊ အဲဒီတော့ နောက်ဆုံးမှာ သူက ခြိမ်းခြောက်တာလည်း ဖြစ်မယ်။ တပ်လှန့်တာလဲ ဖြစ်မယ် နျူကလီးယား ဒုံးပျံတွေ မဟာဗျူဟာတပ်ဖွဲ့တွေကို သူက alert ပေးထားတဲ့အထိ ဆိုတော့ တကမ္ဘာလုံးက စိုးရိမ်တာပေါ့ဗျာ။ ဒါပေမယ့် Soft power မှာတော့ သူက ဘယ်လိုမှ သူက အနောက်အုပ်စုနဲ့ တခြားယဉ်ကျေးတဲ့ ကမ္ဘာကြီးကို သူက ဘယ်လိုမှ မယှဉ်နိုင်ဘူး။ Soft power ဆိုတာက ကုန်သွယ်ရေးက အစ နောက်ဆုံး ကလေးကစားစရာ ထုတ်တာကအစ နည်းပညာကအစ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုံးက Soft power ခေါ်တာကိုး။ ဒါနဲ့ပတ်သက်ပြီး သူ့ကို ငွေကြေးစီးဆင်းမှုကို ပိတ်လိုက်တဲ့အတွက် သူ့ဆီက ပစ္စည်းတွေလည်း ပို့လို့မရဘူး။ ငွေလွှဲလို့လည်း မရဘူး။ သူကနေဝယ်သုံးလို့လဲမရဘူး အဲလိုပဲ တခြားနိုင်ငံက ဟာတွေလည်း ဒီတိုင်းဖြစ်မယ်။ နောက်တခုက ကမ္ဘာကြီးက သူ့ကို ဝိုင်းကျဉ်လိုက်တဲ့ဟာက သူဘာပဲပြောပြော သူခံနိုင်ရည် မရှိတော့ဘူး”
ဒီအပတ် RFA စကားဝိုင်းမှာ ဆွေးနွေးခဲ့ကြတာတွေကို အနှစ်ချုပ် တင်ပြခဲ့တာပါ။ အခုနောက်ဆုံးဝင်လာတဲ့ သတင်းတွေအရ ယူကရိန်းနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကိယက်ဖ်မြို့ အနောက်ဖက်မှာ ရုရှားစစ်တပ်က တင့်ကားတွေ နေရာယူနေကြပြီလို့ သိရပါတယ်။ ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံက စွန့်ခွာထွက်ပြေးတဲ့ လူဦးရေဟာ တစ်သန်းခုနှစ်သိန်းကျော်သွားပြီလို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောပါတယ်။