စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတပူတင်တွေ့ဆုံမှု ဘာထူးခြားမလဲ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.09.07
စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတပူတင်တွေ့ဆုံမှု ဘာထူးခြားမလဲ ၂၀၂၂ စက်တင်ဘာလ ၇ ရက်နေ့က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus တွင် ကျင်းပသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)။
Photo: Myanmar Military

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မနေ့က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ တွေ့ဆုံကြပါတယ်။

သမ္မတပူတင်ဘက်က မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတော်အဆင့် ဧည့်သည်တော်တစ်ဦးအနေနဲ့ တွေ့ဆုံတာ မဟုတ်ပါဘူး။ အဲဒီမြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့သူတွေကို တစ်ဦးချင်းတွေ့ဆုံချိန်မှာ ခဏတွေ့တာ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံလည်း အဲဒီလိုပဲ အထီးကျန်နေတဲ့ နိုင်ငံချင်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှု ခိုင်မာအောင်လုပ်ပြီး အပြန်အလှန် အားပေးတာမျိုး တွေ့ရတယ်"

ဒီတွေ့ဆုံမှုဟာ စစ်ခေါင်းဆောင်အတွက် အခွင့်အလမ်းတစ်ခုဖြစ်ခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"ပူတင်နဲ့ နှုတ်ဆက်ခွင့်ရချိန်မှာ လက်အုပ်တွေချီပြီး ခေါင်းဆောင်ကြီး ဘာညာနဲ့ ပြောကြားတာကို ကျွန်တော်တို့ ကြားလိုက်ရပါတယ်။ အဲဒီတော့ သူ့အတွက်တော့ ဒီတစ်ခါ ရုရှားရဲ့ထိပ်ပိုင်းခေါင်းဆောင်နဲ့ တွေ့လိုက်ရတဲ့အတွက် အခွင့်အလမ်းကြီးပေါ့။ အဲဒါကိုလည်း သူက အသုံးချလိုက်တယ်လို့ ကြားပါတယ်။ ဝန်ကြီးချုပ်ပူတင်နဲ့ သူနဲ့ သီးခြားတွေ့ဆုံလိုတဲ့ သဘောထား ဖော်ပြလိုက်တယ်လို့ ဆိုပါတယ်။ ပူတင်က ဘယ်လိုတုံ့ပြန်လဲဆိုတာ စောင့်ကြည့်ရပါမယ်"

သမ္မတပူတင်နဲ့ စစ်ခေါင်းဆောင်တို့ကြား နိုင်ငံတော်အဆင့် တရားဝင်တွေ့ဆုံကြတာ မဟုတ်လို့ ဒီတွေ့ဆုံမှုကနေ ဘာမှသက်ရောက်မှုမရှိနိုင်ဘူးလို့လည်း သူကဆိုပါတယ်။

နောက်ထပ်နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အပစ်ပယ်ခံ နိုင်ငံအချင်းချင်း တွေ့ဆုံမှုလို့ ဝေဖန်ပါတယ်။

"နှစ်နိုင်ငံစလုံး လက်ရှိရင်ဆိုင်နေရတဲ့ အနေအထားက ကျဉ်းထဲကြပ်ထဲရောက်နေတယ်။ ရုရှားဆိုလည်းနိုင်ငံတကာက ဖိအားပေးအရေးယူတာ ရင်ဆိုင်နေရတယ်။ မြန်မာနိုင်ငံလည်း အဲဒီလိုပဲ အထီးကျန်နေတဲ့ နိုင်ငံချင်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှု ခိုင်မာအောင်လုပ်ပြီး အပြန်အလှန် အားပေးတာမျိုး တွေ့ရတယ်"

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်နေတဲ့ "ကမ္ဘာ့ခေါင်းဆောင်" ဖြစ်တယ်လို့ နှစ်ဦးသားတွေ့ချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမွမ်းပြောဆိုခဲ့ပါတယ်။

ဗလာဒီမာပူတင်ဟာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျုးကျော်စစ်ပွဲ ဆင်နွှဲနေသူအဖြစ် နိုင်ငံတကာက ရှုမြင်နေချိန်မှာ မြန်မာစစ်ခေါင်းဆောင်က အခုလို အမွှမ်းတင်ပြောဆိုခဲ့တာပါ။

သူတို့ရဲ့ တွေ့ဆုံချိန်အတွင်း ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ရုရှားသမ္မတပူတင်ကတော့… မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောကြားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ RIA က ရေးသားဖော်ပြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အာဏာမသိမ်းခင်က ရုရှားကို အကြိမ်ကြိမ်သွားရောက်ခဲ့သလို၊ အာဏာသိမ်းပြီးနောက်မှာလည်း သုံးကြိမ်တိုင်တိုင်သွားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာမှ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အခုတစ်ခေါက်ခရီးစဉ်အတွင်းရုရှားနိုင်ငံ အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations) အမှု‌ဆောင်အရာရှိချုပ် Mr- Alexey Likhachev နဲ့‌ တွေ့ဆုံပြီး နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်လမ်းပြမြေပုံ (road map) ရေးဆွဲရေးကိစ္စကို ဆွေးနွေးပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါးထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် အကျိုးရှိစွာ အသုံးချမယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ... စစ်ကောင်စီအိပ်မက်ရှည်ကြီးမက်နေတဲ့ နျူကလီးယားစွမ်းအင်ဟာ သမ္မတပူတင်နဲ့တွေ့ဆုံပြီးချိန်မှာ ပိုနီးကပ်လာတယ်လို့ ဆိုပါတယ်။

"အဏုမြူစွမ်းအင်ကိစ္စရယ်။ အဏုမြူလက်နက်ရယ် မြန်မာနိုင်ငံအနေနဲ့ ကြိုးစားနေတာလည်း ကြာပြီဆိုတော့ အဲဒီမှာ အခုလမ်းစပွင့်သွားတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လာမလဲဆိုတာလည်း စောင့်ကြည့်ရမယ်။

image.jpg
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ဆုံကြစဉ်။ (Photo: Myanmar Military)

စစ်ခေါင်းဆောင်ဟာ ဒီခရီးစဉ်အတွင်း ရုရှားရဲ့ ဖွဲ့စည်းပုံကိုလည်း လေ့လာနေတယ်လို့ သူကဆိုပါတယ်။

"ရုရှားရဲ့ ဖွဲ့စည်းပုံလိုမျိုး အတုခိုးပြီး တံခါးပိတ်ဝါဒကျင့်သုံးမလားဆိုတာလည်း မေးစရာဖြစ်ပါတယ်။ အထူးသဖြင့် မြောက်ကိုးရီးယားကို ဥပမာယူပြီး သူနဲ့ နိုင်ငံရေး စစ်ရေးအရ၊ စီးပွားရေးအရ မဟာမိတ်ဖြစ်နိုင်တဲ့ နိုင်ငံတွေနဲ့ တိုးဆက်ဆံမယ်။ သူတို့ကို ဆန့်ကျင်တဲ့ အနောက်နိုင်ငံတွေကို တန်ပြန်ဆန့်ကျင်မယ့် တံခါးပိတ်ဝါဒ သုံးဖို့ရည်ရွယ်နေလား၊ စဉ်းစားနေလားဆိုတာ မြင်တွေ့နေရတယ် စောင့်လည်းစောင့်ကြည့်ရမယ်"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ငံကတော့ မြန်မာနိုင်ငံမှာ နျူကလီးယား အဏုမြူစွမ်းအင်ထုတ်ဖို့ စစ်ကောင်စီထင်သလို မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

"မြန်မာပြည်နဲ့ အဝေးကြီးပါ။ စစ်အာဏာရှင်တိုင်းပြည်တွေက ဒီမိုကရေစီတိုင်းပြည်တွေရဲ့ ထိုးနှက်မှုကို အကာအကွယ်ရဖို့ အားလုံးက အဏုမြူလက်နက်ရဖို့ ကြိုးစားတာ သဘာဝဖြစ်နေပါပြီ။ သို့သော် မြန်မာပြည်မှာက အဏုမြူ လက်နက်မပြောနဲ့ အဏုမြူလက်နက်စက်ရုံတစ်ခုဆောက်ဖို့ လုံလောက်တဲ့ဘတ်ဂျက်နဲ့ မျှော်မှန်းစရာ အချိန်မရှိပါဘူး။ လေထဲမှာ တိုက်အိမ်ဆောက်နေတဲ့ စိတ်ကူးအိပ်မက်ပါ။ ဘယ်လိုပဲ သဘောတူညီချက်တွေ လုပ်လုပ် မြန်မာပြည်ကတော့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံစာရင်းဝင်ဖို့ဆိုတာ အဝေးကြီးပဲလို့ ကျနော်တော့ သဘောပေါက်တယ်"

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းပြဿနာတွေကို ထိန်းချုပ်နိုင်နေပြီလို့လည်း ဒီတစ်ခေါက်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။ စစ်ကောင်စီဟာ သံတမန်ရေးရာ အထောက်အပံ့နဲ့ စစ်ဘက်ဆိုင်ရာ စက်ကိရိယာပစ္စည်းတွေ ရရှိဖို့ ရုရှားကို အရင်ကထက်ပိုပြီး ချဉ်းကပ်လာတာဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။