စစ်ကောင်စီလက်ထက် ဒုစရိုက်မှုထူပြောလာပြီး လူထုလုံခြုံမှု အကြီးအကျယ် ခြိမ်းခြောက်ခံနေရ

2022.11.18
စစ်ကောင်စီလက်ထက် ဒုစရိုက်မှုထူပြောလာပြီး လူထုလုံခြုံမှု အကြီးအကျယ် ခြိမ်းခြောက်ခံနေရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ရဲ့ ညဘက်မြင်ကွင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ ဖမ်းဆီးနှိပ်ကွပ် ခံနေရချိန်မှာ နိုင်ငံအတွင်း အုပ်စုဖွဲ့ လုယက်မှု၊ လူသတ်မှုနဲ့ ဓားပြမှုတွေ တိုးလာပြီး ကျူးလွန်သူအများစုဟာ ဖမ်းဆီး အရေးယူခြင်း မခံရဘဲ လွတ်မြောက်နေပါတယ်။

ဒုစရိုက်သမားတွေဟာ ရန်ကုန်နဲ့ မန္တလေးလို လူနေထူထပ်တဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာ ပြောင်ပြောင်တင်းတင်း လှုပ်ရှားနေတယ်လို့ ကျူးလွန်ခံရသူတွေက ပြောပါတယ်။ ခိုးဆိုးလုယက်မှုတွေကို ပုံစံမျိုးစုံနဲ့ တွေ့နေရတာပါ။

ဒုစရိုက်သမားတွေက အုပ်စုဖွဲ့လှုပ်ရှားကြတယ်လို့ ရန်ကုန်မြို့က လူစည်ကားတဲ့ ဒညင်းကုန်းကားမှတ်တိုင်မှာ ဘက်စ်ကားစောင့်နေတုန်း နိုဝင်ဘာလ ၁ ရက်က လုယက်ခံလိုက်ရတဲ့ ကိုမျိုးအေးကပြောပါတယ်။

“ကျနော် အဲနေ့က ကျပ်တစ်သိန်းငါးသောင်းခွဲ ပါသွားတာ ဟုတ်တယ်။ လုခံရတာက မကြာလိုက်ဘူးဗျ နှစ်မိနစ်လောက်ပဲ ရှိမှာ၊ အိန္ဒိယ ဆိုင်ကယ် 125 အဝါကျားပေါ့။ ဆိုင်ကယ် မောင်းတဲ့ကောင်က ခပ်ဝဝနဲ့ အသားမဲမဲပေါ့ တအားကြီးလည်း မရှည်ဘူးပေါ့ ၅ ပေ ၃ လက်မ လောက်တော့ရှိမယ်"

မနက် ၈ နာရီဝန်းကျင် ဒညင်းကုန်းမှတ်တိုင်ရဲ့ လူစည်ကားချိန်မှာပဲ ဓားထောက် လုယက်ခံလိုက်ရတာလို့ ကိုမျိုးအေးက ပြောပါတယ်။

အဲဒီနောက်တစ်ရက် နိုဝင်ဘာလ၂ရက် ညနေမှာပဲ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်က သစ္စာအိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီးခံရပြန်ပါတယ်။ ဓားကိုင်ထားတဲ့ လူသုံးဦးက ဆိုင်ရှင်ကို ဓားနဲ့ထိုးပြီး ငွေသားတချို့ အပါအဝင် ဖုန်းနဲ့ ကားကို လုယက်ခဲ့ကြတာပါ။

နိုဝင်ဘာလ ၂ ရက်မှာပဲ မန္တလေးမြို့လမ်းမပေါ်မှာ အုပ်စုဖွဲ့ လုယက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ဆိုင်ကယ်နဲ့ ဆွဲကြိုး လုယက်ခံလိုက်ရတဲ့ မနွယ်နီက လူထုဟာ အကာအကွယ် မဲ့နေပြီလို့ ပြောပါတယ်။

"မျက်နှာချင်းဆိုင်က ဆိုင်ကယ်မောင်းလာပြီးတော့ ဆွဲကြိုးကို ဖြတ်သွားတာ၊ အော်ချိန်တောင် မရလိုက်ဘူးပေါ့၊ အလုခံရတဲ့ အချိန်က မနက်ပိုင်း ဈေးသွားတဲ့ အချိန်၊ လုတဲ့သူတွေက လူငယ်တွေပဲ၊ အုပ်စုဖွဲ့ပြီး လုသွားတာ၊ တကယ်ကြောက်စရာ ကောင်းပါတယ်"

သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေဟာ အုပ်စုဖွဲ့ လုယက်သူတွေရဲ့ ပစ်မှတ် ဖြစ်လာပါတယ်။ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မန္တလေးလမ်းထဲက အသက် ၇၀ အရွယ် အမျိုးသားစာပေဆုရ စာရေးဆရာ တက္ကသိုလ်ကြယ်ပွင့်နဲ့ ဇနီးဖြစ်သူ အငြိမ်းစား ကျောင်းဆရာမတို့ အောက်တိုဘာလ ၃၀ ရက်မှာ သူတို့ နေအိမ်မှာပဲ အနုကြမ်းစီး သတ်ဖြတ်ခံလိုက်ရပါတယ်။

သူတို့နှစ်ဦး အိမ်အပြင်ထွက်တာ မတွေ့တော့လို့ အိမ်နီးချင်တွေက စုံစမ်းရာကနေ နေအိမ်ထဲမှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သိခဲ့ရတာလို့ မင်္ဂလာတောင်ညွှန့်မြို့ခံ ကိုမြင့်ဦးက ပြောပါတယ်။

"နေအိမ်ထဲမှာ သတ်ခံရတာ၊ အင်မတန်မှ နှမြောမိတယ်။ မြန်မာနိုင်ငံရဲ့ တကယ့် စာပေဆုရှင်ကြီးတွေ၊ ဆရာ၊ ဆရာမကြီးတွေ အင်မတန်မှ နှမြောတယ်။ ဒါပေမဲ့ အခုထိ အမှုကို ဆောင်ရွက်ပေးနိုင်တာ မရှိဘူး။ သေသွားတဲ့ လူသာ သေသွားပြီ။ သတ်သွားတဲ့ လူတွေကိုအခုထိ အမှုမဖော်နိုင်သေးဘူး။ တရားဥပဒေ စိုးမိုးချင်တယ်ဆိုရင် သတ်သွားတဲ့သူတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးစေချင်တာပေါ့နော်၊ အခုက တရားဥပဒေ စိုးမိုးမှုကတော့ မင်းမဲ့ တိုင်းပြည်မှာ နေနေရသလိုပဲ"

လမ်းမတွေပေါ်မှာ အုပ်စုဖွဲ့ လုယက်မှုတွေ ကျူးလွန်ရုံတင် မဟုတ်တော့ဘဲ နေအိမ်တွေထဲ အထိ လုယက်အနုကြမ်းစီးပြီး သတ်ဖြတ်တာတွေ ဖြစ်လာတာကြောင့် ဘာလုံခြုံမှုကိုမှ မခံစားရတော့ဘူးလို့ ပြည်သူတွေက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကတော့ စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း အရပ်သားတွေရဲ့ လုံခြုံမှုအခြေအနေဟာ အဆိုးရွားဆုံးကိုရောက်လာတယ်လို့ မှတ်ချက်ပေးပါတယ်။

“ အရပ်သားလုံခြုံမှုကတော့ အများကြီးဆိုးသွားပါတယ်။ တိုင်းပြည်မှာ စီးပွားရေး အခြေအနေ ဆိုးရွားလာတယ်၊ လုံခြုံရေးအခြေအနေ ဆိုးရွားလာတဲ့အတွက်ကြောင့် ရာဇဝတ်မှုတွေ ထူပြောလာလို့ ပြည်သူလူထုတွေ ပိုပြီးဒုက္ခရောက်ရတယ်။ ဥပမာ ဘဏ်ဓားပြတိုက်တဲ့ကိစ္စတွေ နောက်ပြီးတော့ လူသတ်ပြီး လုယက်တဲ့ကိစ္စတွေက အများကြီးပိုများလာတယ်။ ပြည်သူလူထု လုံခြုံရေးနဲ့ပတ်သက်ရင်တော့ အများကြီး အခြေအနေဆိုးသွားတယ်လို့ ပြောလို့ရပါတယ် ”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တရားဥပဒေစိုးမိုးမှု မရှိရင် တိုင်းပြည်သာယာမှာ မဟုတ်သလို ပိုက်ဆံရှိရင်တောင် ငွေထုတ်ပိုက်ပြီး ဘယ်အချိန် လာလုမလဲ စိုးရိမ်နေရမယ်လို့ နိုဝင်ဘာလ ၁ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရ အဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

"အခုက တရားဥပဒေ စိုးမိုးမှုကတော့ မင်းမဲ့ တိုင်းပြည်မှာ နေနေရသလိုပဲ"

သူတို့အနေနဲ့ ဒါကို တရားဥပဒေစိုးမိုးမှု မဆောင်ရွက်နိုင်ရင် တာဝန်မကျေတဲ့ အဖွဲ့အစည်း ဖြစ်မယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဝန်ခံခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက အခုလိုပြောပေမယ့် ရဲတပ်ဖွဲ့ဟာ ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမယ့်အစား အာဏာတည်မြဲရေးကိုပဲ လုပ်နေရတယ်လို့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

“နစကဘက်က ရဲတပ်ဖွဲ့က ရဲလုပ်ငန်းတွေ အားလုံးနီးနီးလောက်က ရပ်ဆိုင်းသွားသလို ဖြစ်တယ် မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေ နောက်တစ်ခါ မှုခင်းဖော်ထုတ် ဖမ်းဆီးရေးလုပ်ငန်းတွေ အရေးယူတဲ့ လုပ်ငန်းတွေ ဒါတွေ မဆောင်ရွက်နိုင်ဘူး။ အမှုခင်းတွေ ဖြစ်လာလို့ သွားတိုင်ရင်လည်း အင်မတန်ကြီးတဲ့ အမှုကြီးတွေပဲ လက်ခံပေးပြီး အဲဒါတွေကလည်း ဖော်ထုတ်ဖို့ တော်တော်ခက်ခက်ခဲခဲ လုပ်နေရတဲ့ အနေထား ဖြစ်တယ်။ ရဲတပ်ဖွဲ့က သူ့ရဲ့ ပင်မ လုပ်ငန်းတာဝန်တွေ မလုပ်နိုင်ဘူး ပြောရမယ်ဆိုရင် သူကလည်းပဲ တစ်ဘက်မှာ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ PDF နဲ့ NUG နှိမ်နှင်းရေးကိုပဲ ဇောက်ချ လုပ်နေရတော့ ဒီဘက်ကို အားနည်းသွားတယ်။ အခြေနေက ပေါင်းစုံသွားတဲ့အခါမှာ ဒီလိုမျိုး မလုံမခြုံ မတည်မငြိမ်တွေ ဥပဒေမဲ့ ကိစ္စတွေ ပေါ်လာတယ်လို့ပဲ ပြောရမှာပေါ့”

ပြည်သူလူထု အသက်အိုးအိမ်လုံခြုံမှု အကြီးအကျယ် ခြိမ်းခြောက်ခံလာရတာဟာ စစ်ကောင်စီကြောင့်လို့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘိုဘိုဦးက ဝေဖန်ပါတယ်။

crime rate
၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဓားပြတိုက်ခံရသည့် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာရှိ ပထမထပ်တိုက်နေအိမ်ကို တွေ့ရစဥ် (Photo: Citizen Journalist)

"လူထုအတွက်ကို ဥပဒေ အကြောင်းအရ အကာကွယ်ပေးမှုတွေ ယိုယွင်းသွားတယ်။ လူတစ်ဦးချင်းစီရဲ့ လုံခြုံရေးကလည်း စိတ်မချရတဲ့ အနေအထားကို ရောက်သွားတယ်။ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ လူတွေကို ဖမ်းချင်တိုင်း ဖမ်းဆီးနေတော့၊ သတ်ချင်တိုင်း သတ်နေတဲ့ အခြေအနေတစ်ရပ်မှာ အခုလို ယိုယွင်းသွားတာ မဆန်းဘူးလို့ ပြောချင်တယ်။ ဒီကိစ္စတွေ အားလုံးဟာ စစ်ကောင်စီခေါင်းဆောင်မှာ တာဝန်အရှိဆုံးလို့ ပြောချင်တယ်။ တိုင်းပြည်ကို အာဏာလုထားတဲ့ လူ ကိုယ်တိုင်ကိုယ်က စနစ်မရှိဘူး၊ စည်းကမ်းမရှိတော့ဘူး၊ ကိုယ်ကျင့်တရားတွေ ပျက်ယွင်းသွားချိန်မှာ ဒီလိုမျိုးအလားတူ အမှုပေါင်းမြောက်များစွာက များစွာ ပေါ်ပေါက်လာပြီး၊ စစ်ကောင်စီက မထိန်းချုပ်နိုင်တော့ဘူးပေါ့"

အခုလို ဒုစရိုက်မှုတွေများလာတာဟာ ခိုးဆိုးလုယက်မှုတွေနဲ့ အကျဉ်းကျခံနေရသူတွေကို စစ်အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့လို့ဖြစ်တယ်လို့ ပြည်သူတွေက ထောက်ပြပါတယ်။

ခိုးဆိုးလုယက်မှုတွေကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသား အများအပြားဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေကနေ ပြန်လည် လွတ်မြောက်လာကြပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်အထိ အကျဉ်းသား ၆၂၈၆၅ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။ ISP- Myanmar အပါအဝင် သုတေသန အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသား ၅၂၆၈ ဦးသာ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။