လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ၁၅ ဦးသေ

RFA Burmese
2023.09.10
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ၁၅ ဦးသေ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
KNU

လက်နက်ကိုင် ခုခံတိုက်ခိုက်မှု ပြင်းထန်နေတဲ့ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ စစ်ကောင်စီတပ်က လူနေရပ်ကွက်၊ ကျေးရွာတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့တိုင်းလုပ်နေပါတယ်။

RFA ကပြုစုထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာ ၃ ရက်ကနေ ၉ ရက်နေ့အထိ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလဆန်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မန္တလေးတိုင်းတွေအတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့လယ်ကလည်း စစ်ကောင်စီတပ်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

စက်တင်ဘာ ၉ ရက် မနေ့ည ၁၀ နာရီဝန်းကျင်ကတော့ ဒေါ့ဖုန်းယန်မြို့ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျောင်းဆရာမနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆရာမနှစ်ယောက်တော့ ထိသွားတာ ဟုတ်တယ်။ မနေ့က ည ၁၀ နာရီ ပတ်ဝန်းကျင်က ထိတာ။ လက်နက်ကြီး ကွဲပြီး ဆရာမနှစ်ယောက် ထိတာ။ ဒေါ့ဖုန်းယန် အထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေနေတဲ့ အိမ်မှာဖြစ်တာ။ ကျောင်းမှာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တာ လေးရက်ရှိနေပြီ။ ခယာဘွမ်တောင်မှာ တော်တော်လေး ဖြစ်နေကြတာ။ (ခြေလျင်တပ်ရင်း - ခလရ) ၁၂၄ ကို တအားပစ်ခံရတော့ အဲဒီကနေ ပြန်ပစ်တော့ လူတွေထိတာ။ ခယာဘွမ်တောင်မှာ တော်တော်လေး ပစ်နေကြတာ၊ လေးရက်ရှိနေပြီ"

အသက် သုံးဆယ်ကျော်အရွယ် အလယ်တန်းပြဆရာမ ဒေါ်ခင်သန်းဝေနဲ့ မူလတန်းပြ ဆရာမ ဒေါ်အေးချမ်းဖြိုးတို့ရဲ့ လက်၊ ပခုံးနဲ့ ဦးခေါင်းတို့မှာ လက်နက်ကြီးအပိုင်းအစ ထိမှန်ခဲ့တာလို့ သူက ပြောပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက တိုက်ပွဲအခြေအနေကို မသိပေမယ့် အခုလို အရပ်သားထိခိုက်မှုတွေကို ကူညီသွားမယ်လို့ RFA ကို ဒီကနေ့ ပြောပါတယ်။

“သတင်းတော့ ကျွန်တော်တို့ဆီ မရောက်သေးဘူးဗျ။ ကျွန်တော်တို့ကတော့ အစိုးရက အကြိမ်ကြိမ် ပြောထားတာ ရှိပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ကိုယ့်ပြည်သူတွေ ဖြစ်တဲ့အတွက် ဆေးကုဖို့ရယ်၊ ဆေးကုသစရိတ်ရယ်၊ နောက်သူနဲ့ တခြားလိုတဲ့ ကိစ္စတွေကို လှမ်းစုံစမ်းတယ်၊ လှမ်းထောက်ပံ့ပေးတယ်။ ဒါလေးတွေကိုတော့ ကျွန်တော်တို့ လုပ်ပါတယ်”

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာလည်း စက်တင်ဘာ ၉ ရက် မနေ့က တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက္ကူးရွာနဲ့ မဒေါင်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းတွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: KNU)
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းတွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: KNU)

“ရေတပ်နဲ့ ပစ်ခတ်မှုဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာကျတော့ လက္ကူးရွာထဲမှာ PDF တွေ ရှိတယ်ဆိုပြီးတော့ ပုလော (ခြေလျင်တပ်ရင်း - ခလရ) ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ထောင်း (ပစ်) တာပေါ့။ လက္ကူးရွာထဲကိုကျတဲ့ဟာလည်းရှိတယ်။ မဒေါင်းရွာထဲကို ကျတဲ့ဟာလည်းရှိတယ်။ အရပ်သားပြည်သူ တစ်ဦးသေဆုံးတယ်။ ကျန်တဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာ ရတာပေါ့ခင်ဗျ”

သေဆုံးသူဟာ လက္ကူးရွာက အသက်နှစ်ဆယ် ဝန်းကျင်အရွယ် ကိုမြတ်ဖြိုးဝေဖြစ်ပြီး ဝမ်းဗိုက်ကို လက်နက်ကြီးအစ ထိမှန်သေဆုံးခဲ့တာလို့ သူက ပြောပါတယ်။

လက္ကူးရွာက အသက်ရှစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ မိခင် ဒေါ်ခင်အေး၊ အဲဒီကလေးရဲ့ အဒေါ်ဖြစ်သူနဲ့ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မဒေါင်ရွာမှာတော့ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်က လေးအိမ်စုရွာကို မနေ့မနက်က လက်နက်ကြီးကျည် ကျရောက်ပြီး အသက် ငါးနှစ်အရွယ် ကလေးတစ်ဦးနဲ့ ဖခင်ဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"၉ ရက်နေ့ ၉ လပိုင်းပေါ့နော်။ မနက်ခင်း ၁၀ နာရီခွဲ အချိန်မှာ ဖြစ်သွားပါတယ်။ စစ်ကောင်စီ တပ်တွေက အုတ်ဖြတ်တံတားထိပ်မှာ သူတို့က အထိုင်ချပြီးတော့ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပြီးလှမ်းထုပါတယ်။ အဲဒီအချိန်မှာ ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လေးအိမ်စုရွာကို လက်နက်ကြီးကျပြီးတော့ သားအဖနှစ်ဦး သေဆုံးသွားပါတယ်။ ကလေးကငါးနှစ်၊ အဖေဖြစ်သူက ၃၇ နှစ်ပါ။ အဖေက ဆီးခုံကို ထိမှန်တယ်။ ကလေးဖြစ်သူက နဖူးတည့်တည့်ကို ထိမှန်ပြီး သေဆုံးသွားပါတယ်"

အသက်ငါးနှစ်အရွယ် မောင်ပိုင်ချစ်သော်နဲ့ သူ့ရဲ့အဖေဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဦးစိုးလင်းတို့ သေဆုံးခဲ့ရတာလို့ သူက ပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် လေးအိမ်စုရွာက ဒေသခံတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက စစ်ကောင်စီ ပြောခွင့်ရသူတွေကို RFA ကဖုန်းခေါ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

"မဒေါင်းရွာထဲကို ကျတဲ့ဟာလည်းရှိတယ်။ အရပ်သားပြည်သူ တစ်ဦးသေဆုံးတယ်။"

အရပ်သားထိခိုက်သေဆုံးမှု အများဆုံးက ပဲခူးတိုင်းဖြစ်ပြီး အရပ်သား ခြောက်ဦးသေပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တာပါ။ ဒုတိယက ကရင်ပြည်နယ်ဖြစ်ပြီး အရပ်သား ခြောက်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ အချိန်မီ မတားဆီးနိုင်ရင် အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်ဖြစ်နေအုံးမယ်လို့လည်း သုံးသပ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် လူဦးရေ ၁ ဒသမ ၅ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂမှာ ပြောထားပါတယ်။ ဒီအတွက် စစ်ကောင်စီကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးဖို့ ဇွန် ၃၀ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ ရှစ်လအတွင်း နိုင်ငံတစ်ဝန်းမှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄၆၂ ဦး သေဆုံးပြီး၊ ၈၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။