ဧရာဝတီတိုင်းမှာ လူငယ်တွေစစ်မှုထမ်းဖို့ ခြိမ်းခြောက် ဖိအားပေးခံနေရ

RFA Burmese
2024.03.29
ဧရာဝတီတိုင်းမှာ လူငယ်တွေစစ်မှုထမ်းဖို့ ခြိမ်းခြောက် ဖိအားပေးခံနေရ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်။
Myanmar Military

ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၂၁ မြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရပြီး သေဆုံးမှု၊ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ စစ်မှုထမ်းဥပဒေနောက်ဆက်တွဲ လာဘ်စားမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နယ် ၂၆ မြို့နယ်နဲ့ လူဦးရေ ခြောက်သန်းကျော်ရှိတဲ့ ဧရာဝတီတိုင်းဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်မဝင်ခင်ကတည်းက စစ်မှုထမ်းဖို့ အစောဆုံး ဖိအားပေးခံရတဲ့ဒေသဖြစ်ပါတယ်။

"ထွက်ပြေးရင် နောက်ကကျန်ခဲ့တဲ့ မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတဲ့ဟာတွေကလည်း ပြောနေကြတယ်"

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကျမှ အသက်သွင်း အကောင်အထည်ဖော်လာပေမယ့် ဧရာဝတီတိုင်းမှာတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက မြို့ပေါ်နဲ့ ကျေးလက်နေ ပြည်သူတွေကို အာဏာပိုင်တွေက အဓမ္မလူစုပြီး စစ်သင်တန်းတက်ခိုင်းခဲ့တာပါ။

မတ်လထဲမှာတော့ ရပ်ကျေးတာဝန်ရှိသူတွေကိုယ်တိုင် လူငယ်တွေကို စစ်မှုထမ်းဖို့ စာရင်းကောက်တာ၊ မဲနှိုက်ရွေးချယ်တာတွေ လုပ်လာတဲ့အတွက် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့် မြို့နယ်၊ ရေတွင်းချောင်ရွာက မဲပေါက်တဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦး မတ်လ ၁၇ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။

ကြံခင်းမြို့တွက် စစ်မှုထမ်းကိစ္စ မကျေနပ်ကြောင်း ပြောသဖြင့် စစ်ကောင်စီမှ သတ်ဖြတ်ခဲ့သည့် ဦးသန်းထွန်းအေး၏ ရုပ်အလောင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ -မေတ္တာမွန် လူမှုကူညီရေးပရဟိတအဖွဲ့ ရွှေတောင်စုရပ်ကွက် ကြံခင်းမြို့)
ကြံခင်းမြို့တွက် စစ်မှုထမ်းကိစ္စ မကျေနပ်ကြောင်း ပြောသဖြင့် စစ်ကောင်စီမှ သတ်ဖြတ်ခဲ့သည့် ဦးသန်းထွန်းအေး၏ ရုပ်အလောင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ -မေတ္တာမွန် လူမှုကူညီရေးပရဟိတအဖွဲ့ ရွှေတောင်စုရပ်ကွက် ကြံခင်းမြို့)

မတ်လ ၂၀ ရက်နေ့မှာလည်း စစ်မှူထမ်းဥပဒေကိစ္စ ဝေဖန်ပြောဆိုခဲ့တဲ့ ကြံခင်းမြို့က အသက် ၅၅ နှစ်အရွယ် ဦးသန်းထွန်းအေးဟာ ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်းမှာပဲ နှိက်စက်ညှဉ်းပန်းမှုတွေကြောင့် ကြံခင်းမြို့ ရဲစခန်းမှာ သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်မှုထမ်းဖို့ မဲစာရင်းတွေ လိုက်ကောက်တယ်။ ဒီ ဦးသန်းထွန်းအေး သူကတော့ ရိုးရိုး ဆိုက်ကားနင်းတယ်။ စစ်မှုမထမ်းနိုင်ဘူး၊ ဘာညာ အဲလိုမျိုးလေးတွေ ပြောမှာပေါ့နော် ဒီတပ်ဘက်ကို။ ပြောတဲ့အခါမှာ ဘေးက သတင်းပေးတစ်ဦးကနေပြီးတော့ တိုင်လိုက်လို့ ချက်ချင်းလာဖမ်းပြီးတော့ နာရီပိုင်းပဲ ကြာမယ်၊ သေဆုံးသွားတယ်လို့ သိရတယ်"

ဒီလိုကိစ္စတွေ ဖြစ်ခဲ့ပေမယ့်လည်း ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ဦးစီး ဗိုလ်မှူးကြီး စိုးစိုင်းအောင်တို့ကိုယ်တိုင် မတ်လ ၁၇ ရက်ကနေ ၂၃ ရက်နေ့အတွင်း ပုသိမ်၊ မြန်အောင်၊ ကန်ကြီးထောင့်၊ ငပုတောနဲ့ ဟင်္သာတ အပါအဝင် မြို့နယ် ၂၁ မြို့နယ်မှာ စစ်မှုထမ်းဖို့ ကွင်းဆင်းစည်းရုံးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။

၂၆ မြို့နယ်ရှိတဲ့အနက် ၂၁ မြို့နယ်က ပြည်သူတွေ စစ်မှုထမ်းဖို့ စည်းရုံးခံနေရ၊ ဖိအားပေးခံနေရတာပါ။ ဒါဟာ ဧရာဝတီတိုင်း ဧရိယာစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။

ဟင်္သာတမြို့မှာတော့ စစ်မှုထမ်းဖို့ မဲပေါက်သူတွေ ထွက်ပြေးရင် မိသားစုကိုအရေးယူမယ်ဆိုပြီး အာဏာပိုင်တွေက ခြိမ်းခြောက်နေတာကြောင့် စိတ်ဒုက္ခရောက်နေရတယ်လို့ စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

"အဲလိုထွက်ပြေးရင် နောက်ကကျန်ခဲ့တဲ့ မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတဲ့ဟာတွေကလည်း ပြောနေကြတယ်။ မိသားစုကို ဒုက္ခရောက်အောင်လုပ်မယ်တို့၊ ဘာတို့က အဲဒါတွေလည်း အများကြီးရှိပါတယ်။ လုံးဝကို ကျဥ်းထဲကျပ်ထဲရောက်နေတာ။ မထွက်သာဘူး ဖြစ်နေတာ။ ဘာမှကိုလုပ်လို့လည်း မရဘူး။ ဒီစိတ်ကြီးနဲ့ပဲ နေနေရတော့"

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ရှိသူတစ်ဦးက ချက်ချင်းသင်တန်းခေါ်၊ ချက်ချင်းရှေ့တန်းပို့မှာ မဟုတ်တဲ့အတွက် ပြည်သူတွေ စိုးရိမ်စရာမလိုဘူးလို့ ပြောပါတယ်။

"အခုခေါ် အခု သင်တန်းတက်၊ အခု စစ်ဆင်ရေးလွှတ်တာလည်း မဟုတ်ဘူး။ အင်အားဆိုတာလည်း ခုနက ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့ဟာကလည်း တစ်ရွာမှတစ်ယောက်လောက်ပဲရှိတဲ့ အနေအထားလေးတွေပါ။ ဒါလေးတွေကို ပြည်သူတွေက မစိုးရိမ်ကြပါနဲ့၊ သတင်းတွေကို ဘက်ပေါင်းစုံက နားထောင်ပြီးတော့ မရှင်းလင်းရင် ကိုယ့်ရဲ့ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်ပေါ့ အဆင့်ဆင့်ကို မေးမြန်းလို့ရပါတယ်"

ဒီအခြေအနေတွေကြောင့်ပဲ ဧရာဝတီတိုင်း ရေကြည်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးရဲ့ နေအိမ် မတ်လ ၁၉ ရက်ညက မီးကွင်းနဲ့ အပစ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရေကြည်ဘက်မှာတော့ ဟိုးတစ်နေ့က အိမ်ပါမီးရှို့တယ်၊ အုပ်ချုပ်ရေးမှူး အိမ်တဲ့။ ခေါင်းရင်းဘက်ခြမ်း တော်တော်လောင်သွားတယ်။ အဝတ်နဲ့ ရေနံဆီနဲ့ပတ်ပြီး လှမ်းပစ်လိုက်တာ။ လမ်းဖြတ်သွားရင်းနဲ့ ကားပေါ်ကနေ လှမ်းတွေ့လို့ မေးကြည့်တာ။ မြို့ထဲတင်၊ လမ်းဘေးတင် မီးလောင်ထားတဲ့ အရာကြီးတွေ့လို့“

အင်္ဂပူမြို့နယ် သက်ကယ်တန်းကျေးရွာအုပ်စုမှာတော့ စစ်မှုထမ်းခွင့် ကင်းလွတ်တဲ့ တက္ကသိုလ် ကျောင်းသားတွေကိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မဲနှိုက်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲပေါက်ပြီး စစ်မှုမထမ်းလိုသူတွေကို အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို ကျပ် ငါးသောင်း၊ ခြောက်သောင်းကနေ သိန်းဂဏန်းထိ တောင်းယူနေတာကြောင့် ရွေးချယ်စရာ နည်းလမ်းမရှိဘဲ ဒုက္ခမျိုးစုံ ခံစားနေရတယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဧရာဝတီတိုင်း ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး တာဝန်ရှိသူကတော့ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး ရပ်ကျေးတာဝန်ရှိသူတွေ လာဘ်ဘ်စားရင် တရားဝင်ထုတ်ပြန်ထားတဲ့ ဖုန်းနံပါတ်တွေကတစ်ဆင့် တိုင်ကြားနိုင်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။