ကန့်ဘလူ ဇီးကုန်းမြို့မှာ စစ်မှုထမ်းအတွက် လူနှစ်ရာနီးပါး ဖမ်းဆီးခံရ
2025.02.10

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ စစ်ကောင်စီတပ်က လူ နှစ်ရာနီးပါး ဖမ်းထားတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းက ကားခြောက်စီးနဲ့ မြို့ထဲဝင်လာပြီး တွေ့သမျှလူငယ်တွေကို ဖမ်းသွားတာလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"တွေ့တဲ့လူငယ်မှန်သမျှ အကုန်ဂုတ်ဆွဲတင်တာပဲ။ လူကြီးတွေလည်း အကုန်လုံး ဂုတ်ဆွဲတင်တာပဲ။ ပြီးကျတော့ မျက်လုံးတစ်ဖက်ဖြစ်တဲ့ လူမျိုးတွေ၊ ခြေထောက် မသန်စွမ်းတာတို့၊ ရောဂါသည်လေးတွေ အဲဒါမျိုးကို သူတို့က ပြန်ပြီးတော့ ကားပေါ်ကနေ ချပေးထားခဲ့တယ်။ ကျန်တဲ့လူတွေ အကုန်ဆွဲတာပဲ။ မိန်းကလေးကအစ ပြေးရင်ဆွဲတာပေါ့ဗျာ"
အဲဒီနေ့ တစ်ရက်တည်းမှာတင် စျေးထဲနဲ့ ရန်နိုင်အေးရပ်ကွက်ထဲမှာ လူပေါင်း ခုနစ်ဆယ်လောက် အဖမ်းခံရတယ်လို့ ပြောပါတယ်။ နောက်ရက်တွေမှာလည်း ချမ်းအေးရပ်ကွက်၊ ရန်ကြီးအောင်ရပ်ကွက်၊ အောင်သိဒ္ဒိနဲ့ နဂါးပေါ်ရပ်ကွက်တွေမှာ ဖမ်းသွားတယ်လို့ ပြောပါတယ်။ သူတို့ကို ဇီးကုန်းနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ ဝက်သိုးဂိတ်စခန်းမှာ ခဏထားပြီး ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းကို ပို့လိုက်တယ်လို့ ပြောပါတယ်။
"သူတို့ ရည်ရွယ်ချက်ရှိရှိကတော့ သုံးရာကျော်အထိ မှန်းထားတယ်တဲ့။ စစ်သား စုဆောင်းရေးပေါ့"
ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးတဲ့သူ အများဆုံးရှိတဲ့မြို့ဖြစ်နေတဲ့အတွက် အငြှိုးနဲ့ဖမ်းနေတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"သူတို့ ရည်ရွယ်ချက်ရှိရှိကတော့ သုံးရာကျော်အထိ မှန်းထားတယ်တဲ့။ စစ်သား စုဆောင်းရေးပေါ့။ အငြှိုးဆို ဇီးကုန်းမြို့က အရင်ထဲက အနီများတယ်ဗျာ။ ရည်ရွယ်ချက်ရှိမှာပေါ့"
စစ်ကောင်စီကားတွေ ရောက်လာကတည်းက လူငယ်အများစုက တိမ်းရှောင်နေကြပါတယ်။ ထွက်မပြေးဘဲ ကျန်နေတဲ့လူငယ်တွေနဲ့ ရွာတွေကနေ စျေးလာဝယ်တဲ့ လူငယ်အများစု အဖမ်းခံလိုက်ရတာလို့ ပြောကြပါတယ်။
ဆက်နွှယ်သော သတင်းများ
“စစ်မှုထမ်းဥပဒေနဲ့ ဆိုးဝါးလာတဲ့ ပြည်သူတွေရဲ့ဒုက္ခ”
လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းပြီး စစ်မှုထမ်းဖို့ စုဆောင်းတဲ့ဖြစ်ရပ် ပိုများလာ
စစ်မှုထမ်းတပ်သားသစ်တွေ စစ်ရာဇဝတ်မှုကျူးလွန်ဖို့ စေခိုင်းခံနေရ
အခုဆို လူငယ်တွေဟာ ထိတ်ထိတ်လန့်လန့် နေရတယ်လို့ ထွက်ပြေးလာတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
"ဘယ်လိုဖမ်းကြဦးမလဲ၊ ဘယ်လိုပြေးကြဦးမလဲဆိုတဲ့ အတွေးတွေတော့ရှိတယ်။ နောက်ပြီးတော့ ကိုယ်ဒီကနေပြီးတော့မှ ကားထွက်လာတယ်။ ဒီကနေ စစ်ကြောင်းထွက်လာတယ် ဆိုတဲ့သတင်းတွေကလည်း နေစဉ်နဲ့အမျှ ကြားပြီးတော့ တစ်ယောက်စကား တစ်ယောက်နား အမြဲဖုန်းတွေ တဂွမ်ဂွမ်လာပြီးတော့ ကြောက်လန့်နေကြတဲ့ အခြေအနေမျိုးတွေတော့ရှိတယ်"
စစ်ကောင်စီတပ်က ဖမ်းမှာကိုစိုးရိမ်ပြီး ဇီးကုန်းမြို့ကနေ မိသားစုလိုက် ထွက်ပြေးလာတဲ့သူတစ်ဦးကလည်း လက်ရှိအချိန်မှာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ အခက်အခဲကတော့ မလွယ်ပါဘူးဗျာ။ တောထဲတောင်ထဲမှာ အကုန်လုံး အစားပြတ်၊ အနေပြတ်လို ဖြစ်နေတာပါ။ မရှောင်ခင်တုန်းကလည်း အသဲတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ဘယ်နေ့များ ဘယ်လိုဖြစ်မှာလဲ ဆိုပြီးတော့ မိသားစုတွေနဲ့ ကလေးတွေနဲ့ အဘွားကြီးအိုတွေနဲ့ ကျွန်တော် တိမ်းရှောင်နေရတာ"
မြို့ထဲမှာဆက်နေရင် မလုံခြုံတဲ့အတွက် ထွက်ပြေးခဲ့ရတာ ဆယ်ရက်လောက်ရှိနေပြီလို့ ပြောပါတယ်။
ဇီးကုန်းတောင်ဘက်ခြမ်းကို ထွက်ပြေးလာသူက နှစ်ရာလောက်ရှိပြီး မြောက်ဘက်ခြမ်းကို ပြေးလာတဲ့လူ ငါးရာလောက်ရှိနေတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီတပ်က မြို့ထွက်ပေါက်တွေကို ပိတ်ဆို့ဖမ်းဆီးနေတဲ့အတွက် ထွက်ပြေးလာခဲ့ရတယ်လို့ ဇီးကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။
"မြို့ပေါက်တွေ အကုန်ပိတ်ထားတယ်ဗျ။ ကျွန်တော်တို့ လွတ်တဲ့နေရာကနေ ထွက်ပြေးလာတာဗျ။ ကျွန်တော်တို့ ဆင်းဆင်းရဲရဲနဲ့ တောထဲမှာ အိပ်ရတယ်ဗျာ။ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့တော့ နေချင်တာပေါ့။ မိန်းမသားတွေရော၊ ယောက်ျားလေးတွေရော အရူးတစ်ပိုင်းဖြစ်ပြီးတော့ ကြောက်ပြီးပြေးရတာပဲဗျာ။ ဟိုပြေးဒီပြေး လွတ်တဲ့နေရာ။ ထောင်နဲ့ချီလောက်တော့ ရှိတယ်ဗျ"
ဒီလို အခြေအနေတွေကြောင့် မြို့မှာတိတ်ဆိတ်ခြောက်ကပ်သွားတယ်လို့ ဇီးကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။
"လုံးဝမြို့လန့်ပြီးတော့၊ လုံးဝမြို့က ပြောင်သလင်းခါသလိုမျိုး ဖြစ်နေတယ်။ အိမ်ဆိုင်ဖွင့်သူတွေ တခြားစတိုးဆိုင်တွေ တော်တော်များများမှာ မဖွင့်တဲ့ဆိုင်က တစ်ရာမှာဆိုရင် ကိုးဆယ်လောက်ပါတယ်ဗျ။ အကုန်ပိတ် ချိတ်ပြီးတော့မှပဲ ထားကြတာဗျ"
ဇီးကုန်းမြို့မှာ အခုလို အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရတာ ပထမဆုံးအကြိမ်လို့ ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
မနှစ်ကစတင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဟာ အမှတ်စဉ် (၉) အထိရောက်နေပြီး အင်အား ၅ သောင်းကျော် စုခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။