“စစ်မှုထမ်းဥပဒေနဲ့ ဆိုးဝါးလာတဲ့ ပြည်သူတွေရဲ့ဒုက္ခ”
2025.02.07
၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှာ အသက်သွင်းလိုက်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်ချိန်ဟာ လူငယ်အမျိုးသားတွေတင်မကဘဲ အမျိုးသမီးတွေအတွက်ပါ ရတက်မအေးစရာ ပြဿနာ ဖြစ်လာပါတယ်။ ၂ဝ၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူစုစုပေါင်း ၁၄ သန်း ရှိတယ်လို့ စစ်ကောင်စီက ကြေညာထားပြီး အခု စစ်မှုထမ်းအပတ်စဉ် (၉) အထိဆိုရင် လူပေါင်း ၄၅,ဝဝဝ ရှိခဲ့ပါတယ်။ ဒီလူငယ်တွေထဲမှာ ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးကြသူတွေ၊ တော်လှန်ရေးအဖွဲ့တွေဆီ ပူးပေါင်းသွားကြသူတွေနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရသူတွေ၊ တိုက်ပွဲတွေမှာ အသက်ဆုံးရှုံးလိုက်ရသူတွေ မနည်းပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့စစ်မှုထမ်းဥပဒေ နောက်ဆက်တွဲနည်းဥပဒေဟာလည်း စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကို အတင်းအကျပ် တိုက်ပွဲတွေဆီ တွန်းပို့ဖို့ ရည်ရွယ်ထားတာ တွေ့ရတယ်လို့ သုံးသပ်ကြပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေ ဘယ်လောက်အကျပ်အတည်းကြုံနေရလဲ၊ လူ့အခွင့်အရေးရှုထောင့်အပြင် နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဘယ်လောက်သွေဖယ်နေလဲ ဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ စစ်မှုထမ်းအပတ်စဉ် (၅) သင်တန်းဆင်းတစ်ယောက်ဖြစ်တဲ့ ကိုပြည့်စုံ(အမည်လွှဲ)၊ တကသ ကျောင်းသားဟောင်းများအင်အားစု တာဝန်ခံ ကိုနန်းလင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးနဲ့ အညာဒေသမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ လူငယ်အမျိုးသမီး မခရစ္စတင်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။