စစ်မှုထမ်းဥပဒေ စတင်ပြီးနောက် အုပ်ချုပ်ရေးမှူး ၁၇ ဦး အသတ်ခံရ

RFA Burmese
1924.03.26
စစ်မှုထမ်းဥပဒေ စတင်ပြီးနောက် အုပ်ချုပ်ရေးမှူး ၁၇ ဦး အသတ်ခံရ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းတို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်။
Myanmar Military

[Update: 6:39 PM, March 26, 2024]

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်ကနေ မတ်လ ၂၆ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းမှာ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် ပတ်သက်ဆက်နွယ်သူ ၁၇ ဦး သတ်ဖြတ်ခံရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူတွေဟာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူးတွေ ဖြစ်ပါတယ်။

"ကျွန်တော်တို့က စစ်တပ်အလိုကျ လိုက်လုပ်တဲ့သူကို အပြစ်ပေးအရေးယူမယ်လို့ ထုတ်ပြန်ထားတာ"

အစောဆုံးဖြစ်ရပ်ကတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ရှင်းသပြေပင် ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း အသတ်ခံရတာပါ။ ဦးနန်းဝင်းဟာ ဒေသခံတွေကို စစ်မှုထမ်းဖို့ အဓမ္မ ဖိအားပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီနောက် မတ်လ ၁၈ ရက်နေ့မှာ မကွေးတိုင်း စလင်းမြို့နယ်၊ ပုခက်တိုင်ရွာက စစ်မှုထမ်းဖို့ နှိုးဆော်နေတဲ့ အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး၊ မတ်လ ၂၀ ရက်နေ့မှာ ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းရွာက အသက် ၅၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းခိုင်နဲ့ အသက် ၄၀ အရွယ် စာရေး ဦးစန်းနိုင်တို့ ပစ်သတ်ခံခဲ့ရပါတယ်။

မတ်လ ၂၂ ရက်နဲ့ ၂၄ ရက်နေ့တွေမှာလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဌာန အငယ်တန်းစာရေး ဒေါ်မြမြငြိမ်းနဲ့ ရွှေဘိုမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦးတို့ ပစ်သတ်ခံခဲ့ရပါတယ်။

သူတို့နှစ်ဦးစလုံး စစ်မှုထမ်းဖို့ လက်ကမ်းစာစောင် ဖြန့်ဝေတာနဲ့ စစ်မှုထမ်းစုဆောင်းတဲ့ လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်လို့ ကိုဥဩလို့ အမည်လွှဲ ပေးထားသူ ရွှေဘိုမြို့ခံက ပြောပါတယ်။

“ပြည်သူကို ကာကွယ်ဖို့ထက် စစ်ထဲကိုဝင်ဖို့ ထဲထဲဝင်ဝင် လှုံ့ဆော်နေတာ။ သူကိုယ်တိုင်လိုက်ပြီး စည်းရုံးတယ်။ သူကတော့ (ဒေါ်မြမြငြိမ်းက) အငယ်တန်းအရာရှိပါ။ အမှတ် (၄) ရပ်ကွက်က အမျိုးသားတစ်ယောက်လည်း ရှင်းလိုက်ပြီ။ သူနဲ့ သုံးရက်တော့ ခြားတယ်။ ရွှေဘိုမြို့ပေါ်က မြို့ပေါ်ရဲ့ ပထဝီအနေထားအရ ကြည့်မယ်ဆိုရင် တော်လှန်ရေးသမားတွေက မြို့ပတ်ထားတာဗျ။ အလွယ်တကူ သူတို့ လုပ်လို့မရဘူး"

ဒီသတ်ဖြတ်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ သူက ပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံလွင်လည်း မတ်လ ၂၄ ရက်နေ့က နေအိမ်ကနေ အုပ်ချုပ်ရေးမှူးရုံးကိုအသွား လမ်းခုလတ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။ ကျေးရွာက လူငယ်တွေကို စစ်မှုထမ်းဖို့ စာရင်းကောက်ယူပြီး မြို့နယ်တာဝန်ရှိသူတွေကို ပေးခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အတိုင်း ပြည်သူကို ဒုက္ခမပေးနဲ့၊ လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းဖို့ စစ်တပ်ကလိုချင်တဲ့ စစ်မှုထမ်းရမယ့်ပုံစံမျိုး ရိုက်မသွင်းနဲ့၊ အဲဒါမျိုးဆိုရင် ကျွန်တော်တို့က စစ်တပ်အလိုကျ လိုက်လုပ်တဲ့သူကို အပြစ်ပေးအရေးယူမယ်လို့ ထုတ်ပြန်ထားတာ"

တိုင်းနဲ့ ပြည်နယ်အသီးသီးက ရပ်ကျေးအဖွဲ့ဝင်တွေ စစ်မှုထမ်းဖို့ ပြည်သူတွေကို အဓမ္မဖိအားပေးတာတွေ လုပ်မယ်ဆိုရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မတ်လ တတိယပတ်ထဲမှာ ထုတ်ပြန်သတိပေးခဲ့တာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်နေရုံနဲ့ စစ်မှုထမ်းဥပဒေက ပျက်စီးသွားမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“(စစ်ကိုင်းတိုင်း) ကနီတို့၊ မိုးမိတ်တို့၊ ကောလင်းတို့က ဒီပြည်သူ့စစ်နဲ့ပဲ ပြန်ချတာပဲလေ အကုန်လုံး ပြန်သိမ်းလိုက်တယ်။ ပြည်သူ့စစ်ဆိုတာလည်း အလကားမှ မဟုတ်တာ။ သူ့မှာ အတွေ့ကြုံရှိတဲ့ စစ်သားဟောင်းတွေ ပြန်ဦးစီး၊ ဦးဆောင်တာ။ အဲတော့ ဒီအခြေနေမျိုးက ဆက်ပြီးအကောင်ထည်ဖော်မှာပဲ။ ဟိုဘက်က ဆန့်ကျင်ဘက်တွေကလည်း ဒါကိုပျက်အောင်ဆိုပြီး လိုက်ပြီးစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ အကောင်ထည်ဖော်မယ့် ရပ်ကျေးတွေကို လိုက်လုပ်ကြံနေတာပေါ့ သူတို့က"

ရွှေဘိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အငယ်တန်းစာရေး ဒေါ်မြမြငြိမ်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - ရွှေဘိုအားမာန်မြို့ပြပျောက်ကျားအဖွဲ့)
ရွှေဘိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အငယ်တန်းစာရေး ဒေါ်မြမြငြိမ်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - ရွှေဘိုအားမာန်မြို့ပြပျောက်ကျားအဖွဲ့)

စစ်ကောင်စီရဲ့ မမျှတတဲ့ လုပ်နည်း၊ ကိုင်နည်းတွေကြောင့် အခုလို သတ်ဖြတ်မှုတွေ ဖြစ်လာတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“တကယ်လို့ အဲဒါကို နားမထောင်ဘူးဆိုရင် ဆက်ပြီးတော့ အရေးယူမှုတွေ၊ သတ်ဖြတ်မှုတွေ မုချဆက်တိုက် ပေါ်ပေါက်လာပါလိမ့်မယ်။ အဓိက စစ်ကောင်စီရဲ့ တရားမမျှတတဲ့ လုပ်နည်းကိုင်နည်းတွေကြောင့် ပြည်သူလူထုထဲမှာတင် မကျေနပ်မှုတွေ ပေါက်ဖွားပေါ်ပေါက်လာတဲ့ အနေထားကြောင့်ဖြစ်တယ်လို့ သုံးသပ်ပါတယ်"

ဒီလိုသတ်ဖြတ်ခံရမှုတွေအပြင် ရန်ကုန်တိုင်းက သန်လျင်နဲ့ စမ်းချောင်း၊ ပဲခူးတိုင်းက နတ်သံကွင်းနဲ့ ရခိုင်ပြည်နယ် သံတွဲမြို့တို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ၊ မြို့နယ်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်တာတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်လာပါတယ်။

နိုင်ငံတစ်ဝန်းလက်နက်ကိုင် တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့ပြီးနောက် ဗဟို၊ တိုင်းနဲ့ပြည်နယ်၊ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေကို ဆက်တိုက်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၂၀ ရက်ကစလို့ စစ်သားစုဆောင်းတဲ့ကိစ္စတွေကို နိုင်ငံတစ်ဝန်းမှာ လက်တွေ့လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

(မှတ်ချက်။ ဤသတင်းနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းအချက်အလက်များကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။