စစ်မှုထမ်းဥပဒေကို မလိုက်နာနိုင်ကြောင်း လူငယ်အချို့ တုံ့ပြန်
2024.02.12
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစလို့ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။
အဲဒီဥပဒေကြောင့် ပြည်သူလူထုအကြား စိုးရိမ်မှုတွေရှိနေသလို ဒီဥပဒေအရ စစ်မှုထမ်းတာကို လက်ခံမှာ မဟုတ်ဘူးလို့ လူငယ်အချို့က တုံ့ပြန်ကြပါတယ်။
"စစ်ကောင်စီတပ်ထဲ ဝင်ရမယ့်အတူတူ ကာကွယ်ရေးတပ်ထဲဝင်ပြီး ဒီတော်လှန်ရေးကို အမြစ်မြန်မြန်ဖြတ်ပြီး အာဏာရှင်ကို အဆုံးသတ်ရမယ်လို့ စဉ်းစားမိတယ်"
ရန်ကုန်မြို့က အသက် ၂၄ နှစ်အရွယ် ကိုမင်းမင်းကတော့ သူ့အနေနဲ့ စစ်မှုထမ်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့ကတော့ ဒီဥပဒေကို လုံးဝလက်မခံဘူး။ ဟိုးအရင်ကတည်းက သူတို့ ဥပဒေဆွဲခဲ့တာမှန်ပေမယ့် ဘယ်သူမှ လက်မခံလို့ ဒီဥပဒေကို ပယ်ဖျက်ထားတာပေါ့နော်။ အခုကျမှ သူတို့ရှုံးနေတဲ့ အချိန်ကျမှ ဒီဥပဒေကို အတည်ပြုတယ်ဆိုပြီး ပြောလိုက်တာက ဘယ်လိုမှလက်မခံနိုင်တဲ့ ဥပဒေပေါ့ ဒီဟာက။ ထောင်ငါးနှစ် ကျမယ်ဆိုလည်း အဲဒီဟာက သူတို့ပါးစပ်ထဲမှာပဲရှိတာ။ ထောင်ကျသွားလို့ ပြန်ထွက်ရင်တောင် ထောင်ထွက်ဆိုပြီး ပြန်လာဖမ်းမှာပဲ။ ဘာမှမထူးဘူး။ ကျွန်တော်တို့ကတော့ ပြေးမယ်ဆို ပြည်ပပဲ ပြေးရမှာပဲ။ ပြည်တွင်းမှာပဲ မနေဘူး။ အဆင်ပြေတဲ့ လမ်းကြောင်းရှာပြီး ထွက်ရမှာပဲ"
လက်ရှိမှာ စစ်ကောင်စီက စစ်ရှုံးနေတဲ့အတွက် ပြဋ္ဌာန်းလိုက်တဲ့ဥပဒေဖြစ်ပြီး လူငယ်တွေအတွက် အနာဂတ်မဲ့သွားသလို ခံစားရကြောင်း သူက ပြောပါတယ်။
ဒီဥပဒေအရ အရပ်ဘက်က အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အသက်အရွယ်ရှိသူတွေ စစ်မှုထမ်းရမှာပါ။ ကျွမ်းကျင်သူတွေလို့ သတ်မှတ်ထားတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်း နေသူတွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။
သာမန်လူတွေအတွက် စစ်မှုထမ်းရမယ့်အချိန်ကို နှစ်နှစ်သတ်မှတ်ထားပေမယ့် ကျွမ်းကျင်အဆင့်ဆိုရင်တော့ နိုင်ငံအရေးပေါ် အခြေအနေဆိုရင် ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
မန္တလေးမြို့မှာ နေထိုင်နေတဲ့ အသက် ၂၂ နှစ်အရွယ် မစန္ဒာကတော့ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ ဒီဥပဒေအပေါ် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။
"စစ်မှုထမ်းဥပဒေ ကြေညာလိုက်တယ်လို့ ကြားတော့ တကယ်ကို စိတ်ပျက်အံ့ဩမိတယ်။ ဘာဆက်လုပ်ရမလဲ မသိတော့လောက်အောင်ပဲပေါ့နော်။ ဘာပဲပြောပြော စစ်ကောင်စီတပ်ထဲ ဝင်ရမယ့်အတူတူ ကာကွယ်ရေးတပ်ထဲဝင်ပြီး ဒီတော်လှန်ရေးကို အမြစ်မြန်မြန်ဖြတ်ပြီး အာဏာရှင်ကို အဆုံးသတ်ရမယ်လို့ စဉ်းစားမိတယ်"
စစ်ကောင်စီက ဒီဥပဒေကို အသက်သွင်းလိုက်တာဟာ ပြည်သူလူထု အချင်းချင်း ပြန်တိုက်ပြီး အသေခံခိုင်းတဲ့ ပုံစံပဲလို့ ယူဆကြောင်း သူက ပြောပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ရှိနေရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာဆိုရင် စစ်ကောင်စီဘက်က စစ်အင်အား မလုံလောက်လို့ ရှေ့တန်းစစ်မျက်နှာတွေမှာ သူတို့ကို ထောက်ခံတဲ့ အရပ်သားတွေကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးလာတာ တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက သူတို့မှာ လိုအပ်နေတဲ့ စစ်သားအင်အားကို ပြန်လည်ဖြည့်ဆည်းဖို့ အခုလို ပြည်သူတွေကို စစ်မှုထမ်းခိုင်းတာလို့လည်း ခင်ဦးမြို့နယ်က ကိုဟိန်းက ပြောပါတယ်။
"ထိုးစစ်ဆင်တဲ့အခါမှာလည်း သူတို့က အင်အားလုံးဝမရှိဘူးပေါ့။ မရှိတော့တဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ နောက်ဆုံးကျည်ဆန်ထုတ်ရတဲ့ အခြေအနေပေါ့။ သူ့လူ၊ ကိုယ့်လူမခွဲခြားဘဲ အကုန်လုံး စစ်ထဲဝင်ရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတဲ့အခါကျတော့ အားလုံးက ဘယ်လိုဖြစ်လာမလဲဆိုတော့ နဂိုက ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး နေနေကြတဲ့သူတွေပါ သူတို့ကို တော်လှန်ဖို့ ကြိုးစားလာမယ့် အနေအထားမျိုးဖြစ်သွားတာပေါ့"
စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံတော်ကို ကာကွယ်နိုင်ဖို့ ပြည်သူ့စစ်မှုထမ်းစနစ်ကို နိုင်ငံသားတိုင်း ပါဝင်ကြဖို့ ဖေဖော်ဝါရီ ၁၁ ရက် မနေ့က နိုင်ငံပိုင်သတင်းဌာနတွေကနေတစ်ဆင့် အခုလို ပြောဆိုခဲ့ပါတယ်။
"ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းအားနဲ့ နိုင်ငံတော်ကို ကာကွယ်နိုင်ရေးအတွက် ဒီ ပြည်သူ့စစ်မှုထမ်းစနစ်မှာ နိုင်ငံသားအားလုံး ပါဝင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ပြည်သူလိုလားတဲ့ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့၊ စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ် ဓားတစ်စင်း အကျင့်ဆိုးတွေကို တိုက်ဖျက်ဖို့ ပြည်သူအားလုံး ပြည်သူ့စစ်မှုထမ်းစနစ်ကို အားပေးထောက်ခံ ဝိုင်းဝန်းကူညီ ပံ့ပိုးကြဖို့ တိုက်တွန်းလိုပါတယ်"
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါရှိတဲ့ နိုင်ငံသားတွေရဲ့ မူလတာဝန် ဝတ္တရားဆိုတဲ့အချက်အရ စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးဖို့ ရည်ရွယ်လိုက်တာလို့ သူက ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်မယ့် နည်းဥပဒေကိုတော့ မ ပြဋ္ဌာန်းရသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဘယ်တော့ ပြဋ္ဌာန်းမယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က အတိအကျ မပြောသွားပါဘူး။
နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီက အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကြောင့် နိုင်ငံတွင်းမှာ စစ်ရေးပဋိပက္ခတွေ ပိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"စစ်ရေးအရ တင်းမာမှုတွေ ရှိနေတဲ့အချိန်၊ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်မှုတွေ များနေတဲ့အချိန် အထိနာနေတဲ့ အချိန်မှာ စစ်တပ်ဆိုတဲ့ ဖြစ်တည်မှုနဲ့ စစ်တပ်ဆိုတဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ လူတွေက နာကြည်းမှုတွေ၊ မယုံသင်္ကာဖြစ်တာတွေ အများကြီးရှိနေတဲ့ အချိန်မှာ ဒီလိုလုပ်လိုက်တဲ့ကိစ္စက အင်မတန် အန္တရာယ်များတယ်လို့ ပြောလို့ရတယ်။ ပိုပြီးတော့ စစ်ရေးအရ တင်းမာလာစရာကိစ္စတွေ ဖြစ်သွားနိုင်ပါတယ်"
ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ နိုင်ငံသားတွေအနေနဲ့ စစ်မှုထမ်းဥပဒေကို ကျော်လွန်နိုင်ဖို့ ပြည်ပထွက်ခွာတာတွေ ပိုများလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာသင်ကြားနေသူတွေ၊ အသက်ကြီးတဲ့ မိဘတွေကို ပြုစုစောင့်ရှောက်နေရသူတွေ၊ မူးယစ်ဆေးဝါးဖြတ်၊ ဆေးကုနေရသူတွေနဲ့ ထောင်ကျနေသူတွေကတော့ တာဝန်ထမ်းဆောင်ဖို့ ယာယီရွှေ့ဆိုင်းနိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကနေ ကင်းလွတ်ခွင့်ပြုသူတွေကတော့ တာဝန်ထမ်းဆောင် စရာမလိုဘူးလို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ကျော်လွန်ပြီး အာဏာသိမ်းထားထားတဲ့ စစ်ကောင်စီ အသက်သွင်းတဲ့ စစ်မှုထမ်းဥပဒေဟာ ဥပဒေနဲ့ မညီဘူးလို့ ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
"သူကိုယ်တိုင် ၂၀၀၈ အခြေခံဥပဒေနဲ့အညီ အာဏာယူထားတာ မဟုတ်ဘူး။ ၂၀၀၈ ဥပဒေမှာ သမ္မတကို ဖမ်းမချုပ်ရဘူး။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်ပဲ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ကို အသိအမှတ်မပြုဘဲ ဖမ်းချုပ်ပြီး ထောင်ချတယ်။ အခြေခံဥပဒေ ခုံရုံးကိုလည်း သူတို့စိတ်ကြိုက် လူတွေနဲ့ ဖွဲ့တယ်။ အဲဒီလို လုပ်ပြီးမှ နောက်ဆုံးကျ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တယ်။ ဒါကြောင့်မို့လို့ ဥပဒေအမြင်နဲ့ ကြည့်မယ်ဆိုရင် ဥပဒေနဲ့မညီဘူးလို့ ပြောလို့ရပါတယ်"
စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေကိုတော့ ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။