တရုတ်နဲ့ ICJ ဖိအားကြောင့် ရိုဟင်ဂျာအရေး စစ်ကောင်စီ ပိုတိုးလုပ်ဆောင်လာ
2023.05.30

တရုတ်အပါအဝင်နိုင်ငံတကာဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စကို စစ်ကောင်စီက ဒီရက်ပိုင်းထဲ ပိုအားထုတ်လာတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ရခိုင်နိုင်ငံရေးသမားတချို့က သုံးသပ်ပါတယ်။
ရိုနေဆန်းလွင်-"တရုတ်နိုင်ငံက ဒီမှာလာပြီး စက်ရုံတွေဆောက်မယ်၊ တခြားတစ်ခုခုလုပ်မယ်ဆိုရင် ဒီလူတွေကို ပေါပေါလောလောနဲ့သုံးလို့ရမယ့် အနေအထားမှာရှိတယ်။"
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်တဲ့အဖွဲ့က ကော့ဘဇားက ဒုက္ခသည်စခန်း ကို သွားပြီးနောက် သုံးရက်မြောက်နေ့မှာ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင် တဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတွေမှာ နေရပ်ပြန်လာသူတွေ စားသောက်ရေး အတွက် ချက်ပြုတ်ပေးမယ့် ဝန်ထမ်းတွေနဲ့ စားစရာတွေ သွားရောက် စီစဉ်ခဲ့တယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောပါတယ်။
“ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့ တောင်ပြိုလက်ဝဲ၊ ငါးခူရ လက်ခံရေးစခန်းနှစ်ခုကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာ ခဲ့တယ်လို့ ကျွန်တော်ဒေသခံတွေဆီက သိရတယ်။ သူတို့ ထမင်းချက်ဖို့ စားသောက်စရာတွေ စီစဉ်ဖို့ လူတွေ ခေါ်လာတာရှိတယ်။ ပြီးတော့ နွားတွေယူလာတာရှိတယ်။ ချက်ပေးဖို့အတွက်ပေါ့နော်။”
ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဘဇားက ဒုက္ခသည်စခန်းကိုရောက်နေတာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ရိုဟင်ဂျာလူငယ် ကိုအောင်မြိုင် ပြောသွားတာပါ။

တရုတ်ဘက်က ရိုဟင်ဂျာတွေနေရပ်ပြန်ရေး တွန်းအားပေးတာကော၊ နိုင်ငံတကာတရားရုံး ICJ မှာ ဩဂုတ်လ တင်သွင်းရမယ့် ထုချေလွှာမတိုင်ခင် ရိုဟင်ဂျာတချို့ ပြည်တွင်းပြန်ရောက်ရေး လုပ်ဆောင်ချင်တာကြောင့်ပါ စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို အရှိန်တိုးလုပ်လာတယ်လို့ လေ့လာသူတွေ က မှတ်ချက်ပြုပါတယ်။
ဒီလိုယူဆသူတွေထဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုးလည်း ပါဝင်ပါတယ်။
“တရုတ်ရဲ့ဖိအားကလည်းမကင်းဘူး။ OIC အထွေထွေအတွင်းရေးမှူးချုပ်ကလည်း မနေ့က ( မေလ ၂၉ ရက်နေ့) က Camp ထဲကိုသွားလိုက်သေးတယ်။ စကစက သူရတဲ့နည်းနဲ့ ပြန်လည်လက်ခံရေး ရှေ့ပြေး စီမံကိန်းအလုပ်ကို သူက အစပြုချင်တာပေါ့နော်။ ဒါကို မဖြစ်မနေလုပ်နိုင်မှသာ ဩဂုတ်လ ၂၄ ရက်နေ့ကျရင် ရုံးတော်မှာ တစ်ခုခု ပြစရာရှိမှာပေါ့။ ဒါ့အပြင်သူတို့ ကြားကာလအစီအမံထုတ်ထားတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း များစွာချိုးဖောက်ခဲ့တာရှိတယ်။ အကောင်အထည်မဖော်ဘူးပေါ့။ ဒါနဲ့ပတ်သက်လို့ ရုံးတော်က တန်ပြန်မေးခွန်းတွေ မေးနိုင်တဲ့အတွက်ကြောင့်မို့လို့ ဖုံးဖိနိုင်အောင် အစွမ်းကုန်ကြိုးစားတာဖြစ်တယ်။”
နှစ်နိုင်ငံအစီအစဉ်နဲ့ ဒုက္ခသည်တစ်ထောင်ကျော်ကို နေရပ်ပြန်ခေါ်ဖို့ ရှေ့ပြေးစီမံကိန်း လုပ်ဆောင်ရာမှာ ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်နဲ့ စစ်ကောင်စီဘက်က လိုက်လျောချက်တွေ လုံးဝကွဲပြားနေလို့ နေရပ်ပြန်ရေးက မပြေလည်ဖြစ်နေပြီး စစ်ကောင်စီဟာ တခြားနည်းလမ်းတွေနဲ့ပါ ဒုက္ခသည်တွေ ပြည်တွင်းပြန်ရောက်ရေး ကြိုးပမ်းလာတယ်လို့ ဒုက္ခသည်တွေက ဆိုပါတယ်။
“နည်းလမ်းက နှစ်ခုသုံးနေတယ်လို့ ကျွန်တော်တို့သိရတယ်။ နှစ်နိုင်ငံသဘောတူညီချက်နဲ့မဟုတ်ဘဲနဲ့ ဒီဘက်ဒုက္ခသည်စခန်းမှာလူတချို့က အကြောင်းအမျိုးမျိုးကြောင့်စကစနဲ့ ညှိနှိုင်းပြီးနေရပ်ပြန်နေကြတာ ရှိပါတယ်။ အဲ့လိုလူတွေကိုလည်း သူတို့ကကြိုဖို့၊ လက်ခံဖို့စီစဉ်နေတယ်လို့ ကျွန်တော်တို့သိရတယ်။ ကိုယ်နည်းကိုယ့်ဟန်နဲ့သွားတဲ့သူတွေကို လက်ခံတာတွေလည်းရှိတယ်။ ဒါကတော့သိပ်ပြီးမများပါဘူး။ ဒါပေမဲ့ရှိတယ်။”
ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်ပြောသွားတာပါ။
" အဲ့လောက်ထိ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေတဲ့ နေရာမျိုးမှာ ဒီမွတ်စလင်တွေကိစ္စကတော့ တခြားသူတွေတောင်မရနိုင်တဲ့ အခွင့်အရေးကို သူတို့ရမှာမဟုတ်ဘူး။ ဒီလိုအချိန်မှာ ပြန်သွားလို့ရှိရင် သူတို့တောင်းဆိုထားသလို နိုင်ငံသားဖြစ်ဖို့ကိစ္စ၊ ကျေးရွာတွေ ပြန်တည်ဆောက်ဖို့ ကိစ္စတို့ဆိုတာ အဝေးကြီးပဲ။"- ဦးဖေသန်း
အဓိကကတော့ တရုတ်နိုင်ငံက ဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက် စလုံးကို ဖိအားပေးနေတာလို့ ရိုဟင်ဂျာအရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
နေရပ်ပြန်ရေးမှာ တရုတ်က နှစ်နိုင်ငံကြား ကြားဝင်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေကို ကူမင်းမြို့မှာ တရုတ်အစိုးရက ခေါ်ယူတွေ့ဆုံခဲ့တာလည်းရှိခဲ့ပါတယ်။
တရုတ်နိုင်ငံဘက်က ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ရေး ဘာကြောင့်လိုလားနေတာပါလဲ။
“အဓိကတော့ ဒီလူတွေပြန်သွားတယ်ဆိုရင် လူတစ်သန်းကျော်လေ…။ ဒီနေရာမှာ ဒီလူတွေအတွက် လုပ်ကိုင်စားသောက်ဖို့ ဘာမှမရှိဘူး။ တကယ်လို့ …တရုတ်နိုင်ငံက ဒီမှာလာပြီး စက်ရုံတွေဆောက်မယ်၊ တခြားတစ်ခုခုလုပ်မယ်ဆိုရင် ဒီလူတွေကို ပေါပေါလောလောနဲ့သုံးလို့ရမယ့် အနေအထားမှာရှိတယ်။ လုပ်ခ ပေါပေါလောလောနဲ့ သူတို့ စီးပွားလုပ်လို့ရမယ့် အနေအထားမှာရှိမယ်။ စစ်ကောင်စီက အကြောင်းပြမှာ ဒီလူတွေမှာလုပ်ကိုင်စားသောက်စရာ ဘာမှမရှိတဲ့အတွက်ကြောင့် ဒီမှာရင်းနှီးမြှုပ်နှံမှု မရှိတဲ့အတွက် ကြောင့်ဆိုပြီး တရုတ်ကို ခေါ်ပြီးခိုင်းတဲ့အခါကျရင်လည်း ဘယ်သူမှ ဘာမှပြောလို့ရမယ့် အနေအထားမှာမရှိဘူး။ ဒါကျွန်တော်တို့ ခန့်မှန်းတာပေါ့။”
ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် ပြောသွားတာပါ။

တစ်ဖက်မှာလည်း ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်အတွင်း ရေရှည်နေထိုင်ဖို့ ပြန်လည် လက်ခံရေးမှာ ရခိုင်လူမျိုးတွေအများစုထောက်ခံအားပေးတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ပါ စစ်ကောင်စီက ညှိနှိုင်းလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ ထောက်ပြချက်တွေလည်းရှိပါတယ်။
စစ်ကောင်စီလက်ထက်မှာ နေရပ်ပြန်လာမယ်ဆိုရင် ပြန်ဝင်လာသူတွေအနေနဲ့ လာရကျိုးနပ်မယ့် အခြေအနေ မရှိနိုင်ဘူးလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်း ကပြောပါတယ်။
“ဗမာပြည်တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ ကိုယ့်အချင်းချင်းတောင် သတ်ဖြတ်နေတဲ့အချိန်ပေါ့နော်။ ရွာတွေကို မီးရှို့တယ်။ လူတွေကို သတ်တယ်။ တရားစွဲတယ်။ထောင်ချတယ်။ သေဒဏ်ပေးတယ်။ အဲ့လောက်ထိ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေတဲ့ နေရာမျိုးမှာ ဒီမွတ်စလင်တွေကိစ္စကတော့ တခြားသူတွေတောင်မရနိုင်တဲ့ အခွင့်အရေးကို သူတို့ရမှာမဟုတ်ဘူး။ ဒီလိုအချိန်မှာ ပြန်သွားလို့ရှိရင် သူတို့တောင်းဆိုထားသလို နိုင်ငံသားဖြစ်ဖို့ကိစ္စတို့၊ ကျေးရွာတွေ ပြန်တည်ဆောက်ဖို့ ကိစ္စတို့ဆိုတာ အဝေးကြီးပဲ။ ULA/AA နဲ့ စစ်ကောင်စီနဲ့ ဆိုတာလည်း အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်။ ဒီမှာရှိနေတဲ့ ရခိုင်တွေနဲ့ တခြားလူမျိုးတွေတောင်မှ မလုံခြုံဘူး။ အဲ့အချိန်မှာ မွတ်စလင်တွေဝင်လာရင်လည်း အဲ့ဒဏ်ကို ခံရမယ်။ ပိုတောင်ခံရဦးမယ်။ လာရင်လည်းလာရကျိုးနပ်မယ်မထင်ဘူးခင်ဗျ။”
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဒီကာလမှာ မြန်မာပြည်တွင်းကို ပြန်မယ်ဆိုရင် ဒုက္ခသည်စခန်းတစ်ခုကနေ တစ်ခုကို ရွှေ့တာမျိုး ဒါမှမဟုတ် အကျဉ်းစခန်းလိုပုံစံမျိုးမှာသာ နေထိုင်ရတာဖြစ်လိမ့်မယ်လို့ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေက သုံးသပ်ပြောဆိုကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့လည်း ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ နေရပ်ပြန်လာမယ်ဆိုရင်တောင် နိုင်ငံတကာရာဇဝတ်ခုံရုံး ICJ မှာ ရင်ဆိုင်နေရတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုအတွက် ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ထောက်ပြပြောကြပါတယ်။
စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်း၊ ရခိုင်ပြည်နယ် ပြောခွင့်ရပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။