China Today မဂ္ဂဇင်းကိစ္စ နေပြည်တော်ကို မန်းအစိုးရတင်ပြ
2019.09.24
မန်းဒေသခံတွေကို ဒေါပွစေခဲ့တဲ့ တရုတ်သံရုံးထုတ် China Today မဂ္ဂဇင်းမျက်နှာဖုံးမှာ မန္တလေးကျုံးကို တရုတ်နန်းတော်မြို့ရိုးပုံနဲ့ သရုပ်ဖော်ခဲ့တာကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နေပြည်တော်ကို တိုင်ကြားလိုက်ပါတယ်။
တရုတ်သံရုံးရဲ့ ဇွန်လထုတ် China Today မဂ္ဂဇင်း မျက်နှာဖုံး သရုပ်ဖော်ပုံက မန္တလေးကျုံးနဲ့ မြို့ရိုးပုံ ဖြစ်ပေမယ့် ရေပြင်မှာတော့မှာ နန်းမြို့ရိုးပြဿဒ်ပုံ ပေါ်နေရမယ့်အစား တရုတ်အဆောက်အအုံပုံ ဖြစ်နေဟန် ပုံဖော်ထား ပါတယ်။
အဲဒီသရုပ်ဖော်ပုံနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေကြပါတယ်။
China Today မျက်နှာဖုံး သရုပ်ဖော် တင်ပြချက်နဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို အကြောင်းကြားထားတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။
သက်ဆိုင်ရာ ဝန်ကြီးဌာန သိသင့်တာကြောင့် တင်ပြထားတာဖြစ်ကြောင်း၊ သံရုံးဖြစ်နေတာကြောင့် ပြည်ထောင်စု အစိုးရကနေသာ သတိပေးတာမျိုးတွေကို လုပ်ဆောင်လို့ရမှာဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
“ပြည်သူတွေရဲ့ တုံ့ပြန်ချက်ကကျတော့တမျိုးမြင်တယ်။ ရန်ကုန်ကလုပ်တာ ပြောတယ်။ ယဉ်ကျေးမှုဖလှယ်မှု အရ မန္တလေးမှာလည်း ဒါမျိုးနန်းတော်ရှိတယ်။ ဘုရင်အုပ်ချုပ်ခဲ့တဲ့နေရာ၊ တရုတ်မှာလည်း ဒီယဉ်ကျေးမှုရှိတယ် ဆိုတာကို ပြတာပေါ့၊ ဒါသူတို့ဘက်က ဖြေရှင်းချက်၊ ကျနော်ကတော့ ကျနော်ခံစားရတာကို တင်လိုက်တယ်“
မန္တလေးတိုင်းဝန်ကြီးချုပ်က အကြောင်းကြားတဲ့စာကို သူ့အနေနဲ့ မသိရသေးတာကြောင့် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ပြောလို့မရသေးကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက RFA ကို ပြောပါတယ်။
"ဒီနေ့အထိတော့ ကျနော့်ဆီမရောက်သေးဘူး၊ ကျနော်တော့ မဖတ်ရသေဘူးဗျ၊ ကျနော်တို့ဆောင်ရွက်ရမယ့်ကိစ္စအားလုံးကို ဝက်ဘ်ဆိုဒ်ကနေ အားလုံးဖော်ပြပေးနေပါတယ် ခင်ဗျာ"
မျက်နှာဖုံးဖော်ပြချက်ကို စတင်တွေ့မြင်ချိန်ကတည်းက မန္တလေးမြို့ ဒေသခံတွေကြားမှာ ဝေဖန်ပြောဆိုသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့အပြင် တခြားဒေသက ဆိုရှယ်မီဒီယာသုံးသူတွေကလည်း အွန်လိုင်းမှာ ကန့်ကွက်ပြောဆိုတာတွေရှိပါတယ်။
မန္တလေးမြို့က စာရေးဆရာ သိုက်ထွန်းသက်က ဒီမျက်နှာဖုံး သရုပ်ဖောချက်ကို ဒေသခံတွေက မလိုလားကြောင်း ပြောပါတယ်။
"မန္တလေးမြို့သူ မြို့သားတွေအနေနဲ့ စီးပွားရေးအရကော လူမှုရေးမှာပါ ဧည့်နိုင်ငံသားတွေက မြို့သူ မြို့သားတွေထက် လွမ်းမိုးမှုတွေ အခွင့်အရေးတွေပိုရနေတယ်။ ဧည့်သည်တွေက ဧည့်သည်နေရာထက် ပိုပြီးတော့ နေရာယူထားတယ်လို့ မြို့သူမြို့သားတွေက ခံစားနေရတဲ့အချိန်မှာ ဒီလိုမျိုးလုပ်လိုက်တဲ့အခါ မခံစားနိုင်ကြဘူး၊ ကျုံးမြို့ရိုးဆိုတာ နိုင်ငံရဲ့ ပြယုဂ်ဖြစ်တယ်"
China Today မဂ္ဂဇင်းရဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး သံရုံးက ဖြေရှင်းချက် ထုတ်သင့်တယ်လို့ မန္တလေးမြို့ အကြောင်းတွေကို အထူးပြုရေးသားနေတဲ့ မြို့ခံစာရေးဆရာဖြစ်တဲ့ ဆရာဆူးငှက်က ပြောပါတယ်။
“အားလုံးက အိမ်နီးခြင်းတိုင်းပြည်အနေနဲ့ တစ်သက်လုံးနေကြရမယ့်ကာလ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက် ကြရမယ့်ကာလမျိုးမှာ အထိခိုက်မခံနိုင်တဲ့ ကိုယ့်ဘက်က ပြသနာရှိနိုင်တဲ့ အရာမျိုးက သတိထားသင့်တယ်။ မြန်မာကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်တယ်။ ဒီလိုဖြစ်သွားတဲ့အပေါ်မှာ ဖြေရှင်းမှုမျိုးကို လိုအပ်တယ်"
China Today မျက်နှာဖုံး ဖော်ပြချက်ဟာ စာအုပ်ထဲမှာပါဝင်တဲ့ ဆောင်းပါးတပုဒ်ကို ပုံဖော်ထားတာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်သံရုံးက ထုတ်ဝေတဲ့ အဲဒီမဂ္ဂဇင်းဟာ ဈေးကွက်အတွင်းမှာ ရောင်းချဖို့မဟုတ်ဘဲ သံရုံးနဲ့ နီးစပ်သူတွေကို အခမဲ့ဖြန့်ဝေတာဖြစ်တာကြောင့် အကန့်အသတ်နဲ့ထုတ်ဝေတဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။ ဒါကြောင့် အများပြည်သူကြားမှာ အဲဒီမဂ္ဂဇင်းစာအုပ်ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတာ မရှိကြတဲ့အတွက် စာအုပ်ထဲမှာ ဘာတွေ ရေးသားထားတယ် ဆိုတာ အများက တိတိကျကျ မသိကြပါဘူး။
အငြင်းပွားဖွယ် သရုပ်ဖော်ပုံနဲ့ပတ်သက်ပြီး တရုတ်သံရုံးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အလားတူ မဂ္ဂဇင်းစာအုပ်မှာပါတဲ့ ဖုန်းနံပါတ်နဲ့ တရုတ်မြန်မာချစ်ကြည်ရေးအသင်း တာဝန်ရှိသူတွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
နှစ်လတကြိမ်ထုတ် China Today မဂ္ဂဇင်းကို မြန်မာဘာသာဖြင့် ထုတ်ဝေပြီး တရုတ်နိုင်ငံဆိုင်ရာ အကြောင်းအရာမျိုးစုံကို ပုံမှန် ဖော်ပြနေကြောင်း သိရပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်းက တင်ပြသည်။)