ရှီကျင့်ဖျင်ခရီးစဉ်နဲ့ တရုတ်မြန်မာ ဆက်ဆံရေး
2020.01.18
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်နဲ့ ဖြစ်ပေါ်လာတဲ့ ဒီခရီးစဉ်ဟာ ဆယ်စုနှစ် နှစ်စုနီးပါးအတွင်း မြန်မာနိုင်ငံကို တရုတ်သမ္မတ တစ်ယောက် ပထမဆုံးလာတဲ့ ခရီးစဉ်ပါ။
တရုတ်ပြည်ဟာ မြန်မာပြည်မှာ စီမံကိန်းတွေနဲ့ပတ်သက်ရင် ဖြစ်စေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်ဖြစ်စေ ဝေဖန်ခံရတဲ့ နိုင်ငံပါ။ ဒါပေမဲ့လည်း မြန်မာပြည်အတွက် အဓိကကျတဲ့ ကုန်သွယ်ဘက်နိုင်ငံ ဖြစ်နေသလို ရင်းနှီးမြှုပ်နှံမှုတွေမှာ တရုတ်က အများဆုံးပါပဲ။
တရုတ်သမ္မတ ရှီရဲ့ ဒီနှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအစိုးရကြား ဆောင်ရွက်မယ့် စီမံကိန်း ၃၃ ခုအတွက် သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ပြည်တွင်းမှာ အမြင်အမျိုးမျိုးကွဲပြားနေပါတယ်။
နိုင်ငံရေး၊ ငြိမ်းချမ်းရေး နဲ့ စီးပွားရေးကဏ္ဍတွေမှာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေက ဘယ်လိုရှိနေလဲဆိုတာ စုစည်းထားပါတယ်။ ဒီခရီးစဉ်ဟာ အရင်ကတည်းက ရှိနေတဲ့ တရုတ်-မြန်မာ ဆက်ဆံရေးကို ပိုအရှိန်မြှင့်လိုက်တာပဲလို့ သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံမှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကတော့ မြန်မာ-တရုတ် ဆက်ဆံရေး နီးစပ်ခဲ့တဲ့အခြေအနေကို သုံးသပ်ထားပါတယ်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့- မြန်မာပြည်အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းဖို့လိုအပ်သလို တခြားသော ဒေသတွင်း နိုင်ငံတွေနဲ့လည်း မျှတတဲ့ ဆက်ဆံရေး တည်ဆောက်ထားဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။
ဒီခရီးစဉ်ဟာ ဘယ်နိုင်ငံအတွက် အကျိုးရှိမလဲ။ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွယ်တဲ့ တရုတ်ပြည်အကြီးအကဲရဲ့ ခရီးစဉ်အတွင်းမှာ ငြိမ်းချမ်းရေးအတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုရှိဖို့ မျှော်လင့်ထားကြပါတယ်။
လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီတရုတ်သမ္မတ ခရီးစဉ်ကနေ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ကို ပြောထားပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အရေးပါတဲ့ကဏ္ဍမှာ ရှိနေတဲ့ တရုတ်နိုင်ငံဟာ မြန်မာပြည် ငြိမ်းချမ်းရေးရဖို့ တကယ်ပဲ စိတ်ဆန္ဒရှိတာလား။ နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးကျော်ဝင်း က တရုတ်ရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ထားရှိတဲ့ မူဝါဒကို သုံးသပ်ထားပါတယ်။
မြန်မာပြည်တွင်းမှာ တရုတ်ရဲ့ စီမံကိန်းတွေနဲ့ပတ်သက်ရင် ပွင့်လင်းမြင်သာမှုမရှိဘူး၊ ဒေသအကျိုးမရှိဘူး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတယ်ဆိုပြီး ဝေဖန်မှုတွေ ဆက်တိုက်ရှိခဲ့တာပါ။
အခု နှစ်နိုင်ငံအစိုးရကြား သဘောတူစာချုပ်တွေမှာ ဝေဖန်မှုမြင့်တက်နေတဲ့ မြစ်ဆုံစီမံကိန်းအကြောင်း မပါဝင်ပါဘူး။ တရုတ်ရဲ့ စီမံကိန်းတွေထဲမှာဆိုရင် လက်ပံတောင်းဒေသ ကြေးနီတူးဖော်ရေး လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ်။ ဆိုင်းငံ့ထားတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းဟာလည်း ဒေသရဲ့ သဘာဝပတ်ဝန်းကျင် ကြီးကြီးမားမား ပြောင်းလဲသွားစေနိုင်တဲ့ ဧရာမ စီမံကိန်းကြီး ဖြစ်တယ်။ ဒီလို ထင်ရှားတဲ့ လုပ်ငန်းကြီးတွေအပြင် အငြင်းပွားဖွယ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ၊ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေကိုပဲ ဝေဖန်နေလို့ မပြီးဘူးလို့ ဒေါ်ရင်ရင်နွယ် က ထောက်ပြပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အမြဲတမ်း မဖြစ်မနေ ထိတွေ့ ဆက်ဆံနေရမယ့် အိမ်နီးချင်းနိုင်ငံတစ်ခုပါ။
ပြည်တွင်းရေး အခြေအနေတွေကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံကို ဝေဖန်ပြစ်တင်နေကြချိန်မှာ တရုတ်ဟာ မြန်မာအစိုးရဘက်က အပြည့်အဝ ကူညီ ရပ်တည်နေပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာ့စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုကအစ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆုံး ပြည်တွင်းရေးမှာ ကြီးကြီးမားမား ပါဝင်ပတ်သက်နေပေမယ့်လည်း ဒီလို ပူးပေါင်းဆောင်ရွက် လုပ်ကိုင်တဲ့အခါ ရေရှည်မှာ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်၊ ပြည်သူလူထု၊ ယဉ်ကျေးမှု ထိခိုက်နစ်နာမှု မဖြစ်စေဖို့အတွက် ဂရုတစိုက် လုပ်ဆောင်စရာတွေ ရှိနေတယ်လို့ လေ့လာသူတွေက သတိပေးနေကြပါတယ်။