တရုတ်အတွက် မဟာဗျူဟာလို အရေးပါတဲ့ မြန်မာနိုင်ငံ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022.05.26
တရုတ်အတွက် မဟာဗျူဟာလို အရေးပါတဲ့ မြန်မာနိုင်ငံ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလက နေပြည်တော်ကို လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်အား ကြိုဆိုရန် ပြင်ဆင်ထားသည့် မြင်ကွင်းတစ်ခု။
Photo: AFP

တရုတ်၊ ရုရှား၊ အမေရိကန် စတဲ့ အင်အားကြီးနိုင်ငံတွေဟာ အသံထက် ငါးဆ မြန်တဲ့ hypersonic လက်နက်ပိုင်ဆိုင်ထားပေမယ့် တရုတ်နိုင်ငံဟာ ပင်လယ်ကို စိုးမိုးထားနိုင်ရင် ကမ္ဘာကို စိုးမိုးနိုင်မယ်လို့ ပထဝီနိုင်ငံရေးပညာရှင်တွေရဲ့ ရှေးကဟောကိန်းကို မေ့မထားဘဲ အိန္ဒိယသမုဒ္ဒရာကို ချဉ်းကပ်နိုင်ဖို့ ကြိုးစားတဲ့အခါ မြန်မာနိုင်ငံက မဟာဗျူဟာတစ်ရပ်လို အရေးပါပါတယ်။

ရခိုင်ကမ်းရိုးတန်းဆိပ်ကမ်းကနေ အိန္ဒိယသမုဒ္ဒရာကို ချဉ်းကပ်နိုင်ပြီး သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး ရေးသားတဲ့ Where China meets India ဆိုတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယ ဆုံနိုင်တဲ့နေရာက မြန်မာနိုင်ငံမို့ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံကို တရုတ်က ရတဲ့နည်းနဲ့ ချဉ်းကပ်မယ့် အနေအထားမှာရှိပါတယ်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီဟာ ကွန်မြူနစ်အမည်ခံပေမယ့် အာရှက ကျားကြီးတစ်ကောင်လို့ တင်စားရတဲ့အထိ ၂၀၁၇ ခုနှစ်ကစလို့ စီးပွားရေး အားကောင်းလာပြီး သမ္မတရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ် မှာ Belt & Road Initiative (BRI) ရပ်ဝန်းနဲ့ ပိုးလမ်းမကြီး ဒါမှမဟုတ် ခါးပတ်ပတ်လမ်း အကောင်အထည်ဖော်မယ်လို့ ကြေညာပါတယ်။ ဒီခေတ်သစ်ပိုးလမ်းမကြီးဖြစ်တဲ့ BRI စီမံကိန်းအစိတ်အပိုင်းတွေထဲ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ (BCIMEC) မှာ မြန်မာနိုင်ငံက အကျုံးဝင်ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းကနေ အိန္ဒိယက ကာလကတ္တား၊ မြန်မာက မန္တလေး၊ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒက္ကားကို ချိတ်ဆက်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ကုန်သွယ်ဖို့ ရည်ရွယ်ချက်နဲ့ ဆိုပြီး ချုံချင်း-လင်ချန်း-မြန်မာ ရထားလမ်းပြေးဆွဲနေပြီလို့ တရုတ်သံရုံးက မေ ၂၄ ရက်က ကြေညာပါတယ်။

BCIMEC စီမံကိန်းက တစ်ကဏ္ဍဖြစ်ပြီး တစ်ဖက်မှာ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ကို ကြီးစိုးဖို့ ကြိုးစားတဲ့အခါ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရေပိုင်နယ်နိမိတ် သူပိုင်-ငါပိုင် အငြင်းပွားနေပါတယ်။ ဒါပေမဲ့ ယူနန်ပြည်နယ်ကနေ ရခိုင်ပြည်နယ်ကို ဆက်သွယ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကတော့ ဒေသခံတွေ ကန့်ကွက်ပေမယ့် အာဏာပိုင်တွေနဲ့ အငြင်းပွားစရာမလိုဘဲ အကောင်အထည်ဖော်နိုင်တာဟာ အိန္ဒိယသမုဒ္ဒရာကို ချဉ်းကပ်နိုင်ဖို့ နီးစပ်သွားပါတယ်။

မလက္ကာရေလက်ကြားကို ဖြတ်ရင် တောင်တရုတ်ပင်လယ်ကနေ အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ရေပြင်ကို ရောက်နိုင်တဲ့အတွက် တောင်တရုတ်ပင်လယ်ကို ပိုင်စိုးချင်တာပါ။

တခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံအတွက် ကျောက်ဖြူဆိပ်ကမ်းက အလွန်အရေးပါပြန်ပါတယ်။ ဒီဆိပ်ကမ်းရှိတဲ့အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက် ခရီးပေါက်ပါတယ်။ ဒါတင်မက အရင်တုန်းကလို မလက္ကာရေလက်ကြားကို အားမကိုးရတော့ဘဲ တရုတ်ကို ရေနံတင်သွင်းလို့ ရသွားပါတယ်။

281248221_1844334842595335_6966205138082033936_n.jpg
ရခိုင်ပြည်နယ်၊ ကျောက်ဖြူက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနေရာတစ်ခု။ (Photo: RFA)

ဒါ့အပြင် အိန္ဒိယသမုဒ္ဒရာမှာ PLA Navy လို့ခေါ်တဲ့ ပြည်သူ့လွတ်မြောက်ရေးကြည်းတပ် ရေတပ်လှုပ်ရှားလို့ ရနိုင်သွားပါမယ်။ မြန်မာနိုင်ငံကို အလယ်မှာထားပြီး အမေရိကန်ပြည်ထောင်စုနဲ့ သူ့မဟာမိတ်တွေ အမေရိကန်ရဲ့ အပေါင်းအပါတွေနဲ့ တရုတ်နိုင်ငံဒေသတွင်း အားပြိုင်ဖို့ ဖြစ်လာမယ်လို့ Center for a New American Security (CNAS ) အမေရိကန်လုံခြုံရေးရာသစ်ဌာနက ဟောကိန်းထုတ်ထားပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ အရှေ့အလယ်ပိုင်းက ရေနံကို ရခိုင်ပြည်နယ် ဆိပ်ကမ်းကနေ တရုတ်နိုင်ငံကို တင်ပို့ဖို့ ရည်ရွယ်တယ်လို့ ပြောပေမယ့် နောက်ကွယ်မှာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာအခင်းအကျင်းမှာ ပါဝင်ပြီး BRI စီမံကိန်းမှာ အလိုလို အကျုံးဝင်သွားပြီလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။