ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း ဝမ်ယိပြော
2024.08.14

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေရဲ့ မြို့ရွာများအပေါ်တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သြဂုတ် ၁၄ ရက်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက် အသေးစိတ်ကို ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
စစ်ကောင်စီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို စစ်ကောင်စီက လိုရာစွဲ ထုတ်ပြန်တာဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
"တရုတ်နိုင်ငံကပြောတဲ့ဟာကို စစ်ကောင်စီက နားလည်ပါးလှည့် သုံးသွားတာလည်းဖြစ်နိုင်ပါတယ်၊ တရုတ်သံရုံးက ထုတ်ပြန်ထားတာလည်းရှိပါတယ်၊ သူတို့က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် တိုက်ပွဲတွေ ရပ်ဖို့အတွက် ရှမ်းပြည်မြောက်ပိုင်းပေါ့နော် သူတို့နဲ့ နယ်စပ်ချင်းကပ်နေတဲ့နေရာတွေကို ပိုပြီးတော့ အလေးထားတယ်၊ ဒါကတော့ သူတို့ရဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာကို စိုးရိမ်မှာပဲပေါ့နော်၊ အဲဒီဟာတွေအတွက် ပြောတာလို့ ကျွန်တော်နားလည်တယ်၊ တိုက်ပွဲတွေရပ်ဖို့ တရုတ်ကကူညီပေးနေတယ်ဆိုတာလည်း သိရတယ်၊ ဟိုက်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ပြီး စစ်အရှုံးကြီး ရှုံးတဲ့အခါ လျှောက်ပြောနေတာလို့ ကျွန်တော်ထင်ပါတယ်"
NUG ရဲ့ ဝေဖန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာလည်း စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဝမ်ယိက တိုက်တွန်းခဲ့ပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနဲ့ သန်းခေါင်စာရင်းကောက်ယူတာနဲ့ ပတ်သက်တဲ့ နည်းပညာအကူအညီတွေ ပေးသွားမယ်လို့လည်း ဝမ်ယိက ပြောခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီကဆောင်ရွက်မဲ့ ရွေးကောက်ပွဲကို ကူညီတာဟာ အကြမ်းဖက်မှုတွေကို ပိုများလာအောင်လုပ်ဆောင်သလို ဖြစ်သွားနိုင်ကြောင်း NUG ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
"စစ်ကောင်စီဟာ ရွေးကောက်ပွဲလုပ်ခွင့်လည်းမရှိဘူး၊ တရားဝင်မှာလည်းမဟုတ်ဘူး၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက အတုအယောင်သာဖြစ်မယ်၊ အဲဒါကို ပူးပေါင်းဆောင်ရွက်ခြင်းဟာ အန္တရာယ်ရှိပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေမရပ်မဲ့အပြင် အကြမ်းဖက်မှုတွေပိုမိုတိုးပွားအောင် စစ်ကောင်စီကို အားပေးအားမြှောက်လုပ်သလိုဖြစ်သွားမယ်ဆိုတာလည်း သတိထားဖို့ ကျွန်တော်အသိပေး ပြောကြားချင်ပါတယ်"
NUG ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲထောက်ခံအားပေးနေကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို မြန်မာနိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံ အားပေးနေတာကို တန်ဖိုးထားကြောင်း၊ နိုင်ငံတကာမျက်နှာစာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးနေကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
တရုတ်-မြန်မာအရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးဝေးမသွားလို့တာကြောင့် လာရောက်ညှိနှိုင်းတဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။
“စေ့စပ်ဆွေးနွေး စားပွဲပေါ်ရောက်အောင် ကြိုးစားနေတယ်ထင်တယ်။ မြောက်ပိုင်းအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲပြီးရုံနဲ့ မပြီးဘူး။ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာမှ ဗမာပြည်အရေးမှာ ပါဝင်တဲ့သူတွေအားလုံးပါတဲ့ ဆွေးနွေးပွဲကြီး ဖြစ်ဖို့လိုတယ်ဆိုပြီး အဲ့ဒါဖြစ်ဖို့ကြိုးစားနေတယ်။ စစ်ကောင်စီက ဒါကို စိတ်ကောက်နေသလိုဖြစ်တယ်။ ဩဂုတ်လ ၅ ရက်နေ့က မင်းအောင်လှိုင်ပြောတဲ့ မိန့်ခွန်းပဲ ဖြစ်ဖြစ်၊ သူတို့လုပ်တဲ့ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ဖြစ် အဲ့တော့ အဲ့ဒီဟာတွေ ကျေအောင်နဲ့ စစ်ကောင်စီကို ဆွေးနွေးပွဲပေါ်ရောက်အောင် လာပြီးကြိုးစားတယ်ထင်တယ်။”
ဆက်နွှယ်သောသတင်းများ
အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝမ်ယိ တွေ့ဆုံမည်
မြန်မာ့ငြိမ်းချမ်းရေး တရုတ်ကြိုးပမ်းမှု အောင်မြင်နိုင်မလား
စစ်ခေါင်းဆောင် အာဏာစွန့်ရေး စည်းရုံးပေးဖို့ ဦးသိန်းစိန်ကို တရုတ်တိုက်တွန်း
စစ်ကောင်စီက ပြန်လည်ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်စေမဲ့ မည့်သည့်ကိစ္စကိုမှ မြန်မာနိုင်ငံကတစ်ဆင့်လုပ်ဆောင်နေတာတွေကို ခွင့်ပြုသွားမှာမဟုတ်ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ် အထူးအလေးထားဆောင်ရွက်နေကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေအနေကို တရုတ်နိုင်ငံက တစုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက မြန်မာနိုင်ငံကို ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကနေ ကာကွယ်ပေးဖို့နဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ဖို့အတွက် အထောက်အပံ့တွေ ဆက်လက်ပံ့ပိုးကူညီသွားဖို့မျှော်လင့်ကြောင်း ဝမ်ယိကို ပြောခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံမှာ ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်တာကို အခိုင်အမာ ဆန့်ကျင်ကြောင်းနဲ့ မြန်မာနိုင်ငံ အစိုးရနဲ့ ပြည်သူတွေ ယုံကြည်အားထားရတဲ့ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြန်လည်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးပါတယ်။