လွယ်ဂျယ် တရုတ်နယ်စပ်ဂိတ် ကုန်တင်ပို့မှု ၈၀ ရာခိုင်နှုန်းကျော်လျော့ကျ
2022.11.30
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အပြင် ရှန်တိန်စနစ် အပြောင်းအလဲကြောင့် ဗန်းမော် - လွယ်ဂျယ်လမ်းကနေ တရုတ် နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုတွေ သိသိသာသာ လျှော့ကျသွားတယ်လို့ နယ်စပ်ကုန်သည် တွေက RFA ကို ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က အခုပွင့်လင်းရာသီမှာ တစ်နေ့ကို ကုန်ကားအစီးရေ ၃၀၀ ဝန်းကျင်ခန့် သွားလာခဲ့ရာကနေ အခုတော့ တစ်နေ့ကို ကုန်ကား ၄၀၊ ၅၀ လောက်သာ ရှိတော့တာကြောင့် ၈၄ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်ကားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ခါတိုင်းဆို ဒီချိန်ဆို အစီး ၂၀၀ ကျော် ၃၀၀ တက်ပြီပေါ့ အခုက လေး၊ ငါးဆယ် လောက်ပဲ တက်သေးတယ်။ အဓိကတော့ ကားရှန်တိန်ကွင်းပေါ့။ covid-19 လည်း မရှိတော့ဘူးဗျာ။ တရုတ်ပြည်ကလည်း အဲလောက်ထိ ပိုးတွေ့တာ မရှိတော့ဘူး၊ အဲဒါ ဗမာပြည်ဘက်မှာ ရှန်တိန်ကွင်းဆိုတော့ ဗမာပြည်က လုပ်ငန်းရှင်တချို့က ရှန်တိန်ကွင်း ဆိုပြီး လုပ်စားနေတော့ ပြည်သူတွေအတွက် သွားရလာရတာ ခက်တာပေါ့။ ပိုက်ဆံပေး ရတာလည်း များတယ်။ ဂျူဒီခွန်နဲ့ ဆင်းရတောင် မလွယ်ဘူး”
အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနစ်က ဗန်းမော်-လွယ်ဂျယ်လမ်းကနေ တရုတ် နယ်စပ်ကို ကုန်ပစ္စည်းတင်ပို့တဲ့ ကားအစီးရေ တစ်နေ့ကို ၁၀၀ ဝန်းကျင်ခန့်ရှိခဲ့ရာကနေ အခုတော့ မနှစ်ကထက်စာရင် ကုန်ပစ္စည်းတင်ပို့မှု တစ်ဝက်လောက် လျော့နည်းသွား တယ်လို့လည်း သူက ပြောပါတယ်။
"ပိုက်ဆံပေး ရတာလည်း များတယ်။ ဂျူဒီခွန်နဲ့ ဆင်းရတောင် မလွယ်ဘူး”
လက်ရှိသွားလာနေတဲ့ ကုန်ကားတွေဟာလည်း တိုက်ပွဲအခြေအနေကို နားစွင့်ပြီးမှ သွားလာရတာကြောင့် နယ်စပ်ကိုကုန်ပစ္စည်းတင်ပို့မှုဟာ ပိုပြီးခက်ခဲလာတယ်လို့ ကုန်ကားမောင်းနေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်နေတဲ့ကာလမှာ ကျနော်တို့ မနက်ဆိုရင် ခါတိုင်းက ငါးမိုင်ဂိတ်က မနက် ၅ နာရီဖွင့်တယ်ဆိုရင် ကျနော်တို့ ၄ နာရီခွဲလောက် အရောက်၊ ၆ နာရီဖွင့်တယ်ဆိုလည်း ၅ နာရီလောက် အရောက်၊ အခုကျတော့ မဟုတ်တော့ဘူး ၇ နာရီ ၈ နာရီမှ ကျနော်တို့ စုံစမ်းတယ်၊ စုံစမ်းပြီးမှ အခြေအနေကောင်းတယ် ဟုတ်ပြီဆိုမှ ကျနော်တို့ ထွက်ကြ တာပေါ့နော်။ လမ်းခရီးကလည်း တအားကြမ်းတဲ့အခါကျတော့ ကျနော်တို့ ခါတိုင်း လွယ်ဂျယ်ကို ညနေ ၃ နာရီလောက်ရောက်တယ် အခုက မရောက်တော့ဘူး၊ အခုက တချို့ကားတွေဆိုရင် လမ်းမှာအခက်အခဲဖြစ်တာနဲ့ လမ်းကြမ်းတာနဲ့ လမ်းမှာ တစ်ညအိပ်ပြီး မနက်ကျမှ လွယ်ဂျယ်ဝင်ရတယ်။ အဲလိုလေးတော့ အခက်အခဲဖြစ်တယ်“
စစ်တပ်ကအာဏာမသိခင်လ ၂၀ အတွင်း ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ သွင်းကုန်၊ ပို့ကုန်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၂၆၇.၅၂၆ သန်းရှိခဲ့ပြီး အာဏာသိမ်း ပြီးနောက် ၂၀၂၂ စက်တင်ဘာလအထိလ ၂၀ အတွင်းမှာတော့ သွင်းကုန်၊ ပို့ကုန်တန်ဖို့ အမေရိကန်ဒေါ်လာ ၁၈၂.၅၄၈ သန်းပဲရှိခဲ့တာကြောင့် အမေရိကန်ဒေါ် လာ ၈၄.၉၇၈ သန်းအထိ လျော့ကျသွားတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP Myanmar) က ထုတ်ပြန်ထားပါတယ်။
လွယ်ဂျယ်နယ်စပ်ဂိတ်ကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လကစလို့ ငါးလကျော်ကြာ ပိတ်ထားခဲ့ပြီးနောက် ၂၀၂၁ ဒီဇင်ဘာလလယ်ပိုင်းမှာ ပြန်လည် ဖွင့်လှစ်ခဲ့တာပါ။
ဗန်းမောက်ကနေ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ယခင်က ကုန်ကားတစ်စီးကို ငွေကျပ် ငါးသိန်းကျော်လောက်ပဲ ကုန်ကျခဲ့ပေမယ့် အခုတော့ ရှန်တိန်စနစ်အပြောင်းအလဲအပြင် အကောက်အခွန်တိုးမြှင့်မှုတွေကြောင့် ကုန်ကား တစ်စီးကို ကျပ်ငွေ သိန်း ၂၀ လောက်အထိ ကုန်ကျတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒါကြောင့် အခုနောက်ပိုင်း ကုန်ပစ္စည်းတင်ပို့မှုတွေကို ပုံမှန်မလုပ်နိုင်တော့ဘူးလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
“ဟိုဘက်က covid-19 အစီအစဉ်တွေနဲ့မို့၊ နောက်ပြီးမှ တိုက်ပွဲအခြေအနေတွေကြောင့် တော့ တစ်ကြောင်းပေါ့၊ ဒီနှစ်က လွယ်ဂျယ်လမ်းက စီးဆင်းမှုသိပ် အလုပ်မဖြစ်ပါဘူး။ ကျိုတို့ကျဲတဲပါပဲ။ သွားလိုက်၊ မသွားလိုက်ပေါ့။ အခုအကောက်အခွန်က အဆင်းကုန်ပဲ တက်တက် ဘာကုန်ပဲနေနေ ကားတစ်စီးကို ၁၀ သိန်းကျော် ကားတန်ဆာခထက်ကို ကားအကောက်အခွန်တွေ ပိုများသွားတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ”
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ကုန်စည်တင်ပို့မှု လျော့နည်းတယ်ဆိုတာ ကောလာဟလ သာဖြစ်တယ်လို့ ပြောပါတယ်။
“လွယ်ဂျယ်ဂိတ်နဲ့ ပတ်သက်ပြီးတော့ပေါ့ အရင်နှစ်ထက် ပို့ကုန်ကားစီးရေ ပိုမိုတင်ပို့ နေပါတယ်။ တစ်ရက်ကို ကျနော်တို့ ကားအစီး ၄၀ လောက်ပို့နေပါတယ်၊ လက်ရှိ အနေအထားပါ။ အခုက ကြံနဲ့ ငှက်ပျောကလည်း စပို့နေပြီဆိုတော့ ရှေ့မှာဒီထက် ပိုပြီးတော့ များလာတော့မယ်။ ရှန်တိန်ကွင်းတွေကြောင့် အခွန်တွေများလာလို့ ကားမသွားဘူးဆိုတာက ကောလာဟလပဲဖြစ်ပါတယ်။ အရင်တုန်းက ကားတစ်စီးကို တရုတ်ယွမ် ၁၂၀၀ ကောက်တာ အခု ၅၂၀ ပဲ ကောက်ပါတယ်။ နောက်တစ်ခု စည်ပင်ကြိုတင်ဝင်ငွေခွန်ကလည်း ၂ ရာခိုင်နှုန်းပဲပေးရတယ်။ အဲဒါကြောင့် အခွန်များပြီး ကားမသွားဘူးဆိုတာ မဟုတ်ပါဘူး။ နောက်ကုန်သွယ်မှုများတဲ့ ရာသီမရောက်သေးလို့ လတ်တလော ကားတွေနည်းနေတာပါ”

ကုန်သွယ်မှုအများဆုံး ရာသီကိုမရောက်သေးတာကြောင့် ကုန်ကားတွေနည်းနေတာဖြစ်ပြီး မြန်မာဘက်က ကုန်ပစ္စည်းတွေကို ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း တွေနဲ့အညီ တရုတ်နိုင်ငံကိုတင်ပို့ဖို့ နှစ်နိုင်ငံသဘောတူထားပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။
နယ်စပ်ကိုကုန်ပစ္စည်းတင်ပို့တဲ့ ကားတွေကို လုံခြုံရေးဂိတ်တွေက ငွေကြေးကောက်ခံ တာတွေ ရှိတဲ့အတွက် ကုန်ကျစရိတ်တွေ ပိုများတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။
ကုန်သည်တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုလည်း မနှစ်က ကုန်ကား တစ်စီးအတွက် တစ်နှစ်စာ မြန်မာငွေ ကျပ် ၆ သိန်းပဲပေးဆောင်ခဲ့ရပေမယ့် အခုနှစ် မှာတော့ တရုတ်ယွမ် ၂၅၀၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၁၀ သိန်းလောက်အထိ ပေးဆောင်နေရတာလို့ ပြောပါတယ်။
ကချင်ပြည်နယ်မှာ အခြားနယ်စပ်ဝင်ပါက်လမ်းတစ်ခုဖြစ်တဲ့ ကန်ပိုက်တီ နယ်စပ်ဂိတ် ကလည်း စစ်တပ်က အာဏာမသိမ်းခင် ၅ လအတွင်း သွင်းကုန်၊ ပို့ကုန်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁၆၇.၀၄၁ သန်းရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ၅ လအတွင်းမှာ ၁၁၀.၅၈၆ သန်းသာရှိခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် ၅ လအတွင်း ကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၆.၄၅၅ သန်းအထိ လျော့သွားတယ်လို့ ISP Myanmar က ပြောဆိုထားပါတယ်။