ချင်းပြည်နယ်မှာ ကလေးငယ်တွေ ပညာသင်ခွင့်အကူအညီလိုအပ်နေ
2023.06.29

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ ပိုကျယ်ပြန့်လာတဲ့ ပြည်တွင်း စစ်ကြောင့် တခြား ပြည်နယ်တွေလိုပဲ စာသင်ကျောင်းတွေဖွင့်ဖို့ အခက်အခဲ ဖြစ်နေတဲ့အတွက် ကျောင်းနေ အရွယ်ရောက်လာတဲ့ ကလေးတွေ ပညာသင်ခွင့် လမ်းပျောက်နေပါတယ်။
စစ်ကောင်စီဟာ မြို့ပေါ်တွေက စာသင်ကျောင်းတွေ နည်းနည်းလောက်ကိုပဲ ဖွင့်ထားနိုင်ပြီး ရွာတွေမှာ လုံးဝမဖွင့်နိုင်ပါဘူး။ ဒါကြောင့် စစ်ကောင်စီက ကျောင်းမဖွင့်နိုင်တဲ့ရွာတွေနဲ့ ချင်းဒေသကာကွယ်ရေး အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ကြားကာလပညာရေး အနေနဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်ပြီးသင်ကြားပေးနေပါတယ်။
"ကျောင်းစာသင်တော့မယ့် အချိန်မှာ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ကြောင့် ဗလာစာအုပ်ဝယ်ဖို့တောင် ခက်ခဲတယ်"
စစ်ကောင်စီရဲ့ စစ်ဆင်ရေးကြောင့် တစ်မြို့လုံးနီးပါး ပြာကျပြီး မြို့ပျက်ဖြစ်သွားတဲ့ ထန်တလန်မှာဆိုရင် မြို့ပေါ်ရော၊ ကျေးလက်မှာပါ စစ်ကောင်စီက ကျောင်းမဖွင့် နိုင်သေးပါဘူး။
၂၀၂၂ ခုနှစ်မှာ ထန်တလန်မြို့ ဒေသကာကွယ်ရေးအဖွဲ့တွေ ဦးဆောင်တဲ့ ကြားကာလ ပညာရေး အဖွဲ့ဟာ ရွာတွေမှာ ကိုယ်ထူကိုယ်ထကျောင်းတွေဖွင့်ပြီး ကလေးငယ်တွေကို သင်ကြားပေးနိုင်ခဲ့ပေမယ့် ဒီနှစ်မှာ စစ်ကောင်စီရဲ့ လေကြောင်းရန် အန္တရာယ်ကြောင့် ကျောင်းတွေပိတ်ထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန်မြို့ ကြားကာလပညာရေးမှူးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ကျောင်းမဖွင့်နိုင်သေးဘူးခင်ဗျ။ လေကြောင်းရန်က တအားကြောက်စရာ ကောင်းတော့လေ။ လောလောဆယ်တော့ ကျောင်းပိတ်ထားတယ်။ ကျွန်တော်တို့ အစည်းအဝေးလည်း မထိုင်ရသေးဘူးဗျ။ သီမြစ်ဘက်ကလည်း တိုက်ပွဲက ကြမ်းနေ တယ်လေ။ တလန်လိုဆိုရင် သူတို့ ကျောင်းဖွင့်တော့မယ်လို့ ပြင်ဆင်နေတဲ့အချိန် ဗုံးကြဲခံရတာလေ။ CDM နှစ်ယောက်တောင်မှ အသက်ဆုံးရှုံးခဲ့ရတယ်”
ဟားခါး၊ ဖလမ်း၊ မတူပီ၊ မင်းတပ်၊ တွန်းဇံ၊ တီးတိန် စတဲ့မြို့ပေါ်တွေမှာ စစ်ကောင်စီက ကျောင်းဖွင့်နိုင်ပေမယ့် ကျေးရွာတွေဘက်မှာတော့ မဖွင့်နိုင်ပါဘူး။
ကိုယ်ထူကိုယ်ထကျောင်းတွေမှာ စာသင်ပေးနေတဲ့ CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ ဝန်ထမ်းတွေ စားဝတ်နေရေးအတွက် ထောက်ပံ့လစာကို ကျောင်းသားမိဘတွေနဲ့ နိုင်ငံခြားရောက် ချင်းလူမျိုးတွေက ဝိုင်းဝန်းထောက်ပံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ကျောင်းသားမိဘတွေအများစုက လက်လုပ်လက်စား တောင်သူတွေဖြစ်လို့ အခုအချိန် ဝင်ငွေမရှိတဲ့အခါ ဆရာ၊ ဆရာမတွေကို ထောက်ပံ့တာ အခက်အခဲရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်က RFA ကို ပြောပါတယ်။
“တချို့ရွာတွေကလည်း အကုန်လုံး တာဝန်ယူ လုပ်ပေးကြတယ်။ တချို့ကျတော့လည်း ဒီရွာက တစ်ဝက်၊ နိုင်ငံခြားက တစ်ဝက် အဲလိုလုပ်ကြတာ။ ရွာရှိတဲ့သူတွေကလည်း ဘယ်ကမှ ပိုက်ဆံမရတဲ့ အခါကျတော့ နည်းနည်းအခက်အခဲတော့ရှိတာပေါ့။ ကျောင်းသားတစ်ယောက် ဘယ်လောက်ဆိုပြီး ကောက်ပြီးမှ စာသင်ကြတယ်။ ခက်ခဲမှုကတော့ လစာက ခက်ခဲမှုဖြစ်နေတယ်”
မင်းတပ်မြို့နယ်မှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ပြီး ရွာတွေမှာ ကိုယ်ထူကိုယ်ထ ကျောင်းပေါင်း ၁၉၀ ကျော် ဖွင့်ထားနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက မင်းတပ်မြို့ပေါ်မှာ ကျောင်းသုံးကျောင်း ဖွင့်ထားပေမယ့် တိုက်ပွဲခဏခဏဖြစ်နေလို့ ဆက်မဖွင့်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအပြင် စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် ပိုက်ဆံရှိရင်တောင် ကျောင်းသုံးပုံနှိပ် စာအုပ်၊ ခဲတံ၊ ဗလာစာအုပ်တွေ ဝယ်လို့မရအောင် ခက်ခဲနေတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကိုယောမန်က RFA ကို ပြောပါတယ်။
“Teacher training မှာ အခက်အခဲရှိတယ်။ ဒုတိယအခက်အခဲကတော့ ကျောင်းဖြစ် လာပြီ၊ ကျောင်းစာသင်တော့မယ့် အချိန်မှာ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ကြောင့် ဗလာစာအုပ်ဝယ်ဖို့တောင် ခက်ခဲတယ်။ ကုန်ဈေးနှုန်းကြီးတာကို မပြောနဲ့ဦး ပိုက်ဆံရှိရင်တောင်မှ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နဲ့ ပုံနှိပ်စာအုပ်တွေ ဝယ်ဖို့ခက်တယ်။ အဲဒါတွေက အဓိက အခက်ခဲတွေပေါ့။ နောက်တစ်ခါကျတော့ ဆရာလစာပေးဖို့ပေါ့နော်။ မိဘတွေကပဲ ဆရာမတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ CDM ဆရာမတွေကို လစာ ပေးနေရတာ”
ကျေးရွာတွေကို ကျောင်းသုံးစာအုပ်တွေ၊ ဗလာစာအုပ်တွေ သယ်ယူခွင့်ကန့်သတ်ထားတယ် ဆိုတာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်ရဲ့ စစ်ကောင်စီ ပြောခွင့်ရ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပညာရေးဟာ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးလို့ အားလုံးဝိုင်းဝန်း ပံ့ပိုးပေးသင့် တယ်လို့ ချင်းအရေးလေ့လာသူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“ပညာရေးကဏ္ဍမှာ ချို့ယွင်းသွားရင်တော့ ဘယ်လောက်ပဲ တော်လှန်ရေးကရလဒ် ကောင်းနဲ့ အောင်မြင်၊ အောင်မြင် မျိုးဆက်သစ်တွေအနေနဲ့ ပညာမတတ်တဲ့ မျိုးဆက်သစ်တွေ များစွာရှိသွားရင်တော့ တိုင်းပြည် အနာဂတ်ဟာ တော်တော်လေး စိုးရိမ်စရာဖြစ်တာပေါ့။ ပညာရေးကဏ္ဍမှာ ငွေကြေးနဲ့ လူသားအရင်းမြစ် ကဏ္ဍကြောင့် ပညာရေးကဏ္ဍ မဆုတ်ယုတ်သွားအောင် ဝိုင်းဝန်းပံ့ပိုးကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်”
ချင်းပြည်နယ်က ရွာတွေမှာ ကျောင်းအကုန်လုံး မဖွင့်လှစ်နိုင်သေးလို့ တချို့ ကျောင်းနေ အရွယ် ကလေးတွေဟာ မိသားစုဝင်ငွေအတွက် ရရာအလုပ်ကိုလုပ်နေကြရသလို နိုင်ငံခြားရပ်ခြားမှာ အလုပ်လုပ်ဖို့ ပိုပြီး စိတ်အားထက်သန်နေကြပါတယ်။