မြန်မာကလေးတွေအတွက် ဖိအားပိုပေးကြဖို့ ကုလအထူးကိုယ်စားလှယ် တောင်းဆို
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်လို့ ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အနည်းဆုံး ကလေး ၃၈၂ ဦး သေဆုံးတာ ဒါမဟုတ် ကိုယ်လက် အင်္ဂါ ချွတ်ယွင်းပျက်စီးတာတွေနဲ့ ကြုံခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေဟာ ပဋိပက္ခအတွင်း တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်ချိန်မှာသာ သေဆုံးရတာ မဟုတ်ဘဲ စစ်တပ်က တမင်ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် သေဆုံးထိခိုက်ရတာ လို့လည်း ဆိုပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ လူသားချင်း စာနာရေးနဲ့ လူ့အခွင့်အရေး အဖွဲ့တွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေက ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး ဖော်ပြတာလို့ ဆိုပါတယ်။
အစီအရင်ခံစာထုတ်ပြန်တဲ့ ဇွန်လ ၁၄ ရက်နေ့မှာပဲ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ယူဆိုမိုဆိုရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အသက် သုံးနှစ် အရွယ်ကလေး အပါအဝင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာကို လက်နက်ကြီးသုံးလုံး ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် ၂၀ အရွယ် အမျိုး သားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နောက်တစ်လုံးက အိမ်လည်း ထိသွားတယ်။ အဘွားကြီးတစ်ယောက် ခြေသလုံးမှာ ထိသွားတယ်။ နောက် ကလေးငယ်က သူ့နဖူးပေါ်မှာ နည်းနည်းထိသွားတယ်။ နောက်တစ်လုံးက သူ့လက်မောင်းမှာ ထိသွားတဲ့ တစ်ယောက်က အိမ်ပြန်လာလည်ရင်း ထိသွားတာ”
လက်နက်ကြီး ထိမှန်ခဲ့တဲ့ရွာဟာ စစ်ဘေးဒုက္ခသည်တွေ လာရောက်ခိုလှုံနေတဲ့ကျေးရွာ ဖြစ်ပြီး အဲဒီမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူးလို့ ဆိုပါတယ်။
ကုလအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီအရင်ခံစာအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်းမှာ တိုက်ပွဲတွေကြောင့် သေဆုံးတဲ့ကလေးပေါင်း ၁၄၂ ဦးနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကလေးအရေအတွက်က နှစ်သိန်းခွဲထိ ရှိနေပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့အခါ ကလေးသူငယ်နဲ့ အမျိုးသမီးတွေက ပိုပြီး ထိခိုက် ခံစားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
“ချုံထဲမှာ၊ တောထဲမှာ နေရတဲ့အခြေအနေတော့ ကလေးအတွက်လည်း တော်တော် လေး ဒုက္ခရောက်တယ်။ တကယ်လို့ ကလေးတွေက ကျန်းမာရေးချို့တဲ့လာရင် ဘယ် မှာရှာရမလဲ။ ဘယ်သွားရမလဲဆိုတာ မသွားတတ် မလာတတ်တော့ ဖြစ်သလိုနဲ့ပဲ ထိန်းချုပ်ရတော့ ကလေးကိုဖြစ်သလိုပဲ လုပ်ကြတော့ တော်တော်လေးဒုက္ခရောက် တယ်။ မိခင်နဲ့ ကလေးတော့ ဒုက္ခရောက်တယ်။ ကြီးကြီးကျယ်ကျယ် ခံစားရတယ်။ တချို့အမျိုးသမီးတွေ စိတ်ထိခိုက်မှုရှိလို့ ကလေးမအောင်တဲ့သူလည်း အများကြီး ရှိတယ်”
ကယားပြည်နယ်လိုပဲ ခုခံစစ်တွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာဆိုရင်လည်း အာဏာ သိမ်း တစ်နှစ်ကျော် အတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးရတဲ့ အရပ်သား ၂၀၀ ကျော်ရှိပြီး အသက်မပြည့်သေးတဲ့ ကလေးတွေ သေဆုံးတာက ငါးဦးထိ ရှိတယ်လို့ ချင်းပြည်နယ် ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့က အသက် ၁၀ နှစ်အရွယ် မောင်လျန်မွန်ဆန်ဟာဆိုရင် ပြီးခဲ့တဲ့နှစ် မေလ ၁၉ ရက်နေ့က မြို့ထဲကို ဗီဒီယိုခွေသွားဝယ်ရင်း လမ်းမှာတွေ့တဲ့ ဗုံးကို ဘက်ထရီထင်ပြီး ကောက်ယူမိတာကြောင့် ဗုံးကွဲ သေဆုံးခဲ့ရတယ်လို့ သူ့ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
"တီးတိန်မြို့ Mytel ရုံးအထက်နားမှာ ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားတဲ့ ဘက်ထရီကို တွေ့ပြီး ကျမသားလေးက ယူသွားတာ။ ပြီးတော့ လွယ်ဘွားရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ်နားမှာ ရေသောက်တယ်။ ရေသောက်ပြီးတော့မှ သူယူလာတဲ့ဟာကို ဖွင့်ကြည့် လိုက်တယ်။ အဲ့အခါမှာ မီးခိုးတွေထွက်လာပြီး ခဏကြာတော့ ပေါက်ကွဲသွားတယ်။ အဲ့မှာ ကျမသားလေးက ပွဲချင်းပြီးဆုံးသွားတယ်။ သူ့သူငယ်ချင်း နှစ်ယောက်ကတော့ ဒဏ်ရာပဲရတယ်”
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီအရင်ခံစာထဲမှာ အသက် သုံးနှစ်အောက် အပါအဝင် ကလေး အနည်းဆုံး ၆၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံ ထားရတယ်လို့ ဖော်ပြထားပါတယ်။
"တောထဲမှာ နေရတဲ့အခြေအနေတော့ ကလေးအတွက်လည်း တော်တော်လေး ဒုက္ခရောက်တယ်"
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ပဲခူးတိုင်း၊ ပြည်ခရိုင် ဗ.က.သ ဥက္ကဋ္ဌဟောင်း ကိုစိုးမြတ်မင်းကို ဖမ်းဆီးပြီး ရက်ပိုင်းအတွင်းမှာပဲ သူရဲ့ ဇနီးနဲ့ နှစ်နှစ်အရွယ် ကလေးငယ်တို့ ထပ်ပြီးဖမ်းဆီး ခံလိုက်ရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီလုပ်ရပ်ဟာ မိဘတွေကို မေးမြန်းစစ်ဆေးလို့မရရင် ကလေးနဲ့ အကျပ်ကိုင်ပြီး ခြိမ်း ခြောက်ချင်လို့ ရည်ရွယ်ချက်ရှိရှိ ကလေးကိုပါ ဖမ်းဆီးတာလို့ အဲဒီမိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ယူဆပါတယ်။
“စစ်ကြောရေးတွေမှာ အကျပ်ကိုင်ပြီး ဖော်ထုတ်ဖို့အတွက်၊ အကျပ်ကိုင်ဖို့အတွက်သော် လည်းကောင်း၊ မိခင်၊ ဖခင်တွေကို သူတို့ မေးလို့မရတော့တဲ့အခါ တစ်စုံတစ်ရာကို ခြိမ်းခြောက်ချင်လို့သော်လည်းကောင်း သူတို့ရဲ့ ကလေးတွေ၊ မိသားစုဝင်တွေကို ဖမ်းတယ်လို့ ယူဆတယ်။ အဲဒီကလေးတွေက သူတို့စစ်ကြောရေးထဲမှာသော်လည်း ကောင်း၊ ထောင်ထဲမှာသော်လည်းကောင်း အရွယ်နဲ့မမျှတဲ့ စိတ်ထိခိုက်မှုတွေ၊ ပင်ပန်း မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကြုံရတဲ့အခါမှာ တကယ်တမ်း အပြင်ကို ပြန်ရောက်လာတဲ့အခါကျတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမဖြစ်တာ၊ စိတ် ဒဏ်ရာ အကြီးအကျယ်ရရှိတာတွေက နောက်ပိုင်းမှာ ဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်တယ်။ ကလေးအတွက်လည်း အများကြီးထိခိုက်တယ်”
ဖမ်းဆီးခံရတဲ့ အချိန်ကစလို့ ကလေးအပါအဝင် ကလေးမိဘတွေနဲ့ ဒီနေ့အထိ အဆက်အသွယ် မရသေးသလို သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွကိုလည်း မသိရသေးဘူးလို့ သူက ဆိုပါတယ်။
စစ်အာဏာသိမ်းမှုအတွင်း အရွယ်မရောက်သေးတဲ့ ကလေးတွေဟာ ရိုက်နှက်ခံရတာ ဒါမှမဟုတ် စစ်ဆေးမေးမြန်းချိန်အတွင်း လက်သည်းခွံအနွှာခံရတာနဲ့ သွားနုတ်ခံရတဲ့ ညှဥ်းပန်းနှိပ်စက်မှုတွေကိုလည်း ကြုံရတယ်လို့ ကုလသမဂ္ဂကိုယ်စားလှယ်ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာတော့ စစ်ကောင်စီတပ်က ရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးပြီး နည်းမျိုးစုံနဲ့ နှိပ်စက်တာတွေ ရှိတယ်လို့ ယင်းမာပင်မြို့နယ်အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။
“အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ရန်သူ့စစ်ကောင်စီဘက်က ဖမ်းဆီး တယ်၊ နှိပ်စက်တယ်။ ဒါပေမဲ့ ဖမ်းခံရတဲ့သူတွေကိုတော့ PDF လို့ စွပ်စွဲတာပေါ့နော်။ ညှဥ်းပန်းနှိပ်စက်တဲ့နေရာမှာ လက်ပြန်ကြိုးနောက်ကို တုပ်ပြီးတော့ သေနတ်ဒင်နဲ့ ထုတာတို့၊ ပါးတွေ နားတွေရိုက်တာတို့ နည်းအမျိုးမျိုးနဲ့ပေါ့ဗျာ။ ဥပမာ-မီးစနဲ့ ကောက်ထိုးတာတို့၊ ဓားနဲ့ တချို့နေရာတွေ မွှန်းတာတို့ ဒါမျိုးကိစ္စတွေကို သူတို့ ကျူးလွန်နေတဲ့ အနေအထားတွေထိအောင် ရှိပါတယ်။ နောက်တစ်ခုကတော့ လက်နောက်ပြန်ကြိုးတုပ်ပြီးတော့ ရက်ရက်စက်စက်သတ်တဲ့ အနေအထားတွေထိ အဲဒီလိုမျိုးဖြစ်စဉ်တွေ ကျနော်တို့ ယင်းမာပင်မြို့နယ်ထဲမှာ ရှိပါတယ်။ ဒါတွေက ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အနေအထားပေါ့နော်”
ကုလ ကိုယ်စားလှယ် Tom Andrews ရဲ့ အစီအရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။
အာဏာသိမ်းတစ်နှစ်ကျော်အတွင်း ၁၈ နှစ်အောက်ကလေးသူငယ် ၁၀၀ ကျော် သေဆုံးမှုနဲ့ ပတ်သက်လို့ RFA က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မေးမြန်းခဲ့ တုန်းကတော့ သူတို့အနေနဲ့ ဘယ်ကလေးသူငယ်ကိုမှ ပစ်မှတ်ထား တိုက်ခိုက်စရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ကလေးတွေ ခံစားနေရတဲ့ ဝေဒနာတွေက လွတ်မြောက်စေဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို ပိုမိုတိုးမြှင့်ဖိအားပေးကြဖို့ ကုလ အထူးကိုယ်စားလှယ် Tom Andrews က တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ မကြုံဘူးတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဘေးဒုက္ခနဲ့ ရင်ဆိုင်နေပြီး မြင့်တက်လာတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ၊ COVID-19 ကူးစက်ရောဂါ၊ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေ၊ မြင့်တက်လာတဲ့ ဆင်းရဲမွဲတေမှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပြတ်တောက်တာတွေကြောင့် ကလေးငယ် ငါးသန်းလောက်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ UNICEF Myanmar က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကြေညာချက် ထုတ်ပြန်ထားပါတယ်။