ကက်သလစ် ဘာသာဝင် အဓမ္မပြုကျင့်မှု မြန်မာပြည်မှာလည်း အနည်းငယ်ရှိ


2019.01.02
chruch-622 ခရစ်ယာန်ဘုရားရှိခိုးကျောင်း။
Photo: RFA

အိန္ဒိယနိုင်ငံမှာ ကက်သလစ်ခရစ်ယာန်ဘာသာဝင် သီလရှင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေ ကာလရှည်ကြာ ကြုံခဲ့ရတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပြဿနာမျိုး အနည်းငယ်ရှိခဲ့ဖူးပြီး၊ အနာဂတ်မှာ ဒီလိုပြဿနာတွေ မကြုံရအောင် ကာကွယ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်ရုံးက ပြောလိုက်ပါတယ်။

RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကက်သလစ် ဘာသာဝင် အဓမ္မပြုကျင့်မှု မြန်မာပြည်မှာလည်း အနည်းငယ်ရှိ

(မနန္ဒာချမ်း)

အိန္ဒိယနိုင်ငံမှာတော့ ကက်သလစ်ဘုန်းတော်ကြီးတွေကနေ သီလရှင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ အချိန်အတော်ကြာကတည်းက ရှိခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ သီလရှင်တွေရဲ့ အလိုမတူဘဲ လိင်ဆက်ဆံတာ၊ သီလရှင်တွေကို အတင်းအကျပ် ဖိအားပေးခံရတာတွေ၊ မဖွယ်မရာပြုမူတာတွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေနဲ့ ပတ်သက်ပြီး သီလရှင်တွေအနေနဲ့ လူသိရှင်ကြား ကျယ်ကျယ်လောင်လောင် ပြောဆိုတာမျိုးတွေ မရှိခဲ့ပါဘူး။

အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတာမျိုးတွေ ရှိခဲ့ပေမယ့် ကက်သလစ်အသင်းတော် တာဝန်ရှိသူ အဆင့်ဆင့်က ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တာ မရှိခဲ့ဘူးလို့လည်း AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ သီလရှင်တချို့က ပြောကြပါတယ်။

မြန်မာနိုင်ငံမှာလည်း အလားတူ ဖြစ်ရပ်မျိုးတွေ ရှိခဲ့ဖူးပြီး ဆယ်စုနှစ်နဲ့ချီမှ ပြန်ကြားခဲ့ရတာမျိုးတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရ မတိုင်ကြားရဲတဲ့ အခြေအနေတွေလည်း ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ Father စိုးနိုင် က ပြောပါတယ်။

“လောလောဆယ် မြန်မာပြည်အခြေအနေနဲ့ဆိုရင်တော့ case အနေနဲ့ ထင်ထင်ရှားရှားကြီး မပေါ်လာဘူး။ တစ်ခု နှစ်ခု လောက်တော့ အသံတွေ ကြားမိတာရှိတယ်။ ကျနော်တို့ နောက်မှ ပြန်ကြားရတာပေါ့နော်။ တော်တော်ကို ကြာမှ ၁ဝ နှစ်၊ ၁၅ နှစ်နေပြီးမှ အဲ့လို ပေါ်လာတာမျိုးတွေလည်း ပြန်ပြီးမှ ကြားရတာတွေရှိတယ်။ ပြောရရင်တော့ နိုင်ငံတကာမှာ ဖြစ်တဲ့ပုံစံမျိုးပါပဲ စွပ်စွဲခံရတာ၊ ဆရာတော်ကြီးတွေက အပြစ်ရှိတဲ့သူကို အကာအကွယ်ပေးတယ်ပေါ့နော်။ အရေးမယူဘူးလို့ အပြောခံရတာတွေ ရှိပါတယ်။ အဲ့ပုံစံမျိုး ပေါက်ခဲ့တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အိုကေ ပြီးသွားပြီ။ ပြီးသွားတဲ့ အပေါ်မှာ ဘယ်လို ပြန်ပြုပြင်ပြီးတော့ နေမလဲဆိုတဲ့ ခံဝန်ချက်တွေနဲ့ နေခဲ့ကြတာမျိုး ရှိတာပေါ့”

ဒီလိုပြဿနာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရတဲ့အပိုင်းတွေမှာ အခက်အခဲတွေ ရှိတယ်လို့ လည်း Father စိုးနိုင် က ပြောပါတယ်။

“ကိုင်တွယ်မှုအပိုင်းမှာတော့ ကျနော်တို့ဘက်က အားနည်းပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုမျိုး ပြဿနာတွေအပေါ်မှာ တကယ်တော့ နည်းလမ်းမသိသေးတာပေါ့နော်။ ရှေးရိုးနည်းအတိုင်း ဖြေရှင်းခဲ့တာတွေ ရှိတယ်။ အခုတော့ အသင်းတော်က ညွှန်ကြားချက်တွေ ပေးလာတာရှိတာပေါ့။ အဲ့ဒီ ညွှန်ကြားချက်တွေအတိုင်း ကျနော်တို့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ မူဝါဒအတိုင်းပဲ ကျနော်တို့ သွားမှာပါ။ Zero tolerance လုံးဝ သည်းမခံပဲနဲ့ ဖြစ်လို့ရှိရင် ဖြစ်တဲ့အတိုင်းပဲ အရေးယူဖို့ သတင်းတော်ရဲ့ လမ်းညွှန်မှုအတိုင်း ကျနော်တို့ ဆောင်ရွက်နေပါတယ်”

ဗာတီကန်ကျောင်းတော်ကနေလည်း တကမ္ဘာလုံးမှာရှိတဲ့ ကက်သလစ်ခရစ်ယာန်သတင်းတော်တွေကို ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီး၊ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာကျဆင်းခဲ့ရတဲ့ ဒီလိုဖြစ်ရပ်တွေကို ကြိုတင်တားဆီးနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတာ ရှိတယ်လို့လည်း Father စိုးနိုင်က ပြောပါတယ်။

“နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ Child Protection Policy တွေ ကျနော်တို့ကို ဆွဲခိုင်းတယ်။ ကျနော်တို့ မြန်မာပြည်အတွက်ဆိုရင်တော့ ကလေးတွေတင်မကဘူး။ ထိခိုက်လွယ်တဲ့ လူကြီးပိုင်းတွေပေါ့။ သူတို့ကိုလည်း ကျနော်တို့အနေနဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းတွေရှိပါတယ်။ ဒီနှစ်ပိုင်းတွေမှာတော့ ဆွေးနွေးပွဲတွေလည်း ကျနော်တို့ တော်တော်များများ ပေးပါတယ်။ သီလရှင်တွေကြားမှာရော၊ ရဟန်းဘုန်းတော်ကြီးတွေကြားမှာရော၊ ပြီးလို့ရှိရင် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် တကမ္ဘာလုံးမှာရှိတဲ့ ဆရာတော်ကြီးအဖွဲ့ချုပ်တွေရဲ့ ဥက္ကဌတွေကို ခေါ်ပြီးတော့ ဆရာတော်ကြီးတွေကနေတဆင့် ကိုယ့်ရဲ့နိုင်ငံတွေမှာ Child Protection Policy ကို သေသေချာချာ လုပ်ကြဖို့ လိုက်နာကြဖို့ဆိုတဲ့ လေးရက်ကြာ ညွှန်ကြားချက်ပေးဖို့လည်း ရှိပါတယ်”

ပုပ်ရဟန်းမင်းကြီးကတော့ - ဒီလို အရှုပ်ကိစ္စတွေအတွက် သူ့အနေနဲ့ အတော်လေး ရှက်ရွံမိကြောင်းနဲ့ ကလေးငယ်တွေနဲ့ လိင်ဆက်ဆံဖို့ စိတ်ဝင်စားတဲ့သူတွေ ကက်သလစ်ကျောင်းတွေမှာ မရှိတော့အောင် ဟန့်တားမယ်လို့လည်း အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ မိန့်ကြား ပြောဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ AP သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ် တွေ့ရှိချက်မှာတော့ - အာရှ၊ ဥရောပ၊ တောင်အမေရိကနဲ့ အာဖရိကဒေသတွေမှာ ကက်သလစ် ဘုန်းတော်ကြီးတွေ၊ ဆရာတော်တွေက သီလရှင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ပတ်သက်လို့ ဗာတီကန်ကျောင်းတော်က အချိန်အတော်ကြာကတည်းက သိရှိထားတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။