ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ တည်ငြိမ်အောင်လုပ်တဲ့ နည်းလမ်းတွေ လက်တွေ့မကျ
တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လူမှုကွန်ရက်ကနေ နိုင်ငံခြား ငွေ အရောင်းအဝယ်သူတွေကို စပြီးအရေးယူနေပြီလို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီ ကြေညာချက်ထဲမှာ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ နိုင်ငံခြားငွေ ရောင်းဝယ်နေတဲ့ Perfect Money နဲ့ B to P Money exchange တို့ဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၃၈ ကို ဖောက်ဖျက်ကျူးလွန်တာကြောင့် တရားစွဲဆိုဖို့ ဆောင်ရွက် ပြီးဖြစ်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
"အခုငွေလွှဲ လုပ်ငန်းတွေတောင်မှ အရေးယူတာတွေ တွေ့ရတယ်လေ"
အောက်တိုဘာလ ၁၇ ရက်နေ့မှာလည်း နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရထားတဲ့ Thomas Khanno ကုမ္ပဏီကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မဆောင်ရွက်ဘဲ ပုဒ်မ ၂၂ ကို ဖောက်ဖျက်တဲ့ အတွက် ပုဒ်မ ၃၅ (င) အရ လိုင်စင်ဖျက်သိမ်းလိုက်တယ်လို့ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။
ဒါဟာ အွန်လိုင်းကတစ်ဆင့် နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်သူတွေကို အရေးယူ သွားမယ်လို့ ဩဂုတ်လ ၂၇ ရက်နေ့မှာ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပြီးနောက် ပထမဦးဆုံး အရေးယူတာဖြစ်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကဏ္ဍကို ဒီလိုတင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်လာတာဟာ နိုင်ငံခြားငွေကြေးတန်ဖိုး တည်ငြိမ်ဖို့ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ငွေကြေးစီမံဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက RFA ကို ပြောပါတယ်။
“အဓိကကတော့ကွယ် အွန်လိုင်းကနေ တရားမဝင်လုပ်နေတာတွေက၊ အခုငွေလွှဲ လုပ်ငန်းတွေတောင်မှ အရေးယူတာတွေ တွေ့ရတယ်လေ။ လက်တွေ့ရုပ်သိမ်းတာတွေ တွေ့ရတယ်လေ။ လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ လိုင်စင်သိမ်းနေတာပေါ့။ အဲတော့ အွန်လိုင်းကနေ တရားမဝင်ရောင်းတဲ့ဟာတွေဆိုတော့ ငါတို့ကပိုပြီးတော့ ပိတ်ပင်တားဆီးမှာပေါ့။ ရှင်းရှင်းပြောရရင်တော့ ဒေါ်လာကိုငါတို့က တည်ငြိမ်နေဖို့ လိုချင်တာကွာ။ ကျပ်ငွေပဲဖြစ်ဖြစ် ဒေါ်လာပဲဖြစ်ဖြစ် တည်ငြိမ်နေဖို့လိုချင်တာ။ ချက်ချင်းတက် ချက်ချင်းဆင်း အဲဒါမျိုးတော့ ငါတို့က သဘောမကျဘူး ပွင့်ပွင့်လင်းလင်း ပြောရရင်။ အဲဒီအွန်လိုင်းကနေပြီး မတရားဆွဲတင်တယ်၊ မတရားဆွဲချတယ်ဆိုရင် လုပ်ရကိုင်ရတဲ့လူတွေမှာ အခက်အခဲဖြစ်မှာပေါ့”
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၈ အရ နိုင်ငံခြားသုံးငွေကို လုပ်ငန်းလိုင်စင်မရှိဘဲ မလုပ်ကိုင်ဖို့ တားမြစ်ထားပြီး ဒါကိုချိုးဖောက်ရင် သုံနှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သလို သက်သေခံပစ္စည်းတွေကို သိမ်းယူခံရမယ်လို့ ပြဌာန်းထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးနဲ့ပတ်သက်ပြီး ကန့်သတ်ချက်အမိန့် အမျိုးမျိုးကြောင့် စီးပွားရေးလုပ်ငန်းတွေ အခက်အခဲဖြစ်တဲ့အပြင် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေပါ ထိခိုက်နစ်နာတယ်လို့ ပြောကြပါတယ်။
ဗဟိုဘဏ်အနေနဲ့ လက်ရှိဒေါ်လာဈေး ပြန်တည်ငြိမ်ချင်တယ်ဆိုရင် နိုင်ငံခြားငွေကြေး ဈေးကွက်ကို လွတ်လပ်တဲ့ ဈေးကွက်အဖြစ် ပြန်လုပ်ပေးမှပဲ အဆင်ပြေလာနိုင်မယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဒီလက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ကျော်လွန်ချင်တယ်၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဗျာ ပိုကောင်းအောင် လုပ်ချင်တယ်ဆိုရင် ကျနော်တို့ကို လွတ်လပ်တဲ့ဈေးကွက် (open market) ပြန်လုပ်ပေးစေချင်တယ်။ အဲကျရင်တော့ မှောင်ခိုဈေးကွက်ဆိုတာက ပျောက်သွားမှာပေါ့။ အဲဒီမှောင်ခိုဈေးကွက် ပျောက်ချင်လို့ ဒီစာတွေ ထွက်လာတယ်။ ဒါတွေလုပ်တယ်လို့ ကျနော်တော့မြင်တယ်ပေါ့။ မှောင်ခိုဈေးကွက် ပျောက်သွားချင် တယ်ဆိုရင် လွတ်လပ်တဲ့ဈေးကွက် ဖွင့်ပေးပေါ့။ နိုင်ငံခြားငွေရောင်းဝယ်ခွင့် ခွင့်ပြုချက် ရထားတဲ့ ဘဏ်တွေကလည်း ကျနော်တို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေကို တကယ် ရောင်းပေးပေါ့။ ခုဈေးကကျတော့လည်း ဗဟိုဘဏ်မှာ သတ်မှတ်ထားတာတစ်မျိုး အပြင်မှာပေါက်နေတာကတစ်မျိုး။ ဒါကလည်း အားလုံးသိပြီးသားဗျာ”
နိုင်ငံခြားငွေကို တစ်ရက်အတွင်း ပြည်တွင်းသုံးငွေနဲ့ လဲလှယ်ကိုင်ဆောင်ရမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
အဲဒီထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက် နေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ၊ အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုတွေ၊ သံရုံး၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံပိုင် ဒါမှမဟုတ် နိုင်ငံခြားပိုင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေ မပါဝင်ဘူးလို့ ဧပြီ ၂၁ ရက်နေ့မှာ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

မေလ ၂၅ ရက်နေ့မှာလည်း ပြည်တွင်းကုန်ပစ္စည်းဝယ်ယူရောင်းချတာနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ နိုင်ငံခြားငွေကြေးကိုမသုံးဘဲ မြန်မာကျပ်ငွေကိုသာ သုံးစွဲရမယ်လို့ ဗဟိုဘဏ်က ကြေညာခဲ့ပြီး အဲဒီကြေညာချက်တွေ ကြားထဲမှာပဲ ဒေါ်လာဈေးအဆမတန် တက်လာခဲ့တာပါ။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေတန်ဖိုး အဆမတန်မြင့်တက် လာတာနဲ့ ဈေးနှုန်းတည်ငြိမ်မှုမရှိတာကို ထိန်းချုပ်နိုင်ဖို့အတွက် လုပ်နိုင်သလောက်လုပ် နေပေမယ့် လက်တွေ့မှာ မထိန်းချုပ်နိုင်တော့ဘူးလို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
“သူတို့(ဗဟိုဘဏ်)ကတော့ လုပ်နိုင်သလောက်တော့ လုပ်တာပဲပေါ့နော်။ ဒါပေမဲ့ သူတို့ အဲဒါတွေဟာ သတင်းအချက်အလက်လည်းပဲ သေသေချာချာမရဘူး။ အရောင်းအဝယ် တွေကလည်း သူဟာနဲ့သူကရှိနေတာပဲ။ ရှိနေတယ်နော် မှောင်ခိုပေါ့နော်။ အဲဒါတွေကို သူတို့နိုင်အောင် မထိန်းချုပ်နိုင်တော့ဘူး။ သူတို့ကတော့ ဒီဟာတွေကို အရင်းအမြစ်တွေ အကုန်လုံးကို လိုက်ပိတ်ပြီးတော့ အပြင်ကိုမထွက်ဘဲနဲ့ သူတို့ဘဏ်ကနေတစ်ဆင့်ပဲ သွားနိုင်အောင် လုပ်နေတာပေါ့။ အဲဒါမှာကိုပဲ ဘဏ်ကလုပ်တာဟာမှာကိုပဲ နှုန်းက သူတို့သတ်မှတ်တဲ့ ၂၁၀၀ နှုန်းမဟုတ်ဘဲ နှုန်းအမျိုးမျိုးဖြစ်နေတာတွေလည်း ရှိတယ်။ ဟိုမြန်မာ့ လေကြောင်းဆိုရင် သုံးထောင်နဲ့ ရောင်းတယ်လို့ သတင်းကြားတယ်။ အဲလိုဖြစ်နေတယ်လေ။ အဲတော့ မနိုင်တော့ဘူးဆိုတဲ့ သဘောတော့ပြနေတယ်။ ဒါပေမဲ့ သူတို့ကတော့ မရရအောင် ထိန်းချုပ်မယ့်သဘောထား ရှိပါတယ်”
အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ နိုင်ငံရဲ့ စီးပွားရေး ထိုးကျလာတာကို ထိန်းချုပ်နိုင်ဖို့ဆိုပြီး စစ်ကောင်စီဘက်က နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပေမယ့် တကယ့်အလုပ်ဖြစ်မယ့် နည်းလမ်းတွေ မဟုတ်ဘူးလို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောကြပါတယ်။