စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ ယာယီအပစ်ရပ်ဖို့ သဘောတူ

RFA Burmese
2024.01.12
စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ ယာယီအပစ်ရပ်ဖို့ သဘောတူ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် ပုံအား တွေ့ရစဉ်။
The Kokang

[Update: 5: 50 PM, Jan 12, 2024]

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ယာယီအပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ တတိယအကြိမ် ဆွေးနွေးပွဲကနေ သဘောတူလိုက်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၂ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ စစ်ကောင်စီ မီဒီယာတွေကတစ်ဆင့် ထုတ်ပြောလိုက်ပါတယ်။

“ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်လက်ပြီး ဆွေးနွေး သွားဖို့များလည်း ရှိပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာဖို့အတွက်လည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

ဒီဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက်ကနေ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး MNDAA က ကိုယ်စားလှယ် ငါးဦး၊ TNLA က ကိုယ်စားလှယ် ခုနစ်ဦး၊ ရက္ခိုင့်တပ်တော် AA က ကိုယ်စားလှယ် ခုနစ်ဦး၊ စစ်ကောင်စီဘက်က ဒုတိယဗိုလ် ချုပ်ကြီးမင်းနိုင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ငါးဦးနဲ့ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း တို့ တက်ရောက်ခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မြောက်ပိုင်းသုံးဖွဲ့ ထိပ်တန်းအရာရှိ တစ်ဦး က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ဘယ်သူက ဘယ်မြို့၊ ဘယ်နေရာကို ရယူမယ်ဆိုတဲ့ နယ်မြေသတ်မှတ်ချက် တွေကို မဆွေးနွေးဘဲ နှစ်ဖက်တပ်တွေ လက်ရှိရောက်နေတဲ့ နေရာအားလုံးမှာ ယာယီအပစ်အခတ်ရပ်စဲထားဖို့ သဘောတူခဲ့တာလို့ ဆို ပါတယ်။

“တရုတ်နိုင်ငံ ဖိအားပေးတိုက်တွန်းချက်ကြောင့် ဒီလိုအပစ်ရပ်လိုက်တာပါ။ သေချာတယ် နှစ်ဖက်စလုံးအပေါ် မှာ သူတို့ ဖိအားပေးတာ"

မြောက်ပိုင်းသုံးဖွဲ့ဘက်က မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ ဆက်မလုပ်ဖို့ ကတိပေးခဲ့ပြီး စစ်ကောင် စီ ဘက်ကတော့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုအပါဝင် စစ်ဆင်ရေးတွေမလုပ်ဖို့ သဘောတူခဲ့တယ်လို့ အဲဒီထိပ်တန်းအရာရှိက ပြောပါတယ်။

ဒီရလဒ်တွေဟာ လတ်တလော တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ထွက်လာတာဖြစ်ပြီး ရေရှည်တည်မြဲမှာတော့ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ် အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

“တရုတ်နိုင်ငံ ဖိအားပေးတိုက်တွန်းချက်ကြောင့် ဒီလိုအပစ်ရပ်လိုက်တာပါ။ သေချာ တယ် နှစ်ဖက်စလုံးအပေါ် မှာ သူတို့ ဖိအားပေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ယူနန်ပြည်နယ်ရဲ့ စက်မှုထုတ်ကုန်တွေ ထိခိုက်တယ်ပေါ့။ ဒီအတွက်ကြောင့်ပဲ အဖြေက ရှင်းရှင်းလင်းလင်း မရသေးဘဲ အပစ်ရပ်တန့်လိုက်တယ်။ ဒီလိုရပ်တာက လောလောဆယ်မှာတော့ နစကအတွက်လည်း အသက်ရှူချောင်တယ်။ မြောက်ပိုင်း သုံးဖွဲ့လည်း အသက်ရှူချောင် တယ်။ တရုတ်လည်း အသက်ရှူချောင်တယ်။ ဒါပေမဲ့ ဒါဟာ ရေရှည်ခိုင်မြဲမယ့်အခြေအနေ လုံး၀ မဟုတ်ဘူးလို့တော့ ကျွန်တော်ပြောချင် တယ်”

ကူမင်းဆွေးနွေးပွဲ သဘောတူညီချက်တွေကို တက်ရောက်သူအားလုံး လက်မှတ်ထိုး ခဲ့ကြပေမယ့် ဘယ်နေ့၊ ဘယ်ရက်အထိ အပစ်အခတ်ရပ်စဲထားမယ်ဆိုတဲ့ အချိန် ကန့်သတ်ချက် အတိအကျ မပါဝင်ပါဘူး။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဆွေးနွေးပွဲပြီးဆုံးတဲ့ ဇန်နဝါရီ ၁၁ ရက် ညပိုင်းကနေ စတင်အသက်ဝင်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူတချို့က ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မူဆယ်နဲ့ ချင်းရွှေဟော်မှာရှိတဲ့ ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ရေးကိစ္စကိုလည်း အကျေအလည် မဆွေးနွေးနိုင်သေးတဲ့ အတွက် ကူမင်းမှာ စတုတ္ထအကြိမ် ထပ်ဆွေးနွေးရဦးမယ်လို့ ဆိုပါတယ်။ တတိယအကြိမ် ဆွေးနွေးပွဲရလဒ်ဟာ ရှမ်းမြောက်ဒေသအတွက်ပဲဖြစ်ပြီး ရခိုင်ပြည်နယ် က တိုက်ပွဲတွေနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။

မြောက်ပိုင်းသုံးဖွဲ့ အခုလို ယာယီအပစ်ခတ်ရပ်စဲလိုက်တဲ့အတွက် သူတို့နဲ့အတူ ဟန်ချက်ညီလုပ်ဆောင်နေတဲ့ နိုင်ငံတစ်ဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်မှုတွေအပေါ် ထိခိုက်လာမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

ဒီအပစ်အခတ်ရပ်စဲမှုမှာ အဆိုးအကောင်း နှစ်ခုလုံးရှိတယ်၊ တရုတ်က ကြားဝင်လာတဲ့အခါ မြောက်ပိုင်းသုံးဖွဲ့ အနေနဲ့ လွန်ဆန်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

“အဆိုး၊ အကောင်း ရှိတာပေါ့။ တချို့ကတော့ ဒါက နွေဦးတော်လှန်ရေးကို နောက်ဆုတ်သွားစေနိုင်တယ်လို့ ပြောကြတယ်။ ကျွန်မကတော့ ဒီလိုမထင်ဘူး။ မြောက်ပိုင်းအဖွဲ့အနေနဲ့ကလည်း အေးအေးချမ်းချမ်းနဲ့ သူ့တပ်ကို သူပြန်လည်ပြင်ဆင်ဖို့၊ အနားယူဖို့ လိုသေးတယ်လေ။ နောက် အပစ်ရပ်တာကလည်း ယာယီပဲရပ်တာ။ လုံးဝ ရပ်သွားတာလည်း မဟုတ်ဘူး။ ယာယီရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုလည်း ကောင်းတဲ့ကိစ္စပဲ။ သူတို့ လွတ်လွတ်လပ်လပ် ဆွေးနွေးဖို့လည်း လိုပါတယ်။ တရုတ်က ကြားဝင်လာတဲ့အခါ တရုတ်ကို တစ်စုံတစ်ရာ ထောက်ထားပေးရတာလည်း ရှိချင်ရှိမှာပေါ့”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရ ဦးနေဘုန်းလတ် ကတော့ အခြေအနေအရ နေရာဒေသတစ်ခုမှာ အပစ်ရပ်လိုက်ရပေမယ့် သူတို့အနေနဲ့ စစ်အာဏာရှင် အမြတ်ဖြတ်ရေးကို ယတိပြတ်ဆုံးဖြတ်ထားတာမို့ တခြား တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

“တော်လှန်ရေးမှာကတော့ နေရာဒေသတစ်ခုမှာ အခြေအနေတစ်ခုခုကြောင့် ဒီစစ်က ရပ်နားတာမျိုး ရှိကောင်း ရှိနိုင်ပေမယ့် အကြမ်းဖက်စစ်အုပ်စု ဆက်လက်ပြီးတော့ တည်မြဲနေသရွေ့ပေါ့နော် ဘယ်နေရာမှ၊ ဘယ်ဒေသမှ ငြိမ်းချမ်းမှာ မဟုတ်ဘူးဆိုတာကို လည်းပဲ သူတို့ရဲ့ပြောစကားတွေက သက်သေပြနေပြီ ဖြစ်တယ်ပေါ့နော်။ အဲဒီအတွက် ကြောင့်မို့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ စစ်ရေးအရ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကိုသာ ရွေးချယ်ထားရပြီဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအကြမ်းဖက်စစ်အုပ်စု အမြစ်ဖြတ် နိုင်သည်အထိပေါ့နော်၊ ပူးပေါင်းဆောင်ရွက်မှုအားနဲ့ ဆက်လက်ပြီးတော့ သွားဖို့ပဲရှိပါတယ်ဗျ”

အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ စတဲ့မြို့တွေကို MNDAA၊ AA နဲ့အတူ KNDF၊ PLA၊ BPLA စတဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။ ဟိုပန်နဲ့ ပန်လုံမြို့တွေကိုတော့ အခုလ ၅ ရက်နေ့မှာ UWSA “ဝ” တပ်ဖွဲ့က သိမ်းယူထားတာပါ။

ကွမ်းလုံမြို့ စစ်ကောင်စီဗျူဟာကုန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့သည်ကို တွေ့ရစဉ်။ (Photo: The Kokang)
ကွမ်းလုံမြို့ စစ်ကောင်စီဗျူဟာကုန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့သည်ကို တွေ့ရစဉ်။ (Photo: The Kokang)

နမ့်ဆန်၊ မန်တုံ စတဲ့ တအာင်းဒေသက မြို့တွေအပြင် တရုတ်နယ်စပ် နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ စတဲ့မြို့တွေကိုတော့ TNLA နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ အရေးပါတဲ့ စစ်စခန်းပေါင်း နှစ်ရာကျော်ကိုလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းယူထားပါတယ်။

စစ်ရေးအကျိုးဆက်တွေကို နှစ်လကျော်ခံစားခဲ့ရတာကြောင့် ကူမင်းဆွေးနွေးပွဲကရရှိတဲ့ ယာယီအပစ်ခတ် ရပ်စဲရေးအပေါ် ယုံကြည်မှု နည်းနေဆဲပဲလို့ သီပေါမြို့ခံ ကိုစိုင်းက ပြောပါတယ်။

“အဲဒီမှာ ကျွန်တော်တို့ပြောချင်တာက ကတိတည်ဖို့တော့ လိုတယ်။ ပြည်သူတွေ အတွက်လည်း ကောင်းတယ်လို့တော့ မြင်တာပေါ့။ စိတ်ကတော့ သုံးဆယ်ရာခိုင်နှုန်း လောက်တော့ စိတ်အေးရတာပေါ့။ တုံးတိကြီး ယုံကြည်လို့တော့ မရသေးဘူးလို့ ကျွန်တော်တို့အနေနဲ့ ပြောချင်တယ်”

ကူမင်းဆွေးနွေးပွဲ သဘောတူညီချက်ရရှိတဲ့ ဇန်နဝါရီ ၁၁ ရက် ညပိုင်းကနေ ဇန်နဝါရီ ၁၂ ရက် ဒီနေ့မနက်ပိုင်း အထိ လားရှိုးနဲ့ သီပေါမှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဆွေးနွေးပွဲရလဒ် မထွက်ခင်ကလည်း လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မူဆယ်၊ မိုးမိတ် စတဲ့မြို့တွေကို မြောက်ပိုင်း အဖွဲ့တွေက ဆက်လက်သိမ်းယူမယ်ဆိုတဲ့ သတင်းတွေကြောင့် ရာနဲ့ချီတဲ့ အရပ်သားတွေ အိုးအိမ်စွန့် ခွာ ထွက်ပြေးနေကြဆဲလို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး နှစ်လတာအတွင်း ရှမ်းမြောက်ဒေသမှာ ကလေး သုံးဆယ်ကျော် အပါအဝင် အရပ်သား ၁၆၀ ကျော် သေဆုံးပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒေသခံ တစ်သိန်းကျော်လည်း အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ရှမ်းမြောက်ဒေသ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။