သင်္ကြန်ရက်အတွင်း CDM တပ်မတော်သား ပိုများလာ
2023.04.27

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်းမှာ စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာသူတွေ သိသိသာများလာတယ်လို့ CDM တပ်သားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
သင်္ကြန်ရက်အတွင်း တပ်တွင်းကနေ အပြင်ထွက်ခွင့် လျှော့ပေးတာမျိုးတွေ ရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ကြန်ရက်တွေအတွင်းမှာ ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူအများအပြားရှိပြီး မဲဆောက်မြို့ ‘မေမေ့ရင်ခွင်’ အဖွဲ့ကို ဝင်ရောက်လာသူ CDM စစ်သား ၁၂ ဦးလောက်ရှိတယ်လို့ ‘မေမေ့ရင်ခွင်’အဖွဲ့က ကိုမျိုးမြင့်အောင်ပြောပါတယ်။
“ ကျွန်တော်တို့တစ်ဖွဲ့တည်းကို ဆက်သွယ်လာတ ၁၂ ယောက်ရှိတယ်၊ တချို့လူတွေက တပ်မဟာတွေထဲ ရောက်သွားတာ။ တပ်မဟာတွေထဲမှာ သူတို့ သူငယ်ချင်းတွေ ရောက်နေတာမျိုးတွေရှိတာကြောင့်။ တချို့ကျတော့ ဘယ်ဘက်မှ မဆက်သွယ်တော့ဘဲ တပ်ပြေးသဘောမျိုး ဖြစ်သွားတာတွေ ရှိတယ် “
သူပြောတဲ့ တပ်မဟာတွေကို ရောက်သွားသူတွေကတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံးတပ်မဟာတွေ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်းထွက်လာသူ ပိုများရခြင်းဟာ သင်္ကြန်အတွင်းမှာ စစ်ကောင်စီတပ်တွေထဲမှာ အတိုင်းအတာတစ်ခုအထိ အရင်က တင်းကျပ်ထားတာတွေကို လျှော့ပေးတာကြောင့်ဖြစ်တယ်လို့ သင်္ကြန်ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်လာခဲ့သူ စစ်ကောင်စီတပ်က လုံခြုံရေးအရ အမည်မဖော်လိုသူ ရဲဘော်တစ်ဦးက ပြောပါတယ်။
“ အာဏာသိမ်းပြီးနောက်ပိုင်း စည်းကမ်းတွေ တင်းကျပ်ထားတယ်။ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ ဒါပေမဲ့ တပ်ယိုယွင်းလာတာနဲ့အညီ တပ်ပျက်လာတာနဲ့အညီပေါ့။ အောက်ခြေကစစ်သားတွေကို ပျော်အောင်ထားဖို့ဆိုတဲ့ အစီအစဉ်တွေရှိတယ်။ သင်္ကြန်ကာလအတွင်းမှာ ပေးလွှတ်ထားတာတွေ ရှိတယ်။ အဲ့ဒီအချိန်မှာ မနေချင်တော့တဲ့ စစ်သားတွေဟာ အသုံးချတာပေါ့ “
တကယ်က လက်တွေ့မှာ CDM လုပ်ပြီး နယ်စပ်ဖြတ်ကျော်လာသူ စစ်ကောင်စီတပ်သားတွေထက် တပ်ပြေးတွေက ပြည်တွင်းမှာ ပိုများလာနေတာ ဖြစ်တယ်လို့ CDM စစ်သားတွေကို အကူအညီပေးနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ‘ပြည်သူ့ပန်းတိုင်’အဖွဲ့က တပ်ကြပ်ကြီးဇေယျက ပြောပါတယ်။
“အခုရက်တွေမှာ CDM လုပ်တယ်ဆိုတာထက်သူတို့ဟာသူတို့ထွက်ပြေးတဲ့သူက ပိုများတယ်။ ဒီဘက်ကို လာပြီး ဆက်သွယ်တာထက် ထွက်ပြေးတဲ့သူက များတယ်။ ပြန်အဖမ်းခံရတာလည်း မနည်းဘူး။ ဟို ဂိတ်တွေမှာမိလိုက် ဒီဂိတ်မှာ မိလိုက်နဲ့။ အကြောင်းအမျိုးမျိုးနဲ့ပေါ့။ ရန်ဖြစ်လို့ မိတဲ့သူတောင် ရှိတယ်။ ဒီဘက်ကို ထွက်ပြေးတဲ့သူထက် ပြည်တွင်းမှာ ပတ်ရှောင်တဲ့သူက ပိုများတယ်”

အခုလို ပြည်တွင်းမှာ တပ်ပြေးအဖြစ်နဲ့ ပုန်းရှောင်နေကြတာဟာ တပ်ကထွက်လာတဲ့ CDM တွေကို အချိန်အကန့် အသတ်တစ်ခုအထိပဲ လက်ခံမယ်ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြောဆိုချက်ကြောင့် ဖြစ်နိုင်သလို စစ်ကောင်စီတပ်တွင်း CDM တွေနဲ့ပတ်သက်ပြီး မမှန်သတင်း ဖြန့်ထားတာတွေ အများကြီးရှိလို့ဖြစ်တယ်လို့ CDM အကူအညီပေးရေးအဖွဲ့တွေကပြောပါတယ်။
NUG အစိုးရဘက်က CDM တွေ လက်ခံသေးသလား ဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ CDM စစ်သား တွေကို အကူအညီပေးနေတဲ့ ‘ပြည်သူ့ရင်ခွင်’အဖွဲ့က ဗိုလ်ကြီးလင်းထက်အောင်က ...
“လက်မခံတော့ဘူးလို့တော့ မပြောထားပါဘူး။ သတိပေးထားတာပေါ့။ ပိတ်တော့မယ့်အချိန်မှာ မဝင်ရင် ဘာဖြစ်မယ်ဆိုပြီး ဝန်ကြီးချုပ်က တစ်လောက ပြောထားတာပါ။ ပိတ်တော့ မပိတ်သေးပါဘူး”
CDM ဝင်ရောက်မဲ့ စစ်သားတွေနဲ့ပတ်သက်ပြီး ပြည်သူ့သားကောင်း၊ ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ မေမေ့ရင်ခွင် စတဲ့ အဖွဲ့တွေက အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။