CDM ဝန်ထမ်းတွေကို အလုပ်အကိုင်အခွင့်အလမ်းပေးကြဖို့ တောင်းဆို
2024.01.30

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement – CDM) မှာပါဝင်ထားတဲ့ ဝန်ထမ်းတွေကို ခွဲခြားဆက်ဆံတာမျိုးတွေ မလုပ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးကြဖို့ CDM ဝန်ထမ်းထုက ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ သတင်းစာရှင်းလင်းပွဲမှာ အခုလို တောင်းဆိုချက်ကို ထုတ်ပြန်ပြောဆိုလိုက်တာပါ။
"ဖိနှိပ်ခံအချင်းချင်း ပြန်ဖိနှိပ်တဲ့ ကိစ္စမျိုးတော့ ရှောင်ကျဉ်ဖို့အတွက် ကျွန်တော်တို့က ပန်ကြားလွှာ ပြည်သူလူထုကို သတင်းစကားပေးတာဖြစ်တယ်”
ကျွမ်းကျင်ပိုင်နိုင်ရာ လုပ်ငန်းနယ်ပယ်တွေမှာ အလုပ်ပြန်လည်ရှာဖွေတဲ့အခါ CDM လုပ်ထားတဲ့သူတွေကို အလုပ်ခန့်ဖို့ ငြင်းဆန်ခံနေရတာတွေရှိတဲ့အတွက် တောင်းဆိုတာဖြစ်တယ်လို့ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ ဖြစ်မြောက်ရေး ကော်မတီဝင်၊ ဆရာနောင်ချိုက အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“အဓိကကတော့ စားဝတ်နေရေး ပြေလည်ဖို့အတွက် မိမိရဲ့တတ်ကျွမ်းတဲ့ ကျွမ်းကျင်မှု၊ ပိုင်နိုင်မှုကို အသုံးချပြီးတော့ အလုပ်အကိုင်လျှောက်တဲ့အခါမှာ ကျွမ်းကျင်မှုနှင့် ပိုင်နိုင်မှုကို ကြည့်ပြီးတော့ အလုပ်ခန့်ဖို့ပဲ ကျွန်တော်တို့က မေတ္တာရပ်ခံလိုတယ်။ CDM လုပ်လို့ဆိုတဲ့ဟာမျိုးနဲ့ လက်မခံတာမျိုးကကျတော့ အင်မတန် မသင့်လျော်၊ မလျော်ကန်တဲ့ ကိစ္စပေါ့နော်။ ဒါ CDM လှုပ်ရှားမှုကို boycott (သပိတ်မှောက်) ပြန်လုပ်တယ်လို့တောင် ကျွန်တော်တို့က ခံစားရတယ်။ ကျွန်တော်တို့ ပြည်သူလူထုကသာ CDM တွေကို မကာကွယ်ရင် တခြားကာကွယ်မယ့်သူ မရှိဘူး။ စစ်အာဏာရှင်က တရစပ်ဖိနှိပ်နေတာပေါ့နော်။ ဖိနှိပ်ခံနေရတာကတော့ ပြည်သူရော၊ ကျွန်တော်တို့ CDM တွေရော တူတူပဲပေါ့နော်။ အဲဒီတော့ ဖိနှိပ်ခံအချင်းချင်း ပြန်ဖိနှိပ်တဲ့ ကိစ္စမျိုးတော့ ရှောင်ကြဉ်ဖို့အတွက် ကျွန်တော်တို့က ပန်ကြားလွှာ ပြည်သူလူထုကို သတင်းစကားပေးတာဖြစ်တယ်”
စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် အကြောက်တရား ကြီးစိုးပြီး CDM တွေကို အလုပ်မခန့်တာတွေ၊ CDM တွေကို အိမ်မငှားတာတွေ၊ ငှားရင်လည်း စျေးကို နှစ်ဆတင်တာမျိုးတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံကို ဇန်နဝါရီလ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး ကိုယ်စားလှယ် ငါးရာကျော် တက်ရောက်ခဲ့တဲ့ထဲမှာ ပညာရေးကဏ္ဍက အများဆုံး တက်ရောက်ခဲ့ပြီး ကျန်းမာရေးကဏ္ဍက ဒုတိယအများဆုံး တက်ရောက်ခဲ့တာပါ။
ကိုယ်ပိုင်ကျောင်းတစ်ခုမှာ အလုပ်လျှောက်ဖို့ ကြိုးစားခဲ့ပေမယ့် CDM တွေကို လက်မခံပါဘူးဆိုပြီး စစ်ကောင်စီဆီမှာ ဝန်ခံကတိပြုထားတဲ့အတွက် အဲဒီကျောင်းက အလုပ်ခန့်ဖို့ကို ငြင်းဆန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူလတန်းပြ CDM ကျောင်းဆရာ တစ်ဦးကလည်း RFA ကို ပြောပြပါတယ်။
“အဲဒီကျောင်းမှာ အသိတစ်ယောက်ရှိတော့ သူ့ချိတ်နဲ့ သွားလျှောက်ဖို့လုပ်တယ်။ CV ကို မပို့ခင်မှာ ခေါ်တွေ့တယ်။ ဘာပြောလဲဆိုတော့ သူတို့အနေနဲ့ လက်ခံဖို့ အခက်အခဲ ရှိတယ်။ ကျွန်တော်တို့ (CDM) လုပ်ထားတဲ့ အခြေအနေကြောင့်မို့လို့ သူတို့လည်း သက်ဆိုင်ရာမှာ ဒါတွေကို လက်မခံပါဘူးဆိုပြီးတော့ လက်မှတ်ထိုးထားတဲ့ အတွက်ကြောင့် လက်ခံဖို့ အခက်အခဲရှိပါတယ်လို့ ပြောလာတယ်။ သိမ်းထားတဲ့ ယူနီဖောင်းကို မြင်လိုက်ရင်တော့ ခံစားချက်ကတော့ လုံးဝမကောင်းတာ။ ဒီနယ်ပယ်ထဲကို ပြန်တော့ဝင်ချင်တယ်။ ဒါပေမဲ့ လက်ရှိအနေအထားနဲ့ကတော့ ဝင်လို့လည်း ဘယ်လိုမှ အဆင်မပြေဘူး”
အဲဒီလို ငြင်းဆန်ခံရပြီးတဲ့နောက်မှာ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့အနေနဲ့ ကွန်ပျူတာပိုင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်ထဲကို ရောက်ရှိသွားခဲ့သည့်တိုင် အဖြူအစိမ်း ကျောင်းယူနီဖောင်းဝတ်စုံကို မြင်ရတိုင်း စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပုဂ္ဂလိကကျောင်းတွေမှာ CDM ဆရာ ခန့်အပ်တာကို ထိန်းချုပ်နိုင်ဖို့အတွက် ပုဂ္ဂလိကပညာရေး ဥပဒေကို ၂၀၂၃ ခုနှစ်မေလမှာ ပြဋ္ဌာန်းပြီး ပညာရေးဝန်ကြီးဌာနက ဖွဲ့စည်းတဲ့ ကြီးကြပ်ရေးအဖွဲ့က ပုဂ္ဂလိက ကျောင်းနဲ့ဆက်စပ်တဲ့ အရာအားလုံးကို ထိန်းချုပ်ထားခဲ့ပါတယ်။
အဲဒီမတိုင်ခင် ၂၀၂၂ ခုနှစ်အတွင်းကလည်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက သက်တမ်းတိုးလျှောက်ထားတဲ့ ကျောင်း ခုနစ်ကျောင်းနဲ့ သက်တမ်းကျန်ရှိနေတဲ့ ကျောင်း ကိုးကျောင်းကို နိုင်ငံရေးကင်းရှင်းမှု မရှိတာကြောင့်ဆိုပြီး ကျောင်းပိတ်သိမ်းပြီး မှတ်ပုံတင်တွေ ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။
အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပထဆုံး ပါဝင်ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်း နယ်ပယ်မှာလည်း အလုပ်ရရှိရေး ခက်ခဲမှုတွေရှိတယ်လို့ ဆိုကြပါတယ်။
CDM ကျန်းမာရေးဝန်ထမ်းတွေဆိုရင်လည်း ပုဂ္ဂလိက ဆေးရုံတွေမှာ အလုပ်ရှာဖွေတဲ့အခါ စစ်ကောင်စီရဲ့ ဖိအားကြောင့် သူတို့ကို အလုပ်မခန့်ရဲခဲ့ဘူးလို့ မြောက်ဥက္ကလာဆေးရုံက CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။
“ပုဂ္ဂလိကဆေးရုံးတွေကိုပဲ အားကိုးရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အလုပ်ရဖို့ အတွက်ပေါ့။ CDM ဝန်ထမ်းမို့လို့ မခန့်ဘူးလို့ တိုက်ရိုက်မပြောပေမယ့် အလုပ်ခေါ်စာတွေမှာ ဆမ လက်ဝယ်ကိုင်ဆောင်ထားရမယ်လို့ဆိုတဲ့ အချက်ပါလာတယ်။ CDM ဝန်ထမ်းတွေ အကုန်လုံးကို ဆမ ရုပ်သိမ်းလိုက်ပြီလို့ အမိန့်ကြေညာစာတွေ ထုတ်ထားတာလေ။ မသိတဲ့ အလုပ်ရှင်တွေက ခန့်လိုက်ပေမယ့် နောက်ပိုင်း စစ်ဆေးရေး ဝင်တာတို့ ဘာတို့မှာ ပြဿနာအရှာခံရပြီဆိုရင် အလုပ်ပြန်ထုတ်ပစ်တယ်။ တချို့ဆို အစကတည်းက မခန့်တော့တာ ဖြစ်လာတယ်။ လက်ခံပေးထားတဲ့ ဆေးရုံတွေဆို ဘယ်လိုနှိပ်ကွပ်လဲဆိုရင် လိုင်စင်ရုပ်သိမ်းတာတို့၊ ဒဏ်ကြေးကို သောင်းချီချတာတို့ကို ရက်ရက်စက်စက် လုပ်တယ်ပေါ့နော်။ သူတို့ လုပ်ပိုင်ခွင့် ရှိတဲ့အခါကျတော့”
အဲဒီလို ဖိနှိပ်မှုတွေကြောင့် CDM ကျန်းမာရေးဝန်ထမ်းတွေဟာ မိသားစုလုပ်ငန်းတွေမှာ ဝင်လုပ်နေရတာ၊ ဆေးဘက်ဆိုင်ရာ အသိပညာပေး သင်ကြားရေး လုပ်ရတာနဲ့ တချို့ဆို စျေးရောင်းပြီး ရပ်တည်နေရတဲ့ ဆရာဝန်တွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
CDM ဆရာဝန်တွေကို ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိက ဆေးရုံတွေကို ယာယီရပ်နားတာတွေ အပြီးတိုင် ပိတ်သိမ်းတာတွေကိုလည်း ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာ စစ်ကောင်စီက ပြုလုပ်ခဲ့တာပါ။
မန္တလေးမြို့ ကပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်းဆေးရုံတွေကို ၂၀၂၂ ဒီဇင်ဘာ ၃၁ နေ့ကစပြီး ယာယီပိတ်သိမ်းခဲ့ပြီး မြို့တော်၊ နန်းတော်၊ ကံ့ကော် ဆေးရုံသုံးခုကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့က လုပ်ငန်းလိုင်စင် ဖျက်သိမ်းလိုက်တယ်လို့ ၂၀၂၃ ခုနှစ် မေလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
မင်္ဂလာပုဂ္ဂလိကဆေးရုံကိုလည်း၂၀၂၃ ခုနှစ် သြဂုတ်လ ၂၅ ရက်မှာ ယာယီပိတ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ မင်္ဂလာ၊ မြို့တော်နဲ့ ကံ့ကော်ဆေးရုံတွေကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
မီးရထားဝန်ထမ်းတွေဆိုရင်လည်း ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီကြီးတွေမှာ အလုပ်သွားလျှောက်ရင် CDM ဝန်ထမ်း ဟုတ်၊ မဟုတ် မေးမြန်းပြီး လှုပ်ရှားမှုမှာ ပါဝင်ထားတယ်ဆိုရင် အလုပ်ခန့်ဖို့ကို ငြင်းဆိုခဲ့တယ်လို့ CDM မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ကိုယ်နဲ့နီးစပ်ရာ အလုပ်ကိုလုပ်ဖို့ဆိုတဲ့ကိစ္စက တော်တော်ခဲယဉ်းလာတယ်။ ဘယ်သူမှ ဂရုမစိုက်မိတဲ့ အလုပ်မျိုးတွေ၊ အလုပ်ကြမ်းတွေနဲ့ပဲ များသောအားဖြင့် သွားကြရတာပေါ့။ စီးပွားရေး လုပ်ငန်းကြီးတွေ မှာဆိုရင်တော့ CDM ဝန်ထမ်းကို ကန့်သတ်တယ်။ လက်မခံချင်ဘူးဆိုတာ သူတို့လုပ်ငန်းအတွက် အနှောင့်အယှက် ဖြစ်တယ်ပေါ့နော်။ သူတို့ကို မေးလားစစ်လား လုပ်လာမှာဖြစ်တဲ့အတွက် လက်မခံချင်ကြဘူး။ နိုင်ငံ့ဝန်ထမ်းထု CDM ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့တွေရဲ့ ဘဝကို အပြီးသတ် စွန့်လွှတ်ပြီးတော့ CDM လုပ်ကြရတာ။ ပြည်သူတွေအနေနဲ့ စေတနာလည်း ထားပြီးတော့ ဆက်ဆံစေချင်တယ်။ သူတို့တွေလည်း တိုက်ပွဲဝင်နေတဲ့ လူတွေပါလားဆိုတာမျိုး မြင်စေချင်တယ်”
ဒါပေမဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေမှာတော့ သူတို့ကို အလုပ်ပေးလေ့ရှိတယ်လို့တော့ သူက ပြောပါတယ်။
အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးရဲ့ အဓိက ထောက်တိုင်တစ်ခုဖြစ်ပြီး အာဏာသိမ်း သုံးနှစ် ကာလအတွင်း NUG အနေနဲ့ CDM တချို့ကို တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်နိုင်အောင် မတည်ငွေထုတ်ပေးတာ၊ ထောက်ပံ့ကြေးပေးတာနဲ့ ထိန်းချုပ်နယ်မြေတွေမှာ လာရောက်နေထိုင်ပြီး တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်တာမျိုးတွေရှိတယ်လို့ NUG ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။
တော်လှန်ရေး ကာလအလွန်မှာ ပြည်သူတင်မြှောက်တဲ့ အစိုးရတစ်ရပ် ဖြစ်ပေါ်လာရင်လည်း CDM မှာ ပါဝင်ခဲ့သူတွေကို နိုင်ငံတော်ရဲ့ အစိုးရဝန်ထမ်းအဖြစ် ပြန်လည်ခန့်အပ်မယ်လို့ သူက ပြောပါတယ်။
“CDM ဝန်ထမ်းတွေဆိုတာ နိုင်ငံတော် ဝန်ထမ်းတွေပါ။ တော်လှန်ရေး အလွန်ကာလမှာ CDM ဝန်ထမ်းတွေက နိုင်ငံတော် တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ အများကြီး အရမ်းအရေးကြီးပါတယ်။ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ အချိန်မှာ လက်နက်ကိုင် တော်လှန်ရေး အရေးကြီးသလိုပဲ CDM Movement ကလည်း Non violent Movement တစ်ရပ်အနေနဲ့ အရမ်းအရေးကြီးတယ်။ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်တဲ့အချိန် CDM ဝန်ထမ်းတွေရဲ့ ကဏ္ဍက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ဒီဝန်ထမ်းတွေအတွက် ကျွန်တော်တို့ အစိုးရက အာမခံချက်ပေးထားတယ်။ သူတို့ရဲ့ သင့်တော်ရဲ့ အလုပ်တာဝန်တွေ သင့်တော်တဲ့ နေရာကဏ္ဍတွေကနေပြီးတော့ ပြန်လည်ပြီးတော့ နိုင်ငံ့တာဝန်ကို ပြန်လည်ထမ်းဆောင်ခွင့်ရမယ်ဆိုတာ ပြောကြားချင်ပါတယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျန်းမာရေး ဝန်ထမ်းတွေက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု စတင်လိုက်တဲ့နောက် ပညာရေး၊ မြန်မာ့မီးရထား၊ မီးသတ် အပါအဝင် တခြားသော ဝန်ကြီးဌာနများက ဝန်ထမ်းများ ပါဝင်ခဲ့ကြပါတယ်။ လက်ရှိအထိ အမျိုးသားညီညွတ်ရေး အစိုးရ NUG ထံမှာ စာရင်းသွင်းထားတဲ့ CDM ဝန်ထမ်း လေးသိန်းကျော် ရှိနေပါတယ်။