စစ်အာဏာသိမ်းချိန်ကနေ အခုထိ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၂၉ ဦး သေဆုံး
2021.10.27

စစ်အာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ ရက်ကစလို့ စက်တင်ဘာ ၃၀ ရက်ထိ ရှစ်လအတွင်း မြန်မာနိုင်ငံတဝန်း အကြမ်းဖက်နှိမ်နင်းချိန်မှာ ကျန်းမာရေးဝန်ထမ်း ၂၉ ယောက်အသတ်ခံရပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ၂၉၇ ကြိမ် တိုက်ခတ်ခံရ၊ ခြိမ်းခြောက်ခံရတယ်လို့ လေ့လာချက်တရပ်က ဖော်ပြလိုက်ပါတယ်။
စစ်ကောင်စီက အကြိမ်အများဆုံး တိုက်ခိုက်ပြီး တခြားအဖွဲ့အစည်းတွေက တိုက်ခိုက်တာရှိသလို ဘယ်သူ့လက်ချက်မှန်းမသိ တိုက်ခိုက်ခံရတာလည်း ရှိတယ်လို့ ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Insecurity Insight ၊ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် PHR Physicians for Human Rights လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့နဲ့ အမေရိကားကပဲ CPHHR Johns Hopkins University Center for Public Health and Human Rights - Johns Hopkins တက္ကသိုလ် ပြည်သူ့ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဌာနက စုဆောင်းရရှိတဲ့ အချက်အလက်တွေကို စာရင်းပြုစုဖော်ပြလိုက်တာပါ။ Humanitarian Data Exchange (HDX) ဆိုတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အချက်အလက်ဖလှယ်ရေးက ရရှိတာတွေကို အခြေခံပြီး ပြောကြားတာလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ကျန်းမာရေးဝန်ထမ်း ၂၉ ယောက်အသတ်ခံရရုံမက ၂၁၀ ဖမ်းဆီးခံရပြီး ၄၀ ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းတာကို CDM အနုနည်းနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုပါဝင်တဲ့အတွက် ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိုးဆေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် လုပ်ကိုင်တဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း ဇွန် ၁၀ ရက်က ဖမ်းဆီးခံရမှုဟာ ထင်ရှားတဲ့ သာဓကလည်းဖြစ်ပါတယ်။
ဆေးရုံတွေ ၈၇ ကြိမ် စီးနင်းခံရရုံမက ၅၆ ကြိမ် သိမ်းပိုက်ခံရတယ်လို့ သုတေသနပြုချက်မှာ ဖော်ပြပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာကွယ်ကုသရေး အစီအစဉ်တွေကို နှောင့်ယှက်တာ ၂၅ ကြိမ် ရှိတယ်လို့လည်း ပြောပါတယ်။ ကန့်သတ်ချုပ်ခြယ်တဲ့နည်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်လုပ်ငန်းကို စစ်ကောင်စီက ဖိနှိပ်ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် အသုံးချတယ်လို့ Insecurity Insight ညွှန်ကြားရေးမှူး Christina Wille က ပြောပါတယ်။
လူတွေကို ဆေးဝါးကုသပေးဖို့ ငြင်းဆန်တဲ့အခါ သတ္တိရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက လျှို့ဝှက်ကုသပေးပေမဲ့ မကြာခဏ စီးနင်းခံရ၊ ညမထွက်ရ အမိန့်လည်းရှိ၊ ကုသပေးနေရင်း ဆေးဝါးကပြတ်လပ်၊ လျှပ်စစ်မီးက ပြတ် စတာတွေ ကြုံရတာမို့ ဆေးကုပေးရတာ အခက်အခဲရှိပြီး လူနာတွေလည်း အသက်အန္တရာယ် ရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက်လည်း ကျီးလန့်စာစား ဘဝမျိုးနဲ့ နေထိုင်နေရတာကို ရန်ကုန်မြို့က CDM ဆရာဝန်တစ်ယောက်က ပြောပြပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ အရပ်သားတွေကို ဖမ်းဆီးဖို့ ကျန်းမာရေးဆိုင်ရာအဆောက်အအုံတွေကို စစ်ကောင်စီက အသုံးပြုတယ်လို့လည်း ပြောပါတယ်။ အရပ်စကားနဲ့ပြောရရင် ကျန်းမာရေးလုပ်ငန်းကို ထောင်ဖမ်းဖို့ အသုံးချတဲ့ သဘောဖြစ်ပါတယ်။ COVID-19 ကာကွယ်ဆေးထိုးနိုင်တယ်လို့အကြောင်းကြားတဲ့အတွက် ဒီမိုကရေစီရေးလိုလားသူတစ်ယောက် ဆေးထိုးဖို့ရောက်လာချိန်မှာ သြဂုတ် ၄ ရက်နေ့က ဖမ်းဆီးလိုက်တာကို ဥပမာပေးပါတယ်။
စက်တင်ဘာ ၂၅ နေ့က ဖြစ်ရပ်မှာ ကိုဗစ်လူနာတွေကို စေတနာ့ဝန်ထမ်းကုသပေးနေတဲ့ ဆရာဝန်တယောက်နဲ့ သူနာပြုတယောက်ကို ညကြီးမင်းကြီး အိမ်တွေကနေဆွဲထုတ်သွားပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ဖော်ပြပါတယ်။ ကိုဗစ်လူနာတွေအတွက် ဆေးဝါးပစ္စည်းတွေ ပို့ဆောင်ပေးတဲ့ NGO ဝန်ထမ်းလေးယောက်ကို ဖမ်းဆီးရုံမက ဆေးဝါးတွေပါ သိမ်းမှုနဲ့ လူနာတင်အရေးပေါ်ကားနှစ်စီးပါ သိမ်းလိုက်တဲ့အမှုကိုလည်း မှတ်တမ်းပြုစုထားပါတယ်။
ကျန်းမာရေးအဆောက်အအုံတွေတဝိုက် ဖောက်ခွဲမှု ဖြစ်ပွားတယ်လို့ပြောပါတယ်။ မန္တလေးတိုင်းမှာ စစ်တပ်က စီးထားတဲ့ ဆေးရုံအပြင်ဘက်မှာ စက်တင်ဘာ ၂၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားလို့ လူတယောက်သေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားရတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်လုပ်ငန်းတွေ တိုက်ခိုက်ခံရတဲ့ အကြိမ် ၂၉၇ မှာ စစ်ကောင်စီက အနည်းဆုံး ၂၆၇ ကြိမ်ကျူးလွန်ပြီး ၁၄ ကြိမ်က စစ်ကောင်စီနဲ့တိုက်ရိုက် မပတ်သက်တဲ့ အဖွဲ့ ဒါမှမဟုတ် ပုဂ္ဂိုလ်က ကျူးလွန်တာလို့ ပြောပါတယ်။ ၁၆ ကြိမ်ကတော့ ဘယ်သူ့လက်ချက်မှန်း မသိဘူးလို့ ဖော်ပြပါတယ်။
လိုအပ်နေတဲ့ ပြည်သူတွေဆီ နိုင်ငံတကာနဲ့ ပြည်တွင်းက အကူအညီပေးရေးအဖွဲ့တွေ အရောက်မသွားနိုင်အောင် စစ်ကောင်စီက ပိတ်ဆို့တားမြစ်သလို လူနာတွေလည်း ဆေးကုသလို့မရအောင် ပိတ်ပင်တယ်လို့ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီလိုဝမ်းနည်းဖွယ်ဖြစ်ရပ်ကို နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ Insecurity Insight ညွှန်ကြားရေးမှူး Christina Wille က ပြောပါတယ်။