CDM ဆရာဝန် ၅၅၇ ဦး ဆေးကုသခွင့်လိုင်စင် ရုပ်သိမ်းခံရ

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ အစောဆုံး ပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ဦးကို ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအဖြစ်က နေ ထုတ်ပယ်လိုက်တဲ့အပြင် စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ဆေးကောင်စီက လည်း ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ်ကို တစ်နှစ်တိတိ ရုပ်သိမ်းလိုက်တယ်လို့ CDM ဆရာဝန် အသိုက်အဝန်းက RFA ကို ပြောပါတယ်။
ဒီ CDM ဆရာဝန် ၅၅၇ ဦးရဲ့ (ဆမ) လက်မှတ်တွေကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ အောက်တိုဘာလအတွင်းမှာ တဖြည်းဖြည်းချင်း ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။
ကာယကံရှင်တွေထံ တရားဝင် အကြောင်းကြားတာမျိုး မလုပ်ဘဲ အွန်လိုင်းပေါ်မှာ စာရင်း တွေ ပျံ့နှံ့လာမှ ဒီကိစ္စကို သိရတာလို့ CDM ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။
“တစ်သုတ် တစ်သုတ်စီ သိမ်း (လိုင်စင်ရုပ်သိမ်း) နေတာဗျ။ အဲဒီလို အယောက် ၂၀ တစ်ဖြတ်၊ ၂၅ ယောက် တစ်ဖြတ် စသဖြင့် အဲဒီလိုမျိုး သူတို့ ထုတ် ထုတ်နေတာ။ သုံးလ ပိုင်း၊ ငါးလပိုင်း၊ ခုနစ်လပိုင်း၊ ရှစ်လပိုင်း အဲဒီလိုမျိုးတွေ ထွက်နေတာဗျ။ အဲဒါ ဒီအခါကျ မှပဲ စာရင်းထွက်လာတာပါ။ သိမ်းတာကတော့ သိမ်းတယ်လို့ မသိဘူး၊ တချို့ကလည်း ပုံမှန်လုပ်နေတဲ့သူတွေလည်းရှိတယ်။ တချို့ကျတော့လည်း ဒီတိုင်းပဲ လုပ်ရင်း ကိုင်ရင်း နဲ့မှ ပုံမှန် ဆေးကုနေတာတို့၊ ဆေးခန်းထိုင်တာတို့လုပ်တယ်။ အခုကျမှသိတဲ့သူတွေ လည်း ရှိတယ်။ ကာယကံရှင်ကို တိုက်ရိုက်စာပို့တာမျိုး၊ အကြောင်းကြားတာမျိုးတော့ မကြားဘူး ခင်ဗျ”
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ CDM ပါမောက္ခ ဆရာဝန် ကြီးတွေအပါအဝင် ဖေဖော်ဝါရီလမှာ ဆရာဝန် ၁၄ ဦး၊ မတ်လမှာ ၅၀ ဦး၊ ဧပြီလမှာ ၄၁ ဦး၊ မေလမှာ ၆၆ ဦး၊ ဇွန်လမှာ ၆၀ ဦး၊ ဇူလိုင်မှာ ၆၁ ဦး၊ ဩဂုတ်လမှာ ၈၀ ဦး၊ စက်တင်ဘာလ မှာ ၈၇ ဦးနဲ့ အောက်တိုဘာလမှာ ၉၈ ဦးထိ ဆေးကုသခွင့် လိုင်စင်တွေ ရုပ်သိမ်းခံရတာပါ။
"ဆမ သိမ်းလိုက်ရုံနဲ့ ကျမတို့ရဲ့ စိတ်ဓာတ်ခိုင်မာမှုပေါ့နော် သူတို့အပေါ်ထားတဲ့ ကိုယ်ရဲ့ခံယူချက် Strong ဖြစ်တာက လျော့သွားမှာမဟုတ်ဘူး”
အခုလို ဆေးကုသခွင့်လိုင်စင် ရုပ်သိမ်းလိုက်လို့ စစ်အာရှင်စနစ်ကို ဆန့်ကျင်တဲ့ စိတ်ဓာတ် ကတော့ ယုတ်လျော့သွားမှာ မဟုတ်ဘူးလို့ လိုင်စင်ရုပ်သိမ်းခံရတဲ့အပြင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အထုတ်ခံထားရလို့ တိမ်းရှောင်နေရတဲ့ CDM ဆရာဝန်အမျိုးသမီးတစ်ဦး က ပြောပါတယ်။
“ကျမတို့ ဆရာဝန်အချင်းချင်းပေါ့လေ လှမ်းပြီးတော့ ပြောကြတာပေါ့။ အကြောင်းကြား တာပေါ့။ အဲဒီလိုတွေ ထုတ်တယ်။ ဒီမှာ နာမည်တွေ့တယ်ပေါ့။ သူတို့ဖိုင်လိုက်တွေပို့တာ မျိုးတွေ။ ကျမကိုတော့ အဲဒီလိုမျိုးလာပြီး အကြောင်းကြားတာပေါ့။ အစကတည်းက ၂၀၂၁ အာဏာသိမ်းပြီး ဖေဖော်ဝါရီကတည်းကစပြီး CDM လုပ်ခဲ့ တာပေါ့။ သူတို့ဒါတွေ အကုန်လုပ်လာနိုင်တယ်ဆိုတာလည်း ထုတ်တာ မထုတ်တာအနေနဲ့ ဘာမှ ထွေထူး ပြီးတော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျမက အစကတည်းက ၅၀၅ နဲ့ရှောင်နေရ တာလည်း တစ်နှစ်ကျော်ပြီဆိုတော့ ထွေထူးပြီးတော့လည်း ဆမသိမ်းလိုက်ရုံနဲ့ ထွေထူး ပြီးတော့ ထိခိုက်သွားတာ၊ ပျောက်ပျက်သွားတာမျိုး မဟုတ်ဘူး။ ဆမ သိမ်းလိုက်ရုံနဲ့ ကျမတို့ရဲ့ စိတ်ဓာတ်ခိုင်မာမှုပေါ့နော် သူတို့အပေါ်ထားတဲ့ ကိုယ်ရဲ့ခံယူချက် Strong ဖြစ်တာက လျော့သွားမှာ မဟုတ်ဘူး”
ဒီစာရင်းတွေကို စစ်ကောင်စီက ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကိုလည်း ဖြန့်ဝေထားပြီး စာရင်းမှာပါတဲ့သူတွေကို အဲဒီဆေးရုံဆေးခန်းတွေမှာ ဆေးကုသခွင့် မပေးတော့တာ၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကို ရှောင်တခင် ဝင်စစ်တာတွေ လုပ်လာတဲ့အတွက် ဆမ အသိမ်းခံရတဲ့ ဆရာဝန်တွေရဲ့ ရပ်တည်ရေးဟာ ပိုခက်ခဲလာတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ကျန်မာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးကို ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို ဆမလက်မှတ်ရုပ်သိမ်းတာ ကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်တာမဟုတ်ဘဲ မြန်မာနိုင်ငံ ဆေးကောင်စီဘက်က လုပ်ဆောင်တာလို့ ပြောပါတယ်။
မြန်မာနိုင်ငံဆေးကောင်စီကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မြန်မာနိုင်ငံ ဆေးကောင်စီရဲ့ ရုံးတွင်းထုတ်ပြန်ချက်မှာတော့ လူနာကိုစွန့်ခွာတာ၊ ဆရာဝန် ကျင့်ဝတ်တွေ ပျက်ကွက်တာကြောင့် ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံထားရသူတွေဟာ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (ဃ) နဲ့ ငြိစွန်းတဲ့အတွက် ဆေးကုသခွင့် လိုင်စင်ရုပ်သိမ်းတာလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ-၄၅ ပုဒ်မခွဲ (ဃ) မှာ ဆရာဝန်တစ်ဦး လိုက်နာရမယ့် ကျင့်ဝတ်သိက္ခာကို လိုက်နာစောင့်ထိန်းတာ မရှိရင် ဆေးကုသခွင့်လိုင်စင်ကို ပယ်ဖျက်တာ ဒါမဟုတ် ကာလအကန့်အသတ်နဲ့ ရုပ်သိမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
CDM ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အိုလီဗီယာကတော့ အခုလို ဆေးကုသခွင့်လိုင်စင် ရုပ်သိမ်းလိုက်တာ ဟာ ဆရာဝန်တွေကိုယ်တိုင်အတွက်ရော၊ ပြည်သူလူထုအတွက်ရော ထိခိုက်နစ်နာတယ်လို့ ပြောပါတယ်။
"CDM ဆရာဝန်တွေကို ဒီလိုမျိုး ဆမ ရုပ်သိမ်းတယ်ဆိုရင် သူတို့နဲ့လက်ရှိပြနေတဲ့ လူနာတွေ၊ သူတို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မိသားစုဝင်တွေအတွက် ကလည်း အများကြီးထိခိုက်သွားတာပေါ့။ ဆရာဝန်တစ်ယောက်အနေနဲ့ကလည်း ဆေးကုသခွင့်မရတော့ဘူးဆိုတဲ့ဟာက သူ့ရဲ့ အတောင်တွေကို ရိုက်ချိုးလိုက်တာပဲလေ။ ဆိုတော့ ပြည်သူလူထုအတွက်ရော၊ ပညာရပ်ကျွမ်းကျင်တဲ့သူတွေအတွက်ရော အများကြီး ထိခိုက်တာပေါ့”
စစ်ကောင်စီဟာ တစ်ဖက်မှာတော့ လစ်ဟာသွားတဲ့ ဝါရင့်ဆရာဝန်တွေရဲ့ နေရာကို ပြန်လည်ဖြည့်ဆည်းဖို့နဲ့ ပြိုလဲနေတဲ့ ကျန်းမာရေးကဏ္ဍကို ပြန်လည်ထူမတ်ဖို့ ၂၀၂၂ ခုနှစ် ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ၁၀ တန်းအောင် ရမှတ်တွေကို လျှော့ပြီး ခေါ်ယူခဲ့ပါတယ်။
သြဂုတ်လ ၂၈ ရက် စစ်တပ်ပိုင် မြဝတီသတင်းစာမှာတော့ ၂၀၂၂ ခုနှစ် ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲက အင်္ဂလိပ်စာ၊ ဓာတု၊ ဇီဝ သုံးဘာသာရမှတ်ပေါင်း အနည်းအများပေါ် မူတည်ပြီး ရွေးချယ်မယ်လို့ ဖော်ပြပါတယ်။
ဒါဟာ ရေရှည် စနစ်တကျတည်ဆောက်မွေးမြူရမယ့် ပညာရှင်တွေရဲ့နေရာမှာ စစ်ကောင်စီ က လူငယ်တွေနဲ့ အလွယ်တကူ အစားထိုးဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဆေးတက္ကသိုလ် ဆက်မတက်တော့တဲ့ ဒုတိယနှစ် ဆေးကျောင်းသားတစ်ဦးက RFA ကို ပြောပါတယ်။
“မရှိတော့တဲ့နေရာမှာ အလွယ်တကူနဲ့ သူတို့အစားထိုးတယ်ပေါ့နော်။ နောက်တစ်ခုက တော့ သူတို့ခိုင်းလို့ ချယ်လှယ်လို့ရမယ့် ဟာမျိုးပေါ့ဗျာ။ အမှန်အတိုင်းပြောရရင် ဒါလုပ်၊ ဒါစား၊ ဒါသွားဆိုပြီးတော့ ချယ်လှယ် ချုပ်ကိုင်ချင်တဲ့ သဘောရယ် နောက်တစ်ခုက စောစောကပြောသလိုပေါ့ အလွယ်တကူပေါ့နော် မရှိတော့တဲ့ နေရာတွေမှာ သူတို့က အလွယ်တကူအစားထိုးမယ်။ အစားထိုးပြီးတော့ ပိုက်ဆံရှိပြီး တတ်နိုင်တဲ့သူတွေရှိရင် သူတို့အတွက်က ဝင်ငွေရလမ်းတစ်ခုလိုဖြစ်သွားတာပေါ့”

အာဏာသိမ်းပြီး နောက်တစ်ရက် မန္တလေးက ဆရာဝန်တွေ စတင်လိုက်တဲ့ CDM လှုပ်ရှားမှုဟာ စစ်ကောင်စီရဲ့ ယန္တရားတချို့ ရပ်တန့်သွားတဲ့အထိ အားကောင်းခဲ့သလို ၂၀၂၂ ခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်း တင်သွင်းခံရတဲ့အထိ ထင်ရှားခဲ့တာပါ။
အစကတည်းက တိုင်းပြည်လူဦးရေနဲ့ ဆရာဝန်အင်အား မမျှတတဲ့ မြန်မာနိုင်ငံမှာ ဆရာဝန် ၆၀၀ နီးပါးကို ဆေးကုသခွင့် လိုင်စင်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် ပြည်သူတွေ ပိုပြီး ဒုက္ခ ရောက်ကြလိမ့်မယ်လို့ CDM ဆရာဝန်တွေနဲ့ စုဖွဲ့ထားတဲ့ Yangon Medical Network က ဒေါက်တာလွမ်းဝေက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဆေးဝန်ထမ်းအင်အားနဲ့ လူနာအင်အားက တော်တော်လေး မမျှတပါ ဘူး။ မမျှတတဲ့ကြားကမှ အခုလိုမျိုး အလွန်အမင်း ရက်စက်မှုတွေ ဖြစ်တဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရမှုတွေကလည်း အင်မတန် များလာတယ်။ ဒီအနေအထားမှာ ဒီလိုမျိုး ဆမ သိမ်းလိုက်တယ်၊ ဒီလိုလုပ်လိုက်တယ်ဆိုတာက ကျနော်မြင်တာတော့ ဘယ်ဘက်ကမှ ကောင်းကျိုးမရှိဘဲနဲ့ လူနာတွေအတွက် ပိုပိုပြီးတော့ ထွက်ပေါက် ပျောက်လာလိမ့်မယ်။ ဒီဖြစ်ရပ်တွေကြားမှာ လူနာတွေဟာ ဒီထက်ပိုပြီး အများကြီး ဒုက္ခရောက်ရ ဦးမယ်လို့ပဲ မြင်တယ်။ ဘာလို့လဲ ဆိုတော့ ကောင်းတဲ့လူတွေ သူတို့ရဲ့ သေနတ်သံ၊ ဗုံးသံကြားမှာ ရက်ရက်စက်စက် အများကြီး သေနေတယ်။ အဲဒီလိုပဲ သဘာဝရောဂါတွေ၊ ကပ်ရောဂါတွေ၊ နာမကျန်းဖြစ်တဲ့ ရောဂါဖြစ်နေတဲ့ လူနာတွေက လည်း အခုလို ဆမသိမ်းတဲ့ကိစ္စတွေ၊ ဆရာဝန်တွေကို ဖိနှိပ်တဲ့ ကိစ္စတွေ ဒီလိုကိစ္စတွေ ကြားထဲမှာ ပိုပြီးတော့မှ ဒုက္ခရောက်လာလိမ့်ဦးမယ်”
ကျန်းမာရေးကဏ္ဍ CDM ဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ CDM Medical Network ရဲ့ စာရင်း တွေအရ စစ်အာဏာ သိမ်းမှု အစောပိုင်းမှာ ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်နဲ့ အခြား ဆေးဘက်ဆိုင်ရာ ဆက်စပ်ဌာနက ဝန်ထမ်းတွေအပါအဝင် ကျန်းမာရေးကဏ္ဍကနေ CDM မှာပါဝင်လာသူ စုစုပေါင်း ၆၀,၀၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်း ၄၅,၀၀၀ ဝန်းကျင်သာ ဒီလှုပ်ရှားမှုမှာ ဆက်လက် ပါဝင်နိုင်တော့တယ်လို့လည်း CDM Medical Network က RFA ကို ပြီးခဲ့တဲ့ ဇူလိုင်လက ဖြေဆိုထားပါတယ်။
ကမ္ဘာအဝန်း လူသားချင်းစာနာမှု ကူညီပေးရေးအဖွဲ့ ReliefWeb ရဲ့ ၂၀၂၂ ခုနှစ် မေလ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၅၆၄ ဦး ဖမ်းဆီးခံရပြီး ၃၆ ဦး အသတ်ခံခဲ့ရ ပါတယ်။