မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် သုံးသန်းနီးပါးအထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်နဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်တွင်း စစ်ဘေးဒုက္ခသည်နဲ့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတဲ့ ဒုက္ခသည် စုစုပေါင်း သုံးသန်းနီးပါး (၂,၉၃၀,၂၀၁ ဦး) ရှိလာပြီလို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar) က စက်တင်ဘာ ၂၀ ရက်နေ့မှာ RFA ကို ဖြေဆိုထားပါတယ်။
အဲဒီဒုက္ခသည် သုံးသန်းနီးပါးထဲက တစ်သန်းခွဲနီးပါး (၁,၄၁၃,၈၁၁ ဦး) ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသစ်တိုးလာတဲ့ အရေအတွက်ဖြစ်ပြီး ဒါဟာ စုစုပေါင်းဒုက္ခသည်တွေရဲ့ တစ်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း) အထိ ရှိနေတာပါ။
အာဏာမသိမ်းခင်က ပြည်တွင်းစစ်ဘေးဒုက္ခသည် ငါးသိန်းနီးပါး (၄၉၇,၂၀၀ ဦး) ရှိပြီး ပြည်ပကို ထွက်ပြေးရတဲ့ ဒုက္ခသည်ကတော့ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး နှစ်ခု ပေါင်း တစ်သန်းကျော် (၁,၀၁၉,၁၉၀ ဦး) ရှိနေတယ်လို့ ISP-Myanmar က ပြောပါတယ်။
ဒီစာရင်းဟာ တိုက်ပွဲဒေသတွေအတွင်း ဒုက္ခသည်အရေး ကူညီပေးတဲ့အဖွဲ့အစည်း၊ နိုင်ငံ တကာအဖွဲ့အစည်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေထံက ရရှိတဲ့စာရင်းနဲ့ လွပ်လပ်တဲ့မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို မြေပြင်အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး အတည်ပြုထားတာလို့ ဆိုပါတယ်။
“စစ်ပြေးဒုက္ခသည်တွေက အထူးသဖြင့် လူသားချင်းစာနာမှု အကူအညီတွေကို ဒီအချိန်မှာ အပြည့်အဝ မရကြဘူး"
လက်ရှိလည်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ထပ်တိုးနေလို့ နှစ်ဖက် တပ်ဖွဲ့တွေ အနေနဲ့ အရပ်သားတွေ ထိခိုက်မှု၊ ထွက်ပြေးရမှုနည်းအောင် စစ်စည်းကမ်းတွေကို လိုက်နာ ဖို့လိုတယ်လို့ ISP – Myanmar ရဲ့ အကြီးတန်း သုတေသနအရာရှိ ကိုကျော်ထက်အောင်က RFA ကို ပြောပါတယ်။
“စစ်ပြေးဒုက္ခသည်တွေက အထူးသဖြင့် လူသားချင်းစာနာမှုအကူအညီတွေကို ဒီအချိန် မှာ အပြည့်အဝ မရကြဘူး။ တစ်လနဲ့ တစ်လလည်း စစ်ပြေးဒုက္ခသည်အရေအတွက်က ပိုဆိုးလာတယ်ပေါ့။ ဒုက္ခသည် ပြဿနာကို ဘယ်လို ဖြေရှင်းမှရမလဲပေါ့။ အဓိကတော့ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေကို ထိခိုက်နာကျင်စေမှု နည်းသထက်နည်းအောင် Civilian Protection လို Code of Conduct တွေကို ပိုပြီး တော့ အလေးထားဖို့ လိုအပ်တယ်။ အဲလိုမျိုးဆိုရင်တော့ ဒုက္ခသည်တွေကို ကာကွယ်တာ တို့၊ အရပ်သားတွေ ဒုက္ခရောက်ရတာက နည်းနိုင်သမျှနည်းအောင် လျှော့ချသွားလို့ ရမယ် ထင်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း နိုင်ငံတကာ အကူအညီတွေကို တကယ့် မြေပြင်ကိုရောက်ရှိအောင် ပိုဆောင်ပေးနိုင်ဖို့ အရေးကြီးပါတယ်”
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ငါးသိန်းသုံးသောင်းကျော် (၅၃၃,၈၃၃ ဦး) အထိ ရှိနေတယ်လို့ ISP – Myanmar က ဖော်ပြထားပါတယ်။
လက်ရှိ တစ်နိုင်ငံလုံးမှာ နှစ်ဖက်တိုက်ပွဲနဲ့ စစ်ရေးအရှိန် မြင့်သထက်မြင့်လာပြီး ဒုက္ခသည် အရေအတွက်လည်း နေ့စဉ်တိုးလာနေသလို အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ် မြင့်တက်နေတယ်လို့ စစ်ဘေးဒုက္ခသည် အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် သင်တောရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦး ကတော့ စစ်ကိုင်းတိုင်းမှာ ပြည်သူအချင်းချင်း ကူညီပေးကြတာကလွဲလို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီမျိုးမရကြဘူးလို့ RFA ကို ပြောပါတယ်။
“စစ်ကြောင်းဝင်ပြီဆိုကတည်းက ကျနော်တို့ကတော့ အမြဲတမ်းလိုလို ပြေးလွှားနေရတဲ့ အနေအထားရှိတယ်။ ဥပမာ-သက်ကြီးရွယ်အိုတွေ ပါတယ်ဗျာ။ တချို့ ကိုယ်ဝန်ဆောင် မိခင်တွေပါမယ်။ ကလေးသူငယ်တွေ ပါမယ်ပေါ့နော်။ အဲဒီလိုဆိုတော့ ဒုက္ခသုက္ခက တော့ အများကြီးကြုံတွေ့နေရတဲ့ အနေအထားမျိုးမှာရှိတယ်။ ပြည်သူကနေ ပြည်သူတို့ ဆိုတဲ့ အနေအထားမျိုးကလည်း ကြာလာတော့ ပြည်သူတွေက ပင်ပန်းနေတဲ့ အနေ အထားမျိုးမှာရှိတယ်။ ဥပမာ - ဆန်တစ်တင်း၊ နှစ်တင်းရဖို့တောင် မလွယ်ကူတဲ့ အနေအထားမျိုးကို ရောက်သွားတာပေါ့။ နိုင်ငံတကာ အကူအညီကလည်း တစ်ကြိမ် တစ်ခါမှ မရဘူးတော့ တော်တော်ကြီးကို ရုန်းကန်နေရတဲ့ အနေအထားမျိုးမှာ ရှိတယ်ဗျ”
လက်ရှိ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ဝယ်မရတဲ့ ပြဿနာအပြင် တောထဲတောင်ထဲ ပုန်းအောင်းရတာကြောင့် မြွေအန္တရာယ်နဲ့ပါ ကြုံနေရပြီး မြွေဆိပ်ဖြေဆေးတွေပါ လိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
အလားတူ ချင်းပြည်နယ်မှာလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ စက်သုံးဆီနဲ့ ဆန်အပါအဝင် အခြေခံ စားကုန်တွေ ဈေးကြီးနေတာကြောင့် ဒုက္ခသည်တွေ စားဝတ် နေရေး ကျပ်တည်းနေတယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ပါတယ်။ နဂိုကတည်းကိုက စကစက ကျနော် တို့ကို ဖြတ်လေးဖြတ် ဖြတ်ထားတယ်။ ပခုက္ကူလို ပြည်မကြီး မြန်မာနိုင်ငံအလယ်ပိုင်းက ဆန်တွေ၊ စပါးတွေကို ဝယ်လို့မရဘူး။ ယောနယ် ဒေသကထွက်တဲ့ ဆန်ကိုပဲ အဓိက မှီခို နေရတယ်။ ဆန်ဈေးနှုန်းမြင့်တက်လာတယ်။ ပြီးတော့ ဆီဈေးနှုန်း မြင့်တက်လာတော့ ဆန်တွေဝယ်ဖို့တောင်မှ တော်တော်လေးအခက်အခဲဖြစ်ရတယ်။ ဒီကြားထဲမှာမှ မိုးတွင်း မိုးရာသီဆိုတော့ မြေပြို၊ လမ်းပြိုတွေ အရမ်းဖြစ်တယ်။ မိုးကတော့ မရပ်မနား ရွာနေ တာ နှစ်ပတ်ကျော်လောက်ရှိပြီ”
စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က အခက်အခဲတွေကြုံရသလို စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားနေရပြီလို့ ကရင်နီ လူ့အခွင့် အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။
“အထူးသဖြင့် သူတို့အိမ်တွေဆုံးရှုံးရတာတွေ၊ သူတို့မိသားစုဝင်တွေ ဆုံးရှုံးတာတွေ နောက်ပြီး တောထဲမှာ အကြာကြီး နေရတာတွေက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ အရမ်း မြင့်လာတယ်။ တော်တော်များများ ပြောတာက တစ်လနှစ်လနဲ့ ပြီးသွားမယ်၊ အလွန်ဆုံး ခြောက်လပေါ့ ဆိုတဲ့ဟာတွေက အခုလက်ရှိ တစ်နှစ်ကျော်တဲ့အချိန်မှာ ဘယ်လိုမှကို ဖြေသိမ့်နိုင်တဲ့ အနေအထားမရှိဘဲ ဆုံးရှုံးမှုတွေ တအားများတော့ အဲဒါကလည်း တော်တော် လေးကို ပြောရဆိုရခက်တဲ့ အခြေအနေတစ်ခုပဲ။ အဲဒီတော့ ဖြေသိမ့်မှု အခြေအနေတွေ ပညာရေး၊ ကျန်းမာရေး အခြေအနေတွေဟာ တော်တော်လေး ဆိုးဆိုးရွားရွား နောက်ပိုင်း တော်တော်ဖြစ်လာတယ်”

လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးကို ယာယီ အရေးပေါ် ကူညီထောက်ပံ့မှုသာ လုပ်ဆောင်နိုင်ပြီး ရေရှည်စီမံကိန်းချ လုပ်ဆောင်နိုင်တဲ့ အခြေအနေလည်း မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ဒုက္ခသည်တွေကို အကူအညီတွေကို အားလုံး ပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
“ကူညီမှုတွေကတော့ ဒုက္ခသည်တွေအားလုံးကို လွှမ်းခြုံနိုင်ဖို့တော့ ကြိုးစားနေတယ်။ တစ်နှစ်ခွဲကျော် အတွေ့အကြုံ NUG ရဲ့ စာနာမှုရယ် ပေါင်းစပ်ထားတော့ ချိတ်ဆက် ကူညီကြတဲ့ အဖွဲ့တွေလည်း တဖြည်းဖြည်း အားကောင်းလာပြီး အခုဆိုရင် ပိုပြီးတော့ ထိထိရောက်ရောက် ထောက်ပံ့လာနိုင်တယ်။ ထောက်ပံ့ငွေကြေးရရှိရေးနဲ့ ငွေကြေး စီးဆင်းမှုကတော့ စိန်ခေါ်မှုအနေနဲ့ ရှိနေပါတယ်။ အခုဆိုရင် NUG ကိုယ်တိုင် ဝင်ငွေ ရလမ်းတွေ ရှိလာပြီ ဖြစ်တဲ့အတွက် ပြည်သူ့အလှူငွေကို အားဖြည့်လာနိုင်တယ်။ နိုင်ငံတကာရဲ့ အထောက်အပံ့အတွက်တော့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး အထူးအားထည့် ကြိုးပမ်းနေပါတယ်”
နိုင်ငံတကာ အလှူရှင်တွေ စုပေါင်းပြီး ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေရရှိရေးဟာ မကြာခင် လမ်းပွင့်လာမယ်လို့ ယုံကြည်ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။
ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းအစည်းအဝေးမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေး စင်တာ (AHA) အနေနဲ့ စစ်ကောင်စီ အာဏာပိုင်တွေရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ AHA ရဲ့ အကူအညီလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်တချို့နဲ့ စစ်ကောင်စီရဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဦးကိုကိုလှိုင်နဲ့ ဒေါက်တာ သက်သက်ခိုင်တို့ ပါဝင်တဲ့အဖွဲ့တို့ ကြားဖြတ်လုပ်ငန်း အစည်းအဝေးလုပ်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အခုလေးလကျော်ကြာချိန်မှာ ဒုက္ခသည်တွေ အကူညီပေးရေးကိစ္စ ဘယ်အခြေအနေထိ ရောက်နေပြီလဲ ဆိုတာ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အလားတူ AHA စင်တာဘက်ကိုလည်း RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိ အကြောင်းပြန် ဖြေကြားတာမျိုး မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၂ ရက်နေ့အထိ စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း သေဆုံးခဲ့ရသူ ၂၃၁၁ ဦး ရှိနေပြီ ဖြစ်ပါတယ်။