ရန်ကုန် ဘတ်စ်ကားသပိတ် ဘယ်လောက် အောင်မြင်မှုရနေလဲ
2021.11.30

ပြည်သူလူထုအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ထုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ အတွက် နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၄ ရက်အထိ တပတ်ကြာ လှုပ်ရှားမှုကို ဦးဆောင်နေသူတွေကတော့ တကသ ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေ ဖြစ်ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ လှုပ်ရှားမှုတခုလည်းဖြစ်ပါတယ်။ လက်ရှိလှုပ်ရှားမှုရဲ့ အဓိက ပစ်မှတ်ကတော့ ရန်ကုန်မြို့ရှိ အများပြည်သူသုံးယာဉ်လိုင်း ၂ခုဖြစ်တဲ့ ပါရမီနဲ့ Omini Focus ပိုင်ကားတွေကို သပိတ်မှောက်ရေး ဖြစ်ပါတယ်။ ပါရမီယာဉ်လိုင်းကို စစ်တပ်ရဲ့ ဦးပိုင်လီမိတက်က ပိုင်ပြီး Omini Focus ကိုတော့ အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မိသားစုဝင်တွေက ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုအတွက် နှိုးဆော်တဲ့ ဆန္ဒပြပွဲကို လူငယ်တွေက ရန်ကုန်မြို့ရှိ ဗီယက်နိုင်ကုမ္ပဏီပိုင် မြန်မာပလာဇာ ကုန်တိုက်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်စဉ် ပလာဇာလုံခြုံရေးတွေက ထိုးကြိတ်ဖမ်းဆီးခဲ့တဲ့အတွက် ရန်ကုန်လူထုနဲ့ ပလာဇာရှိဆိုင်အများအပြားက ချက်ခြင်းဆိုသလို သပိတ်မှောက်ခဲ့ကြရာမှာ အာဏာပိုင်တွေက ဖိအားပေးနေကြပေမယ့် အခုအချိန်ထိ ပလာဇာရှိ ဆိုင်အများစု ဖွင့်ခြင်းမရှိဘူးလို့ သိရပါတယ်။
“စစ်ကျွန်မခံ ဘူးငြင်းဆန် အမျိုးသားနေ့ အဓိဌာန်” ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်နေတဲ့ ဒီလှုပ်ရှားမှုကို ဦးဆောင်နေသူတစ်ဦးကတော့ တကသကျောင်းသားဟောင်းများ အင်အားစုအဖွဲ့က ကိုနန်းလင်း ဖြစ်ပါတယ်။
“စစ်တပ်ပိုင် ပါရမီ နဲ့ Omini Focus ယာဉ်လိုင်းတွေကို သပိတ်မှောက်ကြဖို့ ကျနော်တို့ နှိုးဆော်ခဲ့တာဖြစ်တယ်၊ ကျနော်တို့ စာရင်းဇယားအရ ကုမ္ပဏီ ၂ ခုပေါင်းရဲ့ ယာဉ်လိုင်းက ၁၅ လိုင်း၊ ဒီ ၁၅ လိုင်းကို မှီတင်းပြီးတော့ သွားလာလှုပ်ရှားနေတာ လူ ၁ သန်းလောက် ရှိတယ်။ အဲဒီတော့ လူတိုင်းပါဝင်နိုင်ဖို့ သိပ်ခက်တယ် ဆိုတာလည်း ရှိသလို ကျနော်တို့ရဲ့ ဒီလှုပ်ရှားမှု နဲ့ မြေပြင်မှာ လှုပ်ရှားရတာ အကန့်အသတ် ရှိပါတယ်။ ၄ ရက်မြောက်နေ့ထိ တချို့ ပြည်သူတွေက သပိတ်မှောက်တယ်။ တချို့တက္ကစီဆရာတွေက သပိတ်မှောက်တဲ့ သူတွေကို လမ်းကြုံခေါ်သွားပေးတာ ရှိတယ်။ ကျနော်တို့သက်ဆိုင်ရာ page ကို အကြောင်းကြားတာရှိတယ် သူတို့ဒီနေ့ မစီးခဲ့ဘူး သူတို့ဘယ်လိုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုတာ။ ဒါပေမယ့် ကျနော်တို့ အရမ်းမျှော်လင့်ထားခဲ့တာမျိုး မဟုတ်ဘူး။ ကျနော်တို့ မျှော်လင့်ခဲ့တာကတော့ omini focus ယာဉ်လိုင်းက ဒရိုင်ဘာနဲ့ ကားကြီးက အလွတ်ကြီး မြို့ထဲပတ်မောင်းနေရတာမျိုး ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ရုံးတက် ရုံးဆင်းချိန်မှာ တော့ လူထုက ဒါတွေကို မလွှဲသာ မရှောင်သာ စီးနေရတာမျိုး ရှိသလို တချို့ကလည်း ဒီလှုပ်ရှားမှု အကြောင်း မသိသေးတဲ့သူတွေက စီးနေတာကိုတွေ့ရပါတယ်။ သို့သော် ဒီလှုပ်ရှားမှုကို လုပ်နေရင်း နဲ့ မြန်မာပလာဇာမှာ ကျနော်တို့ ရဲဘော်တွေ ဖမ်းဆီးရိုက်နှက်ခံရတာတွေ ဖြစ်သွားခဲ့တယ်။ အဲဒီတော့ မြန်မာပလာဇာကိုပါ သပိတ်မှောက်ဖို့ပါ လူထုက ပြင်းပြင်းထန်ထန် လှုံ့ဆော်တဲ့အတွက်ကြောင့် မြန်မာပလာဇာနဲ့ ပတ်သက်တဲ့ boycott ကတော့ တော်တော်လေး အောင်မြင်တာကို တွေ့ရပါတယ်။”
မြန်မာပလာဇာက လူလတ်တန်းစားအများစု သွားလာရာနေရာဖြစ်တဲ့အတွက် လူထုအနေနဲ့ ရှောင်ရှားဖို့ ပိုလွယ်ပေမယ့် ဘတ်စ်ကားလိုင်းတွေကိုတော့ အခြေခံလူတန်းစားတွေက နေ့စဉ်မှီခိုနေရတယ်ဆိုတဲ့ ကွာခြားချက်ကို သူတို့သိပါတယ်၊ လူထု ပိုမိုလိုက်ပါနိုင်မယ့် နည်းလမ်းတွေကို သူတို့ မကြာခင်ရက်ပိုင်းအတွင်း နိုင်ငံအနှံ့ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့လည်း ကိုနန်းလင်းကပြောပါတယ်။
“တော်လှန်ရေးအင်အားစုတွေက ပြင်ဆင်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ မကြာခင် ရက်ပိုင်းအတွင်း လူထုသန်းနဲ့ချီ လိုက်ပါနိုင်မယ့် တနိုင်ငံလုံးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာဖို့ ရှိပါတယ်။”
လက်ရှိ လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ တကသ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုရဲညီထက်ကလည်း ပြည်သူလူထုအများစုက သူတိုကိုထောက်ခံပေမယ့် အကြောက်တရားကြောင့် ဥပက္ခာပြုမှုတွေကိုလည်း တခါတရံ တွေ့ရတတ်တယ်လို့ RFA ကိုပြောပါတယ်။
“ပြည်သူတွေအနေနဲ့ အကြောက်တရား အသွင်းခံထားရတာတွေရှိတော့ သပိတ်တွေလာတဲ့အခါ ကျနော်တို့လူငယ်တွေလာလို့ရှိရင် ဝန်းရံခဲ့တဲ့သူတွေ ရှိသလို တချို့ကလဲ ဝန်းမရံတဲ့သူတွေလည်း ရှိတာပေါ့။ ခက်တာက စစ်ကောင်စီက ယုတ်မာမှုနဲ့ သူတို့ဘက်က အရပ်ဝတ်အင်အား အများကြီး သုံးလာတယ်။ ကျနော်တို့ သပိတ်လုပ်မဲ့နေရာနားမှာ သူတို့ရှိရင် သူတို့က တိုက်ရိုက်လိုက်ဖမ်းတာ မဟုတ်ဘဲနဲ့ အနောက်က နောက်ယောင်ခံ လိုက်ဖမ်းတာတွေ ရှိတယ်”

အန္တရာယ်ကို ရင်ဆိုင်ပြီး သူတို့ကို ကာကွယ်စောင့်ရှောက်တဲ့ ပြည်သူတွေလည်း အများကြီးရှိနေတယ်လို့ ကိုရဲညီထက် က ပြီးခဲ့တဲ့ ဇူလိုင်လက သူ့ရဲ့ ကိုယ်တွေ့အတွေ့အကြုံတခုကို အမှတ်တရ ပြန်ပြောပြခဲ့ပါတယ်။
“ကျနော့်ကို တာမွေမှာ ဖမ်းတဲ့နေ့ကပေါ့၊ အဖြိုခံရတဲ့အချိန်မှာ သပိတ်မှာပါတဲ့သူအတော်များများ လွတ်သွားတယ်။ အဲဒီနေ့က အဖမ်းခံရတာ ၄-၅ ယောက်လောက် ရှိတယ်။ ဒါပေမဲ့ ကျနော်က အဲဒီထဲမှာ ပိတ်မိနေခဲ့တယ်။ ပိတ်မိနေတဲ့အချိန်မှာ တခုကောင်းတာက မြို့နယ်မှာရှိတဲ့ အိမ်တစ်အိမ်က ကူညီပေးထားတယ်။ သူတို့အဝတ်အစား လဲပေးတာမျိုးတွေ၊ စစ်ကောင်စီရဲ့ အစေအပါးတွေက အိမ်တံခါးတွေကို သေနတ်တွေနဲ့ချိန်ပြီး အတင်း ဖွင့်ခိုင်းချိန်မှာ သူတို့က အိမ်မှာ ဘယ်လိုအခြေအနေ အခက်အခဲရှိတယ်။ ဝင်မကြည့်ပါနဲ့တောင်းပန်ပြီး ကျနော့်ကို ထိန်းသိမ်းထားပေးခဲ့တယ်။ ညနေ ၆ နာရီခွဲ ၇ နာရီလောက်မှာ ကျနော့်ကို သူတို့ကားနဲ့ပဲ တခြားလွတ်မြောက်တဲ့နေရာကို သူတို့ကိုယ်တိုင် ကယ်ထုတ်သွားပေးခဲ့တယ်။ တကယ်ဝမ်းသာပါတယ် အဲဒီမိသားစုကို ကျနော်တကယ်ကို အခုအချိန်ထိ ကျေးဇူးတင်ပါတယ်။”
ဒီပဲယင်း PDF တပ်ရင်း-၂ က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်သုခကတော့ အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပေါင်းစပ်ပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရမှာပဲလို့ ပြောပါတယ်။
“သူတို့လှုပ်ရှားမှုကိုလည်း ကျနော်တို့ လေးစားပါတယ်။ သူတို့လည်း တကယ့်သူရဲကောင်းတွေပါပဲ။ စစ်အာဏာရှင် တော်လှန်တဲ့ နေရာမှာ ဘယ်နည်းပဲ ဖြစ်ဖြစ် ကျနော်တို့ တော်လှန်ရမှာပါပဲ”
လက်ရှိ အာဏာရှင်စနစ်အမြစ်ဖြတ်ရေးလှုပ်ရှားမှုတွေကို လူထုက လိုက်ပါနိုင်သမျှ လိုက်ပါနေတာကတော့ ထင်ရှားပါတယ်လို့ မြေပေါ်မြေအောက် လှုပ်ရှားမှုပါဝင်နေသူတွေက ပြောပါတယ်။