နယ်စပ်ဖြတ်ကျော်ခွင့်ပြုမိန့် မူဝါဒသစ်ကြောင့် နယ်စပ်ဝင်ထွက်ခွင့် ခက်ခဲ
2024.05.20

မေ ၁ ရက်နေ့ကစပြီး မြန်မာပြည်ကနေ တရုတ်၊ ထိုင်း၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကနေ သွားမယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ သွားခွင့်မရှိတော့ဘဲ အီလက်ထရောနစ်စနစ်နဲ့ စစ်ကောင်စီ ကောက်ယူထားတဲ့ ကိုယ်ရေးဇီဝအချက်အလက်တွေပါတဲ့ UID စမတ်ကတ်နဲ့မှ ဖြတ်သန်းခွင့်ပြုတော့မယ်လို့ ပြောင်းလဲလိုက်တာပါ။
အဲဒီလိုပြောင်းလဲလိုက်တဲ့ မူဝါဒအသစ်ကြောင့် ပုံမှန်သွားလာဝင်ထွက်နေသူတွေ စမတ်ကတ်ရဖို့ နယ်စပ်ဂိတ်တွေမှာ နေ့စဥ် တန်းစီစောင့်ဆိုင်းနေရတဲ့အပြင် ဒီကတ်ရဖို့ ငွေကျပ်သိန်းနဲ့ချီ ကုန်ကျနေတာပါ။
UID စမတ်ကတ် လုပ်မယ့်သူတွေကို အလှည့်ကျ တုံကင်စနစ်နဲ့ စိစစ်ပေးနေတဲ့ မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့က လူဝင်မှုကြီးကြပ်ရေးဌာနမှာ လျှောက်ထားသူ များနေပြီး နေ့စဥ် လူတစ်ရာအတွက်ပဲ ထုတ်ပေးနိုင်တယ်လို့ မြို့ခံတွေနဲ့ သွားရောက်လုပ်ကိုင်သူတွေက ပြောပါတယ်။
တုံကင်နံပါတ်တွေအရ ၂၀၂၅ ခုနှစ်လောက်မှ ဒီကတ်ရမယ့်သူတွေရှိနေပြီ ဒီကြားကာလမှာ အလုပ်လက်မဲ့ဖြစ်သွားမဲ့အခြေအနေ ကြုံနေကြတယ်လို့ မူဆယ်မြို့က ကမ်းလက်ကူညီ ပရဟိတအသင်းဥက္ကဋ္ဌ ဦးဌေးက ဆိုပါတယ်။
“တရုတ်ပြည်ကနေ ထွက်လာတဲ့သူတွေက နောက်နှစ် ၂၀၂၅ ခုနှစ်လောက်မှ စမတ်ကတ်ရမယ်ဆိုတော့ ဒီ ခြောက်လ၊ ခုနစ်လအတွင်းမှာ သူက ရှိတဲ့အလုပ်ကတော့ ပြုတ်သွားမှာပဲ။ သူအသားကျနေတဲ့ အလုပ်ကနေ ထွက်ရမှာပဲ။ ဒီတပတ်အတွင်း မဝင်နိုင်ဘူးဆိုရင်တော့”
မူဆယ်မြို့နယ်မှာ UID စမတ်ကတ် ထုတ်တဲ့စက်တစ်လုံးပဲ ရှိတာကြောင့် အခုလို ခက်ခဲနေတာလို့ ဆိုပါတယ်။
မူဆယ်မြို့အပြင် ဗန်းမော်၊ လားရှိုး၊ မန္တလေး စတဲ့နေရာတွေကို သွားရောက်လျှောက်ထားသူတွေရှိသလို တချို့ကတော့ ကိုယ့်ရပ်ရွာဒေသကိုပြန်ပြီး UID ကတ်ရဖို့ ကြိုးစားနေကြသူတွေလည်း ရှိပါတယ်။
“အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်တဲ့အတွက် UID စမတ်ကတ်ရဖို့ မှောင်ခိုစျေးနဲ့ နေ့ချင်းပြီး လုပ်ခဲ့ရပါတယ်”
UID ကတ်တွေကို အခမဲ့လုပ်ဆောင်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ လျှောက်ထားသူတွေ များပြီး ထုတ်ပေးနိုင်တဲ့အရေအတွက် နည်းတဲ့အတွက် မှောင်ခိုစျေးကွက်တွေ ပေါ်ပေါက်နေပါတယ်။
UID ကတ် နေ့ချင်းပြီးရဖို့ မှောင်ခိုစျေးကွက်မှာ ငွေကျပ် ငါးသောင်းကနေ ခြောက်သိန်းကျော်အထိ ပေါက်စျေးရှိနေတာပါ။
အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်တဲ့အတွက် UID စမတ်ကတ်ရဖို့ မှောင်ခိုစျေးနဲ့ နေ့ချင်းပြီး လုပ်ခဲ့ရတယ်လို့ မြဝတီကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သွားရောက်အလုပ်လုပ်နေသူ တစ်ဦးက ပြောပါတယ်။
“အဲဒီမှာ သွားမရ လာမရနဲ့ဆိုတော့ အလုပ်မလုပ်ရဘူးလေ။ ပြီးတော့ သွားသွားစောင့်ရတော့လည်း တစ်နေကုန်။ စောင့်လို့လည်း ရည်ရွယ်ချက်မရှိဘဲ စောင့်နေရတဲ့ပုံစံ ဖြစ်နေတာပေါ့။ ကျွန်တော်ကလည်း အမြန်လိုနေတော့ လုပ်လိုက်ရတယ်။ နှစ်သိန်းလောက် ကုန်သွားတယ်။ အလုပ်မလုပ်ရတဲ့အခါ အဆင်မပြေဘူး။ ဒီဟာရမှပဲ သွားလို့ရမယ်ဆိုတဲ့အခါကျတော့ အလုပ်မပြုတ်ရေးအတွက် လုပ်လိုက်ရတယ်”
နေ့စဥ် လူ ၁၅ဝ အတွက် ကတ်ထုတ်ပေးနေတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာလည်း လျှောက်ထားသူများပြီး ကတ်ထုတ်ပေးနိုင်တဲ့ အရေအတွက်က နည်းနေတယ်လို့ မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ကတ်လျှောက်ထားခဲ့သူတစ်ဦးက ပြောပါတယ်။
“တစ်ရက်ကို လူ ၁၅၀ လောက် လုပ်ပေးတယ်လို့ပြောပေမဲ့ တကယ်တမ်းတော့ အချက်အလက်မမှန်တာတို့ ဘာတို့ဆို ပယ်လိုက်တယ်။ အသစ်ပြန်တင်ရတယ်။ ပြီးရင် အလုပ်လုပ်နေရင်းကနေ ဆာဗာကျသွားပြီဆိုရင် အဲဒီနေ့က ၁၅၀ ရချင်မှလည်းရမယ်။ အမတို့ ပထမရက်တွေက တန်းစီနေတာပဲ။ ဒီလိုပဲ ဆာဗာကျသွားတယ်ဆိုပြီး မရတော့ဘူး”
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း နိုင်ငံတွင်းက လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ခွာနေကြချိန်မှာ စစ်ကောင်စီက ထပ်ပြီးတင်းကျပ်လိုက်တာဖြစ်တယ်လို့ မဲဆောက်မြို့ ရောက်လာတဲ့ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေထဲက New Myanmar Foundation ညွှန်ကြားရေးမှူး ဒေါက်တာ စန်းအောင်က ပြောပါတယ်။
“စစ်မှုမထမ်းမနေရ အမိန့်ထုတ်တဲ့အခါကျတော့ စစ်မှုမထမ်းချင်တဲ့သူတွေ အများကြီးပဲ ထွက်ပြေးတိမ်းရှောင်ကြတယ်။ အထူးသဖြင့် နယ်စပ်တွေကို လာနေကြတယ်။ အရင်တုန်းက CDM တွေက ပြည်တွင်းမှာပဲ ပုန်းအောင်းနေကြတာရှိတယ်။ အခုက ပိုပြီးတင်းကျပ်လာတဲ့အခါ သူတို့ထွက်တာတွေကိုတားဖို့ အဓိကလုပ်တာလို့ မြင်တယ်။ CDM ဟုတ် မဟုတ် သူတို့ဘက်ဂရောင်း ပြန်ကြည့်မယ်။ ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်းလား၊ စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းတာလား။ အဲဒါတွေကို ခြုံလို့ရအောင်လို့ လုပ်လိုက်တာ”
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေကြပါဘူး။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ မေ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ UID နံပါတ်ထုတ်ပေးတာကို အခမဲ့လုပ်ပေးနေပြီး ကိုယ်သက်ဆိုင်ရာ မြို့နယ်တွေမှာပဲ UID နံပါတ် ကြိုတင်ထုတ်ယူဖို့၊ UID နံပါတ် ရရှိရေးအတွက် ငွေကြေးတောင်းခံတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
UID လက်မှတ်ဟာ အသက် ၁၀ နှစ်အထက် ရှိသူတွေရဲ့ ကိုယ်ရေးဇီဝ အချက်အလက်တွေကို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကောက်ယူပြီး သက်သေခံအဖြစ် ထုတ်ပေးတဲ့ ဂဏန်းဆယ်လုံးပါတဲ့ လက်မှတ်ဖြစ်ပါတယ်။