ရန်ကုန်နဲ့ မန္တလေးမှာ နှစ်ပတ်အတွင်း ပေါက်ကွဲမှု အကြိမ် ၇၀ ဖြစ်ပွား

RFA က သီးသန့်ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၂ မတ်လ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း ရန်ကုန်မြို့မှာ ပေါက်ကွဲမှု ၃၆ ကြိမ်၊ မန္တလေးမြို့မှာ ၃၄ ကြိမ် စုစုပေါင်း အကြိမ် ၇၀ အထိ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းထဲက လှိုင်သာယာမြို့နယ်မှာ ရှစ်ကြိမ်၊ အလုံမြို့နယ်မှာ လေးကြိမ်၊ ခရမ်း မြို့နယ်မှာ လေးကြိမ်၊ ရွှေပြည်သာမြို့နယ်မှာ သုံးကြိမ်၊ လှိုင်မြို့နယ်မှာ သုံးကြိမ်၊ ကျောက် တန်းမြို့နယ်မှာ နှစ်ကြိမ်၊ မှော်ဘီမြို့နယ်မှာ နှစ်ကြိမ်နဲ့ ကြည့်မြင်တိုင်၊ ကော့မှူး၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ သန်လျင်၊ လှည်းကူးနဲ့ သုဝဏ္ဏတို့မှာ တစ်ကြိမ်စီ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုတွေဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာလို့ မြေပြင်ဖောက်ခွဲမှုတွေကို ဦးဆောင်နေတဲ့ Yangon Federal Army (YFM)က ကိုကျော်လေးက ပြောပါတယ်။
“အဓိကကတော့ စစ်တပ်ဒေါက်တိုင်တွေကို အဓိကထားပြီး လုပ်တယ်။ တော်လှန်ရေး အင်အားစုတွေဘက်က Boycott လုပ်ထားတဲ့ အဆောက်အအုံတွေရှိတယ်၊ စီးပွားရေး လုပ်ငန်းတွေ တာဝါတိုင်တွေ ရှိတယ်၊ ဒါတွေကို နံပါတ် (၁) အနေနဲ့ ပေါက်ကွဲမှု Focus ထားပါတယ်။ ပြီးတော့ ပြည်သူကို မတရားဆက်ကြေးကောက်နေတဲ့ ယာဉ်ထိန်းရဲ ရုံးတွေရှိတယ်၊ သူတို့ကိုလည်း အဓိကထားပြီး ဖောက်ခွဲမှုတွေလုပ်တယ်။"
ပေါက်ကွဲမှုတွေ များလာတာနဲ့အမျှ လုံခြုံရေးစိုးရိမ်မှု၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက်မှာကို စိုးရိမ်မှုတွေကြောင့် လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်နိုင်တာမျိုး မရှိတော့ဘဲ စားဝတ်နေရေး ကျပ်တည်းလာတယ်လို့ ရန်ကုန် သုဝဏ္ဏမြို့နယ်မှာနေထိုင်တဲ့ ဒေါ်ငြိမ်းငြိမ်း က ပြောပါတယ်။
"ပေါက်ကွဲမှုက မြို့ထဲတွေမှာ တွေ့ရတာများတယ်။ ပေါက်ကွဲမှုတွေများလာရင် လက်လုပ်လက်စားတွေက မသွားနိုင်ဘူး၊ မလုပ်နိုင်ဘူး၊ မစားနိုင်ဘူး၊ ကြောက်လို့ မသွားရတာ တစ်မျိုး၊ အလုပ်တွေမရှိလို့ မသွားရတာက တစ်မျိုး၊ ဒီလိုပေါက်ကွဲမှုတွေကို ရှောင်ကွင်းပြီး သွားရတာက တစ်မျိုးဆိုတော့ စားဝတ်နေရေးက အတော်ခက်ခဲမှုရှိတယ်။ ပေါက်ကွဲမှုတွေ အများဆုံးဖြစ်လာတော့ အောက်ခြေလူတွေအနေနဲ့က စားဝတ်နေရေး အတော်ကြီး ခက်ခဲလာတယ်"
အချိန်နေရာမရွေး ပေါက်ကွဲမှုတွေ ရှိနေပေမယ့် ဝမ်းရေးအတွက် နေ့စဥ်အပြင်ထွက် အလုပ်လုပ်နေရလို့ လုံခြုံရေးအတွက် အမြဲစိုးရိမ်နေရတယ်လို့လည်း သူက ဆိုပါတယ်။
မန္တလေးမှာဆိုရင်လည်း နှစ်ပတ်အတွင်း ချမ်းမြသာစည်မြို့နယ်မှာ ခုနစ်ကြိမ်၊ ပြည်ကြီး တံခွန်မြို့နယ်မှာ ခြောက်ကြိမ်၊ မန္တလေးမြို့လယ်မှာ သုံးကြိမ်၊ မဟာအောင်မြေမြို့နယ်မှာ သုံးကြိမ်၊ အမရပူရမြို့နယ်မှာ သုံးကြိမ်၊ ကျောက်ဆည်မြို့နယ်မှာ သုံးကြိမ်၊ ကျောက်ပန်း တောင်းမြို့နယ်မှာ နှစ်ကြိမ်၊ ချမ်းအေးသာစံမြို့နယ်မှာ နှစ်ကြိမ်၊ ပုသိမ်ကြီးမြို့နယ်မှာ နှစ်ကြိမ်၊ မတ္တရာမြို့နယ်မှာ နှစ်ကြိမ်၊ စဥ့်ကိုင်မြို့နယ်မှာ တစ်ကြိမ် ပေါက်ကွဲမှု စုစုပေါင်း ၃၄ ကြိမ် ဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုတွေ အရှိန်မြင့်လာတာနဲ့အမျှ ရဲနဲ့ စစ်တပ်ရဲ့ သံသယနဲ့ ညှဥ်းပန်းနှိပ်စက် စစ်ဆေးမှုတွေ ပိုများလာတယ်လို့ မန္တလေးမြို့က ကိုသက်ဦးက ပြောပါတယ်။
"တော်တော်များများလည်း ပေါက်ကွဲမှုဖြစ်တယ်၊ ဒီစစ်ကောင်စီတပ်တွေ စွဲထားတဲ့နေရာမှာ အများဆုံး ဖြစ်တယ်၊ ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်တွေ ရောက်လာရင် ရှာတယ်ပေါ့ဗျာ။ ကားတွေ၊ ဆိုင်ကယ်တွေကို၊ မဆိုင်တဲ့သူတွေပါ ဒူးထောက်ခိုင်းတယ်၊ ဒူးထောက်ခိုင်းပြီးတော့ ရိုက်တာ နှက်တာတွေလည်း ရှိတယ်။ ကျနော်တို့ဘက် မန္တလေးက ပိုဆိုးတာပေါ့၊ လူနေကျဲတော့ တော်တော်များများကို ဘယ်နေရာမှ သွားလို့မရတော့ဘူး၊ တော်တော်လေး ပြောင်းလဲသွားတယ်၊ ကိုယ်နေတာ မန္တလေးဆိုပေမယ့် ရှိလျက်နဲ့ သေနေတဲ့ပုံစံမျိုး မြို့ကြီးက ခြောက်ကပ်နေတာ"
"ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်တွေ ရောက်လာရင် ရှာတယ်ပေါ့ဗျာ"
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုဗုံးပေါက်မှုတွေရှိနေပေမယ့် အုပ်ချုပ်ရေးယန္တရားပုံမှန်လည်ပတ်နေတယ်လို့ RFA ကိုပြောပါတယ်။
"မန္တလေးမှာပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ခဲ့တယ်၊ ဘယ်နေရာတွေမှာ အများဆုံးဖြစ်လဲ ဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးလို့ပြောပေမယ့်၊ ပေါက်ကွဲမှုဖြစ်စဉ်က လမ်းပေါ်မှာ ဖြစ်တာများတယ်။မန္တလေးမှာ ဗုံးသယ်လာတယ် ဆိုင်ကယ်ပေါ်မှာ ဗုံးကွဲတယ် ဒါမျိုး ဖြစ်စဉ်တွေ ဖြစ်တယ်၊ရန်ကုန်မှာ ယခင်နှစ်မတ်လနဲ့ ဧပြီက အများဆုံးပဲ တစ်နေ့ကို ဗုံးကွဲမှုက ၅ ကြိမ်နဲ့အထက်မှာ ရှိတယ်။အခုချိန်မှာတော့ လမ်းဘေးမှာကွဲတာတွေ၊အမှိုက်ပုံမှာ ကွဲတာတွေ ဒါမျိုးတွေအများအပြားနဲ့ တစ်ကြိမ် နှစ်ကြိမ် လောက်တော့ ဖြစ်တဲ့အနေအထားမျိုးတော့ ဖြစ်တယ်။အုပ်ချုပ်ရေးယန္တာရားနဲ့ ပတ်သက်ပြီးတေ့ာ ပြောရမယ်ဆိုရင် ရန်ကုန်နဲ့မန္တလေးမှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် အုပ်ချုပ်ရေး ယန္တာရားနဲ့ ပတ်သက်ပြီးတော့ကြ ပုံမှန်လည်ပတ်လျှက်ရှိတယ်လို့တော့ ပြောချင် ပါတယ်"
စစ်ကောင်စီဟာ အုပ်ချုပ်ရေးယန္တရား အပြည့်အဝ လည်ပတ်ဖို့ ကြိုးစားနေတော တစ်နှစ်ကျော်လာပြီ ဖြစ်ပေမယ့် လက်တွေ့မှာတော့ နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်တာမျိုး မရှိဘဲ နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံမှုတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကသာ အရှိန်ပိုမြင့်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကလည်း ရန်ကုန် လှိုင်မြို့နယ်က စစ်တပ်ဒေါက်တိုင် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ MYTel တာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို Yangon Fedral Army (YFA) အဖွဲ့က တိုက်ခိုက်ဖောက်ခွဲခဲ့ပါတယ်။
ဒါတွေဟာ အာဏာသိမ်းနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပြီး စစ်ကောင်စီဘက်က တစ်ဖက်သတ် ရွေးကောက်ပွဲနဲ့ နိုင်ငံရေးထွက်ပေါက်ရှာမယ်ဆိုရင် အခြေအနေတွေ ဒီ့ထက် ပိုဆိုးလာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာ သုံးသပ်သူ ကိုကျော်စောဟန်က သုံးသပ်ပြောဆိုပါတယ်။
"မူရင်းပြဿနာဖြစ်တဲ့ အာဏာသိမ်းတဲ့ အုပ်စုနဲ့ အာဏာသိမ်းခံရတဲ့ အုပ်စုကြားဖြစ်တဲ့ နိုင်ငံရေးအားဖြင့် တိုက်ပွဲဝင် တိုက်ခိုက်နေတဲ့ အဖြစ်အပျက်တွေဖြစ်တယ်။ ဒီအုပ်စု နှစ်စု မပြေလည်မချင်း ကြားထဲမှာ နိုင်ငံရေး အဖြေတစ်ခုပေါ့နော် မရမချင်းပေါ့ ဒါတွေ အားလုံး ပြေလည်မယ်မထင်ဘူး၊ စစ်တပ်ဘက်က စဉ်းစားပုံကတော့ ရွေးကောက်ပွဲ နည်းလမ်းနဲ့အတူ ထွက်ပေါက်နဲ့ ထွက်ဖို့ကြိုးစားတာပဲ။ ရွေးကောက်ပွဲပြီးတဲ့ ၂၀၂၃ မှာ ဒါတွေ လျော့သွားမယ်လို့ စဉ်းစားပုံရပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်မယ်လို့ ကျနော်တို့ မထင်ဘူး၊ ရွေးကောက်ပွဲလုပ်နိုင်ရင် လုပ်နိုင်လိမ့်မယ် လက်ရှိဖြစ်နေတဲ့ လုံခြုံရေး ပြဿနာအားလုံးကတော့ ဒီနည်းနဲ့ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် ကျနော်တို့က ရေရှည်စစ်ပွဲ အရှည်ကြီး ပဋိပက္ခကို နှစ်ရှည်တွေ့ရမယ့် အနေအထားမျိုးရှိပါတယ်"
စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ လုံခြုံရေးထိန်းချုပ်နိုင်ပြီဆိုတာကို ပြသချင်တာကြောင့် မြို့ပြသပိတ်တွေကို အင်အားသုံး ဖြိုခွင်းဖမ်းဆီးနေတာကြောင့် မြို့ပြပြောက်ကျားအဖွဲ့တွေ ဘက်ကလည်း လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပိုများလာတာလို့ မြို့ပြတိုက်ခိုက်ရေးသမား တွေနဲ့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့်ပဲ လူနေအထူထပ်ဆုံး စီးပွားရေးမြို့တော် ရန်ကုန်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ကမ္ဘာ့လုံခြုံမှု အကင်းမဲ့ဆုံးမြို့ကြီးတစ်မြို့ ဖြစ်လာပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း ရဲနဲ့ စစ်တပ်ရဲ့ မြို့ပြသပိတ်တွေကို အင်အားသုံးဖြိုခွင်းမှု၊ PDF နဲ့ ဆက်နွှယ်တယ် ဆိုပြီး ဖတ်ဆီးသတ်ဖြတ်မှု၊ လက်နက်ကိုင် ခုခံမှုတွေကို အင်အားသုံးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၆၇၉ ဦး သေဆုံးပြီး၊ ၁၂,၇၈၀ ဦး အဖမ်းခံထားရကြောင်း မတ်လ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။