ခြောက်လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲ ၂၅၀၀ နီးပါးဖြစ်ခဲ့

RFA Burmese
2023.07.09
ခြောက်လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲ ၂၅၀၀ နီးပါးဖြစ်ခဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အဖွဲ့ဝင်တစ်ဦးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
KIC

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေတွေထဲမှာ ၂၀၂၃ ခုနှစ်ရဲ့ ပထမ ခြောက်လအတွင်း တိုက်ပွဲပေါင်း ၂၅၀၀ နီးပါး (၂၄၉၅ ကြိမ်) ဖြစ်ပွားခဲ့တယ် လို့ KNU က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေတဲ့ အဖွဲ့အစည်းအများအပြား ခိုလှုံနေတဲ့အတွက် စစ်ကောင်စီတပ်က စစ်ရေး အရ ပစ်မှတ်ထားဖိအားပေးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။

"၂၀၂၂ ကနဲ့ အခု ၂၀၂၃ ခုနှစ် ပထမ ခြောက်လနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း တိုက်ပွဲကတော့ ပိုပြီးပြင်းထန်လာတာကို တွေ့ရတာပေါ့နော်။ ကျွန်တော်တို့ နယ်မြေထဲမှာက သူ့ကိုဆန့်ကျင်တဲ့အဖွဲ့အစည်းတွေက များသောအားဖြင့် ရှိနေတဲ့အပေါ်မှာ ဒါကို ပစ်မှတ်ထားပြီး ထိုးစစ်ဆင်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာက တိုက်ပွဲပေါင်း တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် များတယ်ဆိုတာက ဒီကိစ္စတွေကြောင့် ဖြစ်ပါတယ်"

၂၀၂၂ ခုနှစ်ကထက် အခု ၂၀၂၃ ခုနှစ်မှာ တိုက်ပွဲ ပိုပြီးများလာတယ်လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ခြောက်လအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၂၆၃၂ ဦး သေဆုံးခဲ့ပြီး ၁၆၈၅ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုပါတယ်။ KNU ပူးပေါင်း တပ်ဖွဲ့တွေဘက်ကတော့ ၇၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ  ၂၅၇ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ခွံများကို တွေ့ရစဉ်။ (Photo: KNU)
၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ခွံများကို တွေ့ရစဉ်။ (Photo: KNU)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ PDF တပ်ဖွဲ့တွေ  ထိုင်း- မြန်မာနယ်စပ်ကို အခြေပြုလှုပ်ရှားတဲ့အတွက် စစ်ရေးလှုပ်ရှားမှုတွေများလာတာလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။

"NUG တို့ PDF တို့က အဲဒီဘက်မှာ အခြေပြုတာ များတာပေါ့နော်။ NUG ရဲ့ ခေါင်းဆောင်မှုတွေကိုက ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာပဲ ရှိလိမ့်မယ်လို့ ထင်တယ်။ ဒါကြောင့်မို့လို့ အဲဒီဘက်မှာတော့ PDF နဲ့ KNU ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေများတဲ့ သဘောပေါ့နော်။ အစိုးရတပ်က မတိုက်ဘူးဆိုလည်း သူတို့က တိုက်မှာပဲ”

စစ်အာဏာရှင်ကို အပြီးအပြတ်တိုက်ခိုက်မယ်လို့ NUG ဘက်က ကြွေးကြော်ထားတဲ့ အတွက် KNU နယ်မြေက တိုက်ပွဲတွေမှာ စစ်ရေးအလှည့်အပြောင်းကို ရှာဖွေနေတာလို့ သူက သုံးသပ်ပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်လည်း တိုးလာနေပါတယ်။

KNU တပ်မဟာ ၃ နယ်မြေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲ ဝန်းကျင် ရှိနေပြီး အစစ အရာရာ ခက်ခဲနေတယ်လို့ ပဲခူးတိုင်း၊ မုန်းမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"နည်းနည်းအလှမ်းဝေးတဲ့ရွာတွေမှာ ရှောင်နေတာ အကုန်ရှောင်နေတယ်။ တစ်ရွာဆို လူ ၆၀၀၊ ၇၀၀ ဆိုတော့ နေရာအတွက် အခက်အခဲရှိတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေဖို့ထိုင်ဖို့ကလည်း အခက်အခဲရှိတယ်။ နေရာမဆံ့တော့ တာလပတ်နဲ့ တချို့အိမ် ကလည်း အမိုးမလုံတော့ တာလပတ်ထိုးပြီးတော့ပဲ နေရတယ်။ တစ်အိမ်ကို မိသားစု သုံးလေးစု သွားစုပြီး နေတယ်။ အခက်အခဲရှိတာပေါ့”

အလားတူ KNU တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ  မြို့နယ်တွေမှာ မေလတစ်လအတွင်း တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေကြား အရပ်သားသုံးဦး သေဆုံးခဲ့ရကာ အရပ်သား ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဇွန်လ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့နယ်တစ်ခုတည်းမှာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ငှက်ဖျားဆေးဆိုတာ လုံးဝမရှိဘူး၊ ဝယ်ရတာလည်း ခက်ခဲနေတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့လူတွေဆီမှာလည်း ဒီငှက်ဖျားဆေးတွေ မရှိဘူး"

မိုးတွင်းကာလဖြစ်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေဟာ အမိုးအကာနဲ့ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

"ငှက်ဖျားဆေးဆိုတာ လုံးဝမရှိဘူး၊ ဝယ်ရတာလည်း ခက်ခဲနေတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့လူတွေဆီမှာလည်း ဒီငှက်ဖျားဆေးတွေ မရှိဘူး။ တောတောင်ဒေသမှာကျတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့် ဆေးတွေ၊ ကာကွယ်ဆေးတွေ၊ သွေးလွန်တုပ်ကွေးဆေးတွေ လိုအပ်တယ်။ အဲဒါတွေလည်း ဖြစ်ပွားတာ များပြားလာတဲ့ အနေအထား တွေ့ရတယ်၊ ရင်ဆိုင်နေရတယ်ပေါ့။ အိမ်ဆိုရင်လည်း ဆောက်ဖို့ အမိုးအကာတွေက လုံလောက်မှု မရှိဘူး။ ရှိတဲ့ အမိုးအကာကျတော့လည်း မျှသုံးနေရတယ်။ တချို့ဒေသက ခရီးလမ်း သွားလို့မရဘူး။ ကား၊ ဆိုင်ကယ်မရောက်တဲ့ အရပ်တွေဆိုရင် ခြေလျင်သွားနေရတယ်။ စားနပ်ရိက္ခာ ဆိုရင်လည်း သယ်ယူပို့ဆောင်ရတာခက်ခဲတဲ့ ဒေသတွေ အများအပြားရှိနေတာကို တွေ့ရတယ်"

ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုများလာတာကြောင့် စစ်ကောင်စီက လမ်းဖြတ်သန်းသွားလာခွင့် ပိတ်တာနဲ့ တံတားမိုင်းခွဲခံရတာတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် KNU ထိန်းချုပ်နယ်မြေထဲမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ခြောက်သိန်းနီးပါး (၅၉၉,၄၀၀ ဦး) ရှိနေပြီလို့ KNU က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက နှစ်သိန်းခြောက်သောင်းကျော် (၂၆၉,၆၃၃ ဦး) ကိုတော့ KNU က ကူညီထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ဇွန်လ ၁၃ ရက်နေ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် လူဦးရေ ၁ ဒဿမ ၅ သန်းကျော် ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။