အနန့်ပါတိုက်ခိုက်မှုနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်လာ

2022.11.24
အနန့်ပါတိုက်ခိုက်မှုနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်လာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။
ဓာတ်ပုံ - ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)

လူတစ်ရာကျော် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အနန့်ပါလေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြား စစ်ရေးတင်းမာမှု မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်း ရှိခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

KIA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းသုံးတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကို စစ်ကောင်စီတပ်က ဆက်တိုက်လုပ်လာတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"ဗန်းမော်၊ မိုးမောက်ဘက်မှာ တိုက်ပွဲတွေလည်း အကြီးအကျယ်ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ မိုင်ဂျာယန်တို့၊ လိုင်ဇာတို့မှာ တော်တော်ခြိမ်းခြောက်တဲ့ပုံစံနဲ့ လက်နက်ကြီးတွေ လှမ်းပစ်တာတွေရှိတယ်။ လေယာဉ်ပျံနဲ့ဝဲပြီးတော့ ခြိမ်းခြောက်တာ တွေတော့ ရှိတာပေါ့နော်။အဲဒါက အနန့်ပါဖြစ်စဉ်ရဲ့ နောက်ပိုင်းမှာ စစ်ကောင်စီဘက်က လှုပ်ရှားတာ တွေ့ရပါတယ်။ သူလည်းမြေပြင်ကနေ လှုပ်ရှားလို့ အဆင်မပြေတဲ့ နောက်ဆုံးကျတော့ လေကြောင်းကနေ လှုပ်ရှားတဲ့အဆင့်တွေ ရောက်သွားတာ။ ဒါကြောင့် ပြည်သူလူထုအတွက်ကတော့ ပိုပြီးမှ စိုးရိမ်ဖို့လိုတာပေါ့"

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က KIA တပ်မဟာ (၈) ဌာနချုပ်အနီးကို နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ဂျက်တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

KIA ဌာနချုပ် လိုင်ဇာမြို့ပေါ်ကိုလည်း အောက်တိုဘာ ၃၀ရက် မနက် ၁ နာရီဝန်းကျင်မှာ တိုက်လေယာဉ်နှစ်စီး ၄၀ မိနစ်ကြာအောင်ပျံသန်းခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

ဒီအပြင် KIA ထိန်းချုပ်ထားတဲ့ မိုင်ဂျာယန်မြို့ကိုလည်း နိုဝင်ဘာလ ၆ ရက် ညနေပိုင်းမှာ လက်နက်ကြီးနဲ့ လေးကြိမ် ပစ်ခတ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။

မိုင်ဂျာယန်မြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေတယ်လို့ မိုင်ဂျာယန်ဒေသခံ တစ်ဦးက ပြောပါတယ်။

"ဒီတစ်လောပဲ ဒီလိုနည်းနည်းပိုပြီးတော့ ထူးခြားဖြစ်စဉ် ဖြစ်လာတာပေါ့လေ။ အရင်တုန်းကတော့ ပြည်သူတွေရှိတဲ့နေရာထိ၊ အဲလောက်ထိ လေယာဉ်တွေ ရောက်တဲ့ဟာမျိုး ဒီလက်နက်ကြီးတွေ ပစ်ချတဲ့ဟာမျိုးတွေကတော့ မရှိသလောက် ရှားတယ်ပေါ့နော်။ ဒါပေမဲ့ အခုက နည်းနည်း ပိုပြီးတော့ စိုးရိမ်လာတာက ပြည်သူလူထု ရှိတဲ့နေရာတွေလည်း စစ်လက်နက်ပေါ့လေ၊ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲ တယ်၊ လေယာဉ်ပျံတွေရောက်လာတယ်ဆိုတာက ကျနော်တို့ ပြည်သူထူထုတွေအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ပေါ့လေ"

လက်နက်ကြီးကျည်ကြောင့် သေဆုံးထိခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ လိုင်ဇာ၊ မိုင်ဂျာယန် မြို့တွေသာမက ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ ကတုတ်ကျင်းတွေ တူးထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတယ်၊ လေယာဉ်ပျံတွေရောက်လာတယ်ဆိုတာက ကျနော်တို့ ပြည်သူထူထုတွေအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ပေါ့လေ"

အခုနောက်ပိုင်း KIA တပ်မဟာဌာနချုပ်တွေနဲ့ အနီးတဝိုက်ဒေသတွေကို စစ်ကောင်စီ တပ်က ပစ်မှတ်ထားတိုက်ခိုက်လာတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီအနန့်ပါမှာ စကစဘက်ကနေ လေယာဉ်ဗုံးကြဲပြီးတဲ့နောက်ပိုင်းမှာ ကချင်ပြည်နယ်ရဲ့ လက်ရှိအနေအထားက ယခင်ကထက် တိုက်ပွဲတွေ ပိုစိပ်လာတယ်လို့ သုံးသပ်မိတယ်။ နေရာတိုင်းလိုလိုပေါ့နော်။ အဓိကတော့ သူတို့ ပစ်မှတ်ထားတဲ့နေရာက ကျနော်တို့ရဲ့ KIA ဌာနချုပ်ရှိတဲ့ နေရာတစ်ဝိုက်၊ အဲဒီဘက်ကိုပိုပြီးမှ ဒီစစ်ကောင်စီဘက်ကနေ ထိုးစစ်ဆင်တဲ့ အနေအထားတွေ တွေ့နေရတယ်"

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ် လုံဂျာ၊ ဝဝမ်၊ နောင်ပေါက်နဲ့ ခါနန် စတဲ့ရွာတွေက အရပ်သား ၁၀၀၀ နီးပါးဟာ ကြေးနန် ရပ်ကွက်နဲ့ အလောန့်ကောင့်ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးနီးစပ်တွေဆီမှာ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာလည်း နိုဝင်ဘာလ ၂၃ ရက်၊ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့လို့ သောင်းကော့၊ ကောင်ဆန်၊ ဝှေ့ခါ စတဲ့ရွာတွေက အရပ်သား ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။

kia-soldiers-moenyin.jpg
KIA တပ်ဖွဲ့ဝင်အချို့ကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ တွေ့ရစဉ်။ (Photo: Kachin News Group)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ကချင်ပြည်နယ်အတွင်း စစ်ရေး အခြေအနေတွေကိုကြည့်ရင် တိုက်ပွဲတွေ ပြင်းထန်လာတော့မယ့် အရိပ်အယောင်ကို တွေ့ရတယ်လို့ သုံးသပ်ပါတယ်။

"ကျမအမြင်ကတော့ စစ်ပွဲတွေက ပွင့်လင်းရာသီမှာ ပိုပြီး ဆိုးရွားလာမယ်ထင်တယ်။ တိုင်းရင်းသားတွေဘက်ကလည်း ခံနိုင်စရာမရှိဘူး။ အထူးသဖြင့် မြေပြင်ဒေသ စစ်ကိုင်းတို့ဘက်က အဲဒီက PDF တွေနဲ့ KIA တို့၊ တအာင်းလို၊ ကိုးကန့်လိုဟာမျိုးတွေနဲ့ ပေါင်းစပ်ပြီးတိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်။ စစ်တပ်ကလည်း အကြီးအကျယ် ပြင်ဆင်နေတာပဲလေ၊ သူဘက်ကလည်း ဂျက်လေယာဉ်ပျံတွေ ဘာတွေတောင် ထပ်ရောက်လာတယ်လို့ ကြားတယ်။ အဲတော့ သူဘက်ကလည်း ပြင်ဆင်မှုတွေလည်း အပြည့်အစုံလုပ်တော့ စစ်ပွဲတွေ ပိုပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်ထင်ပါတယ်"

KIA က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စိတ်ကုန်သွားပုံရတဲ့အတွက် PDF တွေနဲ့ ပူးပေါင်းပြီး လက်နက်ကိုင်ပုန်ကန်မှုကို ဦးဆောင်လိမ့်မယ်လို့လည်း ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

စစ်ကောင်စီက စစ်ရေးအကျပ်ရိုက်လာတဲ့အတွက် လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ရုတ်တရက် တိုက်ခိုက်လာနိုင်တဲ့အတွက် သတိရှိကြဖို့ KIA ထိန်းချုပ်ဒေသက အရပ်သားတွေနဲ့ တပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာလ ၁ ရက်မှာ KIA က ညွှန်ကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။