စစ်တပ်က KNU နယ်မြေကို ထိုးစစ်ဆင်လို့ ဒေသခံ ၁၄၀၀၀ ကျော် ထွက်ပြေး
2023.07.16

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ဒေသ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေကို စစ်ကောင်စီတပ်က ဇူလိုင်လ ဆန်းကစလို့ ထိုးစစ်ဆင်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ပြောပါတယ်။
စစ်ကောင်စီ၊ ခြေမြန်တပ်ရင်း (ခမရ) - ၂၀ နဲ့ ခြေလျင်တပ်ရင်း (ခလရ) - ၂၆၄ တို့က ထိုးစစ်ဆင်နေတာပါ။ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက လက်ရှိ စစ်ရေး အခြေအနေအရ တပ်မဟာ (၃) နယ်မြေမှာ တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိတယ်လို့ ပြောပါတယ်။
"သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လိုရှိလဲက ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်း မသိဘူး။ သို့သော်လည်း အဲဒီနယ်မြေထဲမှာ သူတို့အတွက် သွားရေး၊ လာရေး၊ သယ်ယူပို့ဆောင်ရေး ရှင်းလင်းမှုကို လိုချင်လို့ စကစဘက် အဲလို လုပ်ဆောင်တယ်လို့ မြင်တယ်။ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ခန့်မှန်းထားချက်အရဆိုရင် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာဖို့ကတော့ မလွဲမသွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ ပြောထားပြီးသား ဖြစ်ပါတယ်"
ဒီထိုးစစ်ကြောင့် ဇူလိုင် ၁ ရက်ကနေ ၁၄ ရက်အထိ နှစ်ပတ်အတွင်း ကျေးရွာ ၁၇ ရွာက အရပ်သား ၁၄,၁၁၇ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဇူလိုင် ၁၅ ရက်နေ့က ထုတ်ပြန်ချက်မှာ KNU ဗဟိုက ဖော်ပြပါတယ်။
အောက်မိုးခို၊ ရွှေခဲစု၊ အင်းကျိုက်၊ အင်းပုဝါ၊ ဂွေးကုန်း၊ ချုံအင်း၊ကောက်မယ့်သူ၊ ပျဉ်ရေ၊ ဝိုင်ကျွန်း၊ သိုက်တူးကုန်း၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီးရွာမ၊ စပ်စု၊ သက်ကယ်ကုန်း၊ အင်္ဂနီ၊ ကျောက်တန်း၊ စံဖဲရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
ရွှေကျင်မြို့နယ် ကောက်မယ်သူကျေးရွာ ဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ပြောပါတယ်။
"လက်နက်ကြီးက မထင်ရင် မထင်သလို ပစ်ခံနေရတော့ အိမ်မှာ မနေရဲတော့ဘူးလေ။ ဘယ်အချိန်ပစ်ခံရမယ်မှန်း စိုးရိမ်နေရတော့ အဆင်မပြေတော့ဘူးလေ။ အိမ်မှာ ဝက်တွေကျန်နေခဲ့တယ်။ ပစ္စည်းနည်းနည်းပါးပါးပဲ သယ်နိုင်သလောက်သယ်ခဲ့တာ။ အခု နည်းနည်းအေးချမ်းပြီဆိုမှ သွားပြန်သယ်တော့မယ်"
ဇူလိုင် ၁၄ ရက်ကလည်း စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရွှေကျင်မြို့နယ် ချုံအင်းကျေးရွာက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
"လက်နက်ကြီးက မထင်ရင် မထင်သလို ပစ်ခံနေရတော့ အိမ်မှာ မနေရဲတော့ဘူးလေ။ ဘယ်အချိန်ပစ်ခံရမယ်မှန်း စိုးရိမ်နေရတော့ အဆင်မပြေတော့ဘူးလေ"
စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေနဲ့ နေအိမ်တွေကို လက်နက်ကြီးပစ်ခတ်တာ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ အာဏာမသိမ်းခင်ကတည်းက လူနည်းစုတိုင်းရင်းသားဒေသတွေမှာ ကြုံတွေ့နေခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာလည်း အခုလိုဆက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုးစစ်တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံတွေဟာ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်ခံနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ ပြောခွင့်ရ ကိုစောနန္ဒဆူးက ပြောပါတယ်။
"ပြည်သူလူထုတွေက အိုးအိမ်တွေစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်ပေါ့နော်။ ဒီအပေါ်မှာ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဘေးကင်းလုံခြုံမှုလုံးဝကို မရှိတော့ဘူးပေါ့နော်။ နောက်တစ်ခါ ပြည်သူလူထုတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဖို့ ချိုးဖောက်ခံနေရသလို လွတ်လပ်စွာသွားလာခွင့်၊ ကျန်းမာရေး၊ ပညာရေး လက်လှမ်းမီနိုင်ခွင့် ဒီအခြေခံလူ့အခွင့်အရေးတွေကတော့ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ ချိုးဖောက်မှုတွေပဲ ဖြစ်တယ်ပေါ့"
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအပေါ် တာဝန်ယူမှုရှိလာစေဖို့ KHRG အနေနဲ့ နိုင်ငံတကာကို တောင်းဆိုနေပြီး ထိရောက်တဲ့ အရေးယူမှုရှိလာဖို့ အချိန်ကာလတစ်ခု ကြာမြင့်နိုင်တယ်လို့ ကိုစောနန္ဒဆူးက ပြောပါတယ်။
KNU တပ်မဟာ(၃) နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေနဲ့ပတ်သက်လို့ ကရင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် KNU ထိန်းချုပ်နယ်မြေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ခြောက်သိန်းနီးပါး (၅၉၉,၄၀၀ ဦး) ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက နှစ်သိန်းခြောက်သောင်းကျော် (၂၆၉,၆၃၃ ဦး) ကိုတော့ KNU က ကူညီထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။
KNU က ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက ထိုင်း- မြန်မာ နယ်စပ်ဒေသတချို့ကို နယ်မြေ ခုနစ်ခုခွဲပြီး ထိန်းချုပ်ထားပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပါဝင် လက်မှတ်ရေးထိုး ထားပေမယ့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင် နေတာကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း တစ်သောင်းကျော် ဖြစ်ပွားခဲ့ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇွန်လ ၁၃ ရက်နေ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေကြောင့် အာဏာသိမ်းပြီးနောက် လူဦးရေ ၁ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။