ကရင်နဲ့ ကယားမှာ စစ်ကောင်စီတပ်ထိုးစစ် ပိုပြင်းထန်လာ
2023.04.02

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပူးပေါင်းမှုအားကောင်းတဲ့ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်လာတယ်လို့ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NUG၊ PDF အဖွဲ့တွေကို ကူညီပံ့ပိုးနေတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ မတ်လ ၂၇ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာပါ။
စစ်ကောင်စီတပ်ဟာ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်အမျိုးသားအစည်းအရုံး ( KNU) ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက RFA ကိုပြောပါတယ်။
“ပိုပြီး ထိုးစစ်ဆင်တာကတော့ဗျာ ကျနော်တို့နယ်မြေမှာလည်း PDF အများကြီး ရှိတာကိုဗျ အဲဒါလည်းပါတယ်။ အထူးသဖြင့် ညောင်လေးပင်ခရိုင်မှာတော့ တပ်မဟာ (၃) ပေါ့လေ အဲဒီမှာတော့ တော်တော်လေး ထိုးစစ်ဆင်တယ်။ တောင်ငူဘက်ကလည်း နေပြည်တော်နဲ့ နီးတော့ အဲဒီအပိုင်းမှာလည်းသူ (စစ်ကောင်စီတပ်တွေ) ကတော်တော်လေး လှုပ်ရှားတယ်လေ။ ဒူပလာယာခရိုင်ကတော့ အခုလောလောဆယ် ငြိမ်နေတယ်။ ဒါပေမဲ့ ဖြစ်ဖို့တော့ အလားအလာ ရှိသေးတာပေါ့ဗျာ အများကြီး။ လောလောဆယ်ငြိမ်နေတာကိုပဲပြောတာ”
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း မတ်လ ၂၅ ရက်နေ့က မတ်လ ၃၁ ရက်နေ့ အထိ မြဝတီမြို့ ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင် ရဲစခန်းနယ်မြေတွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ဒီအပြင် KNU တပ်မဟာ (၂) နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့မှာ မတ်လ ၃၁ ရက်နဲ့ ဧပြီလ ၁ ရက်နေ့တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
PDF တွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အခြေစိုက် လှုပ်ရှားရာ ကယားပြည်နယ်မှာလည်း စစ်ကောင်စီတပ်က ထိုးစစ်အရှိန် မြှင့်လာတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောပါတယ်။
“လောလောဆယ်တော့ စစ်ရေးအခြေအနေက တဖြည်းဖြည်းနဲ့ ပိုပြီးမြင့်လာတယ်ပေါ့။ ဥပမာ လေယာဉ်နဲ့ လာပစ်တာတွေက ပိုစိပ်လာတယ်။ အဲဒါမျိုးတွေရှိတယ်လေ။ အဲဒီတိုက်ပွဲဝင်တဲ့ စကစရဲဘော်တွေက လူငယ်တွေများတယ်။ အတွေ့အကြုံ မရှိသေးတာများတယ်။ ဆေးသမားတွေ၊ ခိုးဆိုးလုနှိုက်က ထွက်လာတဲ့ ဟာတွေပါတော့။ သူတို့က အကျအဆုံးများတယ်လို့ ကျနော်တို့က အဲလိုပဲတွက်တယ်လေ”
တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့စာရင်းတွေအရ စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကယားပြည်နယ်မှာ တိုက်ပွဲအကြိမ် ၆၅၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၁၀ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က ကယားပြည်နယ်ကို စစ်မျက်နှာအများအပြားဖွင့်ပြီး တိုက်နေတဲ့အတွက် အရပ်သားတွေပိုပြီး ဒုက္ခရောက်လာတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ကယားပြည်နယ်ရဲ့ စစ်ရေးအခြေအနေကတော့ သိတဲ့အတိုင်းပဲ တော်တော်များများ စစ်မျက်နှာ ဖွင့်ထားတယ်ပေါ့ စကစတွေ။ တော်တော်များလည်း စစ်မျက်နှာဖွင့်တယ်။ တော်တော်များလည်း တိုက်ပွဲတွေရှိတယ်။ မရှိတဲ့ရက်ဆိုတာတော့ မရှိဘူး တစ်နေရာမဟုတ် တစ်နေရာ စစ်ဆင်ရေး ထိုးလာတဲ့အချိန်မှာ တိုက်ပွဲတွေ ဖြစ်တာတွေ အများဆုံးရှိတယ်။ နောက်ပြီးတော့မှ တိုက်ပွဲမရှိတဲ့ နေရာတွေကို ဗုံးကြဲတယ်ပေါ့နော်။ စစ်ရှောင်တွေကိုဗုံးကြဲတယ်။ စစ်ရေးတော့ တော်တော်လေး တင်းမာနေတယ်။ ဘယ်ဘက်ပဲဖြစ်ဖြစ် တစ်ပြည်နယ်လုံး အနေနဲ့ စစ်ရေးက တအားကို တင်းမာနေတယ်ပေါ့နော်။ အခက်အခဲလည်း မျိုးစုံရှိပါတယ်”
ကယားပြည်နယ် စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရဝန်ကြီး ဦးအောင်ဝင်းဦးကို RFA ဖုန်းနဲ့ဆက်သွယ်မေးမြန်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေကြားပါဘူး။ စစ်ကောင်စီရဲ့ ကရင် ပြည်နယ်ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကတော့ ကရင်ပြည်နယ်မှာ အရင်ကထက်ပိုပြီး တိုက်ပွဲတွေပိုများလာတယ်လို့ RFA ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်နဲ့ကယားပြည်နယ်မှာ စစ်ရေးအရှိန်မြှင့်တင်လာပေမယ့် တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းတာတွေ လုပ်နေပါတယ်။
"ဘယ်ဘက်ပဲဖြစ်ဖြစ် တစ်ပြည်နယ်လုံး အနေနဲ့ စစ်ရေးက တအားကို တင်းမာနေတယ်ပေါ့နော်။"
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလား (ခေါ်) အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့နဲ့ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတွေကို မတ်လ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီလိုတစ်ဖက်မှာ ငြိမ်းချမ်းရေးပြောပြီး တစ်ဖက်မှာ စစ်တိုက်တာက စစ်အစိုးရအဆက်ဆက် ကျင့်သုံးလာတဲ့ နည်းဗျူဟာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“မင်းအောင်လှိုင်မှ မဟုတ်ဘူး။ ကျနော်တို့ စစ်အုပ်ချုပ်မှု ကာလတစ်လျှောက်မှာ စစ်အစိုးရတွေ အကုန်လုံးက ဒီအတိုင်းပဲ။ ငြိမ်းချမ်းရေး တစ်ဖက်ကပြောတယ်။ တစ်ဖက်က တိုက်တာခိုက်တာတွေလုပ်တယ်။ အဲတော့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် သဘောကတော့ သူရဲ့တပ်မတော်ရဲ့အဖွဲ့အစည်းထဲမှကိုက အဲဒီအတိုင်း အပြောတစ်မျိုး အလုပ်တစ်မျိုးပေါ့နော် အဲဒီသဘောဆောင်တဲ့ ဟာတွေမှာ အဲလိုမျိုးလုပ်လာခဲ့တာ သမိုင်းအစဉ် အဆက်ပဲ”
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ တစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပြီလို့ ဖော်ပြထားပါတယ်။