ကသာမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝ ကျော်ကျဆုံး
2022.08.23
ကချင်ပြည်နယ်နဲ့ ကပ်ရပ် စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ ဘန့်ဘွေးကုန်းကျေးရွာမှာ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ ခလရ ၁၂၁ တပ်ဖွဲ့ဝင်တွေကို သြဂုတ်လ ၂၂ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၂ ရဲ့ကွပ်ကဲမှုနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ဂဠုန်က ၂ နာရီခန့်ကြာတဲ့ အဲဒီနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၄ဝ ကျော်သေဆုံးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“KIA ရင်း ၁၂ က ဦးဆောင်ပြီး သူတို့လက်အောက်ခံ PDF တွေ၊ ကျနော်တို့ကသာမြို့နယ် ပကဖ တွေနဲ့ တိုက်နယ်တွေ ကျေးရွာ PDF တွေနဲ့စုပေါင်းပြီး သွားတိုက်ကြတာ။ တိုက်ချိန်ကတော့ ၂ နာရီကျော်မယ်လို့ ခန့်မှန်းတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အတော်လေးကို ကြာတာကိုး။ ကသာမြို့က ၃၀၉ ကလည်း ၁၂၀ နဲ့ ပစ်ကူတယ်။ ပစ်ရင်းခတ်ရင်းနဲ့မှ လေယာဉ်ပျံဆိုပြီး သတင်းရတာနဲ့ ရင်း ၁၂ က အားလုံးဆုတ်ဆုတ်ဆိုပြီး ပကဖ တွေ အကုန်ဆုတ်ကြတယ်။ အားလုံးတစ်ပြိုင်နက်တည်း ဆုတ်ကြတယ်။ ဆုတ်ကြပြီး တော်တော်လှမ်းလှမ်း ရောက်တဲ့အချိန်မှာ လေယာဉ်ပျံလာတယ်။ လေယျာဉ်ပျံလာတော့ ဗုံးကြဲတယ်။ သူ့လူသူ ထိတယ်။ အဲဒီမှာ ကျနော်တို့ သတင်းကြားတာကတော့ ၈ ယောက်လောက်သေတယ်လို့ ကြားတယ်။ တိုက်ပွဲမှာ စုစုပေါင်းပေါ့လေ။ ဘန့်ဘွေးကုန်းရွာ။ သူတို့ ဝင်တာကတော့ ၄၈ ယောက်။ ကျတာကတော့ ၄၂ ယောက်ကျတယ်။ ကျန်တာကတော့ ၆ ယောက်လောက်ကျန်တယ်”
အဲဒီနေ့က တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က တပ်ဖွဲ့ဝင် ၄ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ စစ်ကြောင်းတွေ ထိုးတဲ့အခါ အရင်ကလို တပ်သားတွေ ရာနဲ့ချီပါဝင်နိုင်ခြင်း မရှိတော့တာကို မြင်တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။
“ခါတိုင်းဆို သူတို့ ရာချီပြီးမှ စစ်ကြောင်းထိုးတယ်။ အခုသူတို့ ရာချီပြီး စစ်ကြောင်းမထိုးနိုင်တော့ဘူး။ ပထမ စစချင်းတုန်းက နှစ်ရာ သုံးရာနဲ့ထိုးတယ်။ နောက်တဖြည်းဖြည်း နှစ်ရာထိုးတယ်။ အခုနောက်ပိုင်းမှာဆိုရင် ၁ဝဝ အောက် ၈၀ ကိုးဆယ်နဲ့ပဲ စစ်ကြောင်းထိုးတော့တာပေါ့”
PDF တွေဟာ ခေတ်မီချေမှုန်းရေးရိုင်ဖယ်တွေကို အများအပြား ကိုင်ဆောင်နေကြပြီဖြစ်သလို မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင်တွေက ရရှိတဲ့သတ္ထုတွေကိုလည်း လက်နက်ထုတ်လုပ်ရာမှာ သုံးစွဲနေကြတယ်လို့ ဗိုလ်ဂဠုန်က ပြောပါတယ်။
“မြို့နယ်PDF တွေကျတော့ ကျနော်တို့ အော်တိုဂန်းတွေ ထုတ်ပေးထားတယ်။ ကျေးရွာ ပကဖတွေကျတော့ မိုင်တဲက မေတ္တာလက်ဆောင်ပေးထားတဲ့ မိုင်တဲ ရှော့ဂန်းတွေဆိုတာ ရှိတယ်။ မိုင်တဲတိုင်တွေကို ကျနော်တို့က ရှော့ဂန်း ဆိုတာ တူမီးပုံစံ။ ဒါပေမဲ့ အဲ့ကောင်က အပြင်းစားပေါ့နော်။ ရှော့ဂန်းက တစ်ပြိုင်နက်ထွက်လိုက်ထာနဲ့ လူ ၅၀ လာရင် လူ၅၀ တစ်ပြိုင်တည်း သေမှာပဲ။ မိုင်တဲ တိုင်နဲ့ လုပ်ထားတဲ့ ရှော့ဂန်းပေါ့နော်။ အဲ့ထဲမှာ ခဲတို့ သံတို့ ထည့်လိုက်တယ်။ ထည့်လိုက်ပြီး ရှော့တိုက်လွှတ်လိုက်တယ်။ တူမီးသေနတ် အကြီးစားပေါ့ နှစ်လက်မ ပြောင်းရှိတယ်၊ သုံးလက်မ ပြောင်းရှိတယ်၊ ၄ လက်မ ပြောင်းရှိတယ်။ ၆ လက်မ ပြောင်းရှိတယ်ပေါ့နော်။ မိုင်တဲဟာတွေက ကောင်းတယ်ဗျ အဲ့ဒါ။ သူတို့ရဲ့ အလှူအတန်းပြုလုပ်ချက်ကြောင့် ကျနော်တို့ များများထုတ်နိုင်တာပေါ့”
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တစ်ဝိုက်မှာ အခုလှုပ်ရှားနေတဲ့ ကျားဖြူ PDF တပ်ခွဲ ၂ ခေါင်းဆောင် ကိုဇေယျာလွင်ကလည်း မိမိတို့ PDF တွေက လက်နက်အင်အားနဲ့ တိုက်ခိုက်စွမ်းရည် ပိုမိုကောင်းမွန်လာနေချိန်မှာ စစ်ကောင်စီတပ်တွေအနေနဲ့ လေတပ်ကို အရင်ကထက် ပိုမိုအားကိုးလာနေတာ မြင်ရတယ်လို့ ပြောပါတယ်။
“အရင်က တူမီးနဲ့ တိုက်တဲ့အခြေအနေကနေ အခု မောင်းပြန်သေနတ်သစ်တွေ လက်ထဲကို စ ရောက်လာကြပြီ။ သူတို့ကိုယ်တိုင် လက်လုပ် လုပ်တဲ့ သေနတ်တွေကလည်း အရင်တုန်းကလို သံကို ဂဟေဆော်ပြီး ကျည်ထွက်ရုံလုပ်တဲ့ သေနတ်မဟုတ်ဘဲနဲ့ မောင်းတုန်းကိုပါ အခြေခံပြီး ထွင်တဲ့ သေနတ်အဆင့်ရောက်လာပြီ။ ကျည်ကပ်နဲ့ပစ်ရတဲ့ သေနတ်အဆင့်ကို ရောက်လာကြပြီ။ ဒါက လက်နက်ပိုင်းဆိုင်ရာမှာ သူတို့တီထွင်ကြံဆတဲ့ တိုးတက်မှုတွေ၊ ပြီးတော့ ပြောင်းအကျယ်တွေနဲ့ လုပ်တဲ့ လက်လုပ်ကြီးတွေ ပေါ့နော် ၆၀ တွေ ၈၁ တွေနဲ့ လုပ်တဲ့ လက်နက်ကြီးတွေကလည်း အတိုင်းအတာတစ်ခုအထိကို တိုးတက်တဲ့အခြေအနေ ရှိနေပြီ။ အဲဒါနဲ့ အညာဒေသဘက်မှာ PDF တွေက စစ်ကောင်စီကို တိုက်နေကြတယ်။ အခုဆို ကျေးရွာတွေကို ထိန်းချုပ်နိုင်ပြီ။ ဘာကျန်လဲဆိုတော့ မြို့ဆန်တဲ့နေရာတွေပဲ ကျန်တယ်လို့ ပြောလို့ရတယ် ဥပမာ- ရွှေဘို ပုလဲ လို မြို့ကြီးတွေ အဲဒီမြို့ကြီးတွေနဲ့ကပ်လျက် နည်းနည်းစည်ကားတဲ့ မြို့တွေပေါ့နော်။ အဲလောက်သာ သူတို့ထိန်းချုပ်နိုင်တယ် သူတို့ထိန်းချုပ်နိုင်တယ်ဆိုတာကလည်း အကြောက်တရားနဲ့ ထိန်းချုပ်ထားတာ။ ဒီဘက်ကနယ်မြေခံ PDF တပ်ဖွဲ့တွေက အားကောင်းပြီးတော့ အင်မတန်မှ သေနတ်တွေ နဲ့ လက်လုပ်ပစ္စည်းတွေနဲ့ ကောင်းကောင်း ထိန်းထားနိုင်တယ်။ ဒီအကြမ်းဖက်တပ်တွေက ဘယ်အခြေအနေရောက်သွားပြီလဲဆိုရင် ရွာတွေထဲ ဝင်မယ်ဆိုရင် ခြေလျင်စစ်ကြောင်းနဲ့ ဘယ်လိုမှ မဝင်နိုင်ဘူး ရဟတ်ယာဉ်နဲ့ ရမ်းသန်းပြီး ရွာတွေထဲကို ပစ်တယ် ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်သားတွေကို ချတယ် ရွာသားတွေကို ဖမ်းတယ်။ ရွာကိုမီးရှို့တယ် ပြီးရင် တစ်ရက် နှစ်ရက် သုံးရက် ရွာထဲမှာ တပ်စွဲတယ် ပြီးရင် ဘေးနားကရွာတွေကို မီးရှို့တယ် ပြီးရင် လူတင်ပြီး ပြန်သွားတယ် ပြီးရန် ပြန်ချတယ်။ အဲ့ဒီဗျူဟာတွေပဲ သုံးတော့တယ် သူတို့လာတဲ့ ခြေလျင်လမ်းကြောင်း မှန်သမျှဟာ သူတို့ မိုင်းကို အင်မတန်မှကြောက်ရတဲ့ အနေအထားဖြစ်သွားပြီ”

ဒီအတောအတွင်း စစ်ကောင်စီတပ်တွေကတော့ လူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို နေ့စဉ်ကျူးလွန်နေကြဆဲပဲလို့ ဗိုလ်ဂဠုန်ကပြောပါတယ်။
“ဒီခွေးတွေက ရွာတွေကိုဝင်ရင် ရွာတွေမီးရှို့တယ်၊ အမျိုးသမီးတွေကိုလည်း အအို၊ အပျို နားမလည်ဘူး သူတို့က မုဒိမ်းကျင့်တာပဲ။ နောက် တွေ့တဲ့ အဝတ်အစားယူတယ်၊ အမျိုးသမီး ဘယာစီယာက အစယူတယ်။ အကုန်လုံးယူသွားတာပဲ။ ကလေး အဝတ်အစားဆိုလည်း တွေ့လည်း ယူသွားတာပဲ။ ငွေတွေ ရွှေတွေကတော့ ဘာပြောကောင်းမလဲ။ ကလေးအဝတ်အစားတွေကအစ ဘယာစီယာ အထိ ယူသွားမှတော့ ဟား..ဟား..ဟား သူတို့မိန်းမ ဆင်ဖို့နေမှာပေါ့ အဲဒါတော့”
စစ်ကောင်စီခေါင်းဆောင်တွေကတော့ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သူတို့တပ်ဖွဲ့တွေအနေနဲ့ ကျူးလွန်ခြင်း မရှိပါဘူးလို့ ငြင်းဆန်ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။