ပဲခူးမှာ ရေကြီးလို့ ဒေသခံ တစ်သောင်းနီးပါး အရေးပေါ် ပြောင်းရွှေ့ရ

RFA Burmese
2023.10.08
ပဲခူးမှာ ရေကြီးလို့ ဒေသခံ တစ်သောင်းနီးပါး အရေးပေါ် ပြောင်းရွှေ့ရ ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေမှုအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Myanmar Fire Services Department

ပဲခူးတိုင်းမှာ မိုးအဆက်မပြတ်ရွာပြီး ပဲခူးမြစ်ရေတက်လာလို့ မြို့ပေါ်ရပ်ကွက်နဲ့ အနီးနားရွာတွေက ဒေသခံ တစ်သောင်းနီးပါး ကယ်ဆယ်ရေးစခန်းတွေဆီ အောက်တိုဘာလ ၈ ရက် မနက်က အရေးပေါ် ပြောင်းရွှေ့လိုက်ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

နေ့လယ်အထိ ပဲခူးမြို့ပေါ်က ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ်၊ ဂေါင်းဆေးကျွန်း၊ စက်ပိုင်း၊ ရေကျော်၊ မုန်တိုင်းရွာ၊ ကျော်တွင်းကုန်း စတဲ့ ရပ်ကွက်တွေ ရေနစ်မြုပ်နေတာပါ။

"ရပ်ကွက်လမ်းထဲမှာဆိုရင် လူတစ်ရပ်မြုပ်သွားပြီ"

မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ လူတစ်ရပ်အထိ ရေကြီးနစ်မြုပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်နေတဲ့ မေတ္တာစမ်းရေ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ရပ်ကွက်လမ်းထဲမှာဆိုရင် လူတစ်ရပ်မြုပ်သွားပြီ။ ခြေတံရှည်အိမ်တွေ အောက်ပိုင်း အခြေတွေ မြုပ်သွားပြီ။ ဂေါင်းဆေးကျွန်း၊ ကျွန်းသာယာ၊ ဘုရားကျောင်းရှေ့တွေဆို ကားလမ်းပေါ်ရေက ပေါင်လယ်လောက်ရှိသွားပြီ။ အခုမိုးကလည်း ရွာနေတုန်းပဲ။ မိုးတောက်လျှောက်ချတာ လေးရက်လောက်ရှိသွားပြီ”

ရေဘေးသင့် ပြည်သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရွှေ့ပြောင်းပေးနေပြီး အခု ရေဘေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ရေဘေးကထက် ပိုဆိုးနိုင်တယ်လို့ သူက ပြောပါတယ်။

ပဲခူးမြို့နဲ့ တခြားမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းတွေမှာလည်း ရေကြီးနေတဲ့အတွက် သွားလာလို့ မရတော့ဘူးလို့ ကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ မေတ္တာရွှေစင် ပရဟိတအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ကျွန်တော် အခု ပဲခူး-ရန်ကုန် လမ်းမမှာဆိုရင် ပျမ်းမျှရေက ပေါင်လောက်တော့ သွားဖြစ်တယ်။ ပတ်လည်ကတော့ လောလောဆယ်က မြို့ရှောင်လမ်းလည်း မရတော့ဘူး။ ကျော်တွင်းကုန်းလမ်းကလည်း ပိတ်သွားပြီဆိုတော့ နည်းနည်းတော့ ခက်ခဲမယ်။ ကားလေးတွေလည်း မလွယ်လောက်တော့ဘူး”

မိုးက ဆက်ပြီးရွာနေလို့ လမ်းမပေါ်မှာလည်း ရေတဖြည်းဖြည်း တက်နေတယ်လို့ သူက ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ အောက်တိုဘာလ ၈ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက်ကို တစ်ပေခွဲခန့် မြင့်တက်နေပြီး မြေနိမ့်ပိုင်းနေထိုင်သူတွေကို ရွေ့ပြောင်းဖို့ သတိပေးထားပါတယ်။

ပဲခူးမြို့ပေါ်က ဒေသခံနှစ်ဦးကတော့ သူတို့အနေနဲ့ ကယ်ဆယ်ရေးစခန်းတွေကို မသွားဘဲ နေအိမ်မှာပဲ ဆက်နေထိုင်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးဆွေဇင်ဦးကတော့ ကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီး ဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

“ကယ်ဆယ်ရေးစခန်းတွေရှိတယ်ဆိုတာ အကြမ်းဖျင်းတော့ သိပါတယ်ရှင့်။ အရင်က (ကယ်ဆယ်ရေး) စခန်းတွေ သိမ်းပြီးသွားပြီ။ အခုက နောက်တစ်ခေါက် ထပ်ဖြစ်တာကို၊ နောက်တစ်ခေါက် ထပ်ဖွင့်တာ။ အကြမ်းဖျင်းပဲ ရသေးတယ်ရှင့်၊ သေချာတော့ ကိန်းဂဏန်း မရသေးဘူးရှင့်”

စစ်ကောင်စီအတွက် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရပ်ကွက် ၁၁ ခု၊ ရွာ ခြောက်ရွာက ရေဘေးသင့်သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ထားတယ်လို့ ရေးသားထားပါတယ်။

ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေမှုအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Fire Services Department)
ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေမှုအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Fire Services Department)

မြန်မာနိုင်ငံကနေ မုတ်သုံရာသီ ထွက်ခွာတော့မှာဖြစ်လို့ အခုလို မိုးသည်းထန်စွာရွာသွန်း တာလို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက RFA ကို ပြောပါတယ်။

“ပဲခူးတို့၊ ရန်ကုန်တို့၊ မြစ်ဝကျွန်းပေါ်တို့၊ ဧရာဝတီတို့က မုတ်သုံက မထွက်သေးဘူး။ မုတ်သုံမိုးလို့ ပြောလို့ရတာပေါ့နော်။ ထွက်ခါနီးအချိန်မှာ ရွာတဲ့မိုး။ မုတ်သုံရဲ့ သဘောသဘာဝအရတော့ အဝင်မှာ နည်းနည်းကြမ်းတယ်၊ အထွက်မှာလည်း နည်းနည်းကြမ်းတဲ့ သဘောရှိတယ်။ မိုးလေဝသ အခေါ်အဝေါ် Monsoon Trough လို့ ခေါ်တယ်။ Monsoon Trough ထဲမှာ လေဗွေလှိုင်းလေးတွေရှိတယ်။ တကယ်တမ်း ကျတော့ အဲဒီကနေ ရွာနေတဲ့ မိုးတွေပေါ့နော်”

လတ်တလော မိုးကြောင့်မြစ်ရေကြီးမှုနဲ့ ရေကြီးနစ်မြုပ်မှုတွေကို ဂရုစိုက်သင့်တယ်လို့လည်း ဦးလှထွန်းက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းကလည်း ပဲခူးတိုင်းအတွင်း ရေကြီးရေနစ်မြုပ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက် ၁၃ ခုနဲ့ ရွာငါးရွာက လူဦးရေ တစ်သောင်းရှစ်ထောင်ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၃၀ ကျော်ကို ယာယီရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

ပဲခူးတင်မက မွန်ပြည်နယ်၊ကျို က်ထိုမြို့နယ်၊ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၉ အနီးနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အကြား နေရာတွေမှာလည်း ရေကြီးရေလျှံနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက အောက်တိုဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။