ပဲခူးမှာ ရေကြီးပြီး လူဦးရေ နှစ်သောင်းနီးပါး ဒုက္ခသည်စခန်းရောက်နေ

RFA Burmese
2023.08.12
ပဲခူးမှာ ရေကြီးပြီး လူဦးရေ နှစ်သောင်းနီးပါး ဒုက္ခသည်စခန်းရောက်နေ ပဲခူးမြို့တွင် မိုးအဆက်မပြတ်ရွာပြီး မြစ်ရေလျှံသဖြင့် ကျေးရွာအချို့ ရေနစ်မြုပ်နေသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Ashin Nipuna

ပဲခူးတိုင်းအတွင်း မိုးအဆက်မပြတ်ရွာလို့ ပဲခူးမြစ်ရေလျှံပြီး မြို့ပေါ်ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာ ငါးရွာ ရေနစ်မြုပ်နေပါတယ်။

ပဲခူးတိုင်း စစ်ကောင်စီနဲ့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေသူတွေရဲ့ သြဂုတ်လ ၁၂ ရက် ဒီကနေ့အထိ စာရင်းတွေအရ ရေနစ်မြုပ်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက လူဦးရေ ၁၈,၉၆၈ ဦးဟာ အရေးပေါ် ကယ်ဆယ်ရေးစခန်း ၃၄ ခုမှာ ခိုလှုံနေပါတယ်။

"ဝါးတစ်ပြန်ဆိုတော့ ၁၂ ပေ ကျော်တာပေါ့၊ တချို့နေရာတွေဆို ကျွန်တော်တို့အရပ်က ငါးပေရှစ်ဆို ကျွန်တော်တို့အရပ်ပါ မြုပ်တယ်"

ဒါဟာ နှစ်ပေါင်း ၇၄ နှစ်အတွင်း စံချိန်တင်ရေကြီးမှုဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေ သူတစ်ဦးက ပြောပါတယ်။

"၇၄ နှစ်အတွင်းမှာ ဒါပထမဆုံး ရေကြီးတာ၊ မိုးဇလ ထုတ်ပြန်တဲ့ ရေမျက်နှာပြင်အရ ၉၆၉ အထိ တက်သွားတယ်၊ ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ထက်ကို အများကြီး တက်သွား တယ်။ (မြေပြင်ကနေ) ဝါးတစ်ပြန်ဆိုတော့ ၁၂ ပေ ကျော်တာပေါ့၊ တချို့နေရာတွေဆို ကျွန်တော်တို့ အရပ်က ငါးပေရှစ်ဆို ကျွန်တော်တို့ အရပ်ပါ မြုပ်တယ်။ တချို့နေရာတွေ အိမ်တွေ၊ လမ်းတွေပေါ်မှာ။ အဲ့ဒါမျိုးက အများစုပေါ့၊ လှေတွေက အဆင်သင့်မရှိတော့ ကျွန်တော်တို့က လူနဲ့ပဲ သွားပွေ့ရတယ်။ ရေထရက်ရယ်၊ ပင်လယ်ဒီရေတတ်ရက်ရယ် ဆည်က ရေလွှတ်တာ ရယ် မိုးကလည်း တအားကောင်းတော့လေ အဲ့ဒါကြောင့်မို့လို့ ဒီလောက်ကြီးသွားတာပေါ့"

ဒီလဆန်းကတည်းက မြန်မာနိုင်ငံအောက်ပိုင်းဒေသတချို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေ ပြီး ပဲခူးတိုင်းမှာ သြဂုတ်လ ၁၀ ရက်နေ့ကစလို့ ရေကြီးရေလျှံမှုတွေ ဖြစ်လာတာပါ။

ဇိုင်းဂနိုင်တောင်ပိုင်း၊ ဇိုင်းဂနိုင်မြောက်ပိုင်း၊ ကျွန်းသာယာ၊ ပုဏ္ဏားစု၊ ကျောက်ကြီးစုရွာသစ်၊ ဇောင်းတူ၊ မြို့သစ်၊ ဝါးပြန်ကုန်း၊ မုန်တိုင်း၊ ဘုရားကြီး၊ ရွာသစ်၊ ကလျာဏီ၊ မဇင်း၊ အဝိုင်း၊ ကလိ၊ ထက်ရှေ့နဲ့ ရပ်ကွက်ကြီး နယ်မြေ (၁) ကနေ နယ်မြေ (၁၃) အထိ ရေနစ်မြုပ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေ၊ စီးပွားရေးကျပ်တည်းမှုတွေအပြင် အခု ရေဘေးဒုက္ခပါ ထပ်ကြုံရတာ ကြောင့် ရပ်တည်ရတာ ပိုပြီး ဆိုးဝါးသွားပြီလို့ ကျောက်ကြီးစုရွာသစ် ဒေသခံတစ်ဦးက ပြောပါတယ်။

"ပြောရလို့ရှိရင် အခုချိန်မှာ စီးပွားရေးကျပ်တည်းတာမှန်တယ်။ နေရာတိုင်းမှာလည်း ဘေးအန္တရာယ်တွေက ရှိနေကြတယ်။ ဆိုတော့ ကူမယ့်သူလည်း မရှိ။ တစ်ယောက်နဲ့ တစ်ယောက် သူ့မကြည့်နိုင်၊ ကိုယ့်မကြည့်နိုင် ဖြစ်နေတာပေါ့။ ကိုယ့်ရင်ထဲက ခံစားချက်ကို ကိုယ်ကိုယ်တိုင် မပြောရဲ မဆိုရဲဘဝ ဖြစ်နေတယ်။ လူတွေက အခုချိန်မှာ ငွေကလည်း ဖောင်းကြွမှု ရှိနေတယ်။ လူတွေကလည်း စီးပွားရေ အဆင်မပြေကြဘူး။ တစ်နေ့ထက် တစ်နေ့ ထမင်းစားဖို့တောင် အနိုင်နိုင် လုပ်စားနေရတဲ့အချိန်မှာ အခုလိုရေဘေးတွေ ဖြစ်တဲ့အခါကျတော့ ပြည်သူတွေ အရမ်းဒုက္ခရောက်တာပေါ့"

ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးတင်ဦးကတော့ ရေဘေးဒုက္ခသည်တွေအတွက် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီး အစားအသောက်တွေပါ ကူညီပေးနေတယ်လို့ ပြောပါတယ်။

"ပျက်စီးဆုံးရှုံးမှု လူအသေအပျောက်တော့ မရှိဘူးပေါ့။ ဒါပေမဲ့ အောက်ကနေပြီးတော့ မြစ်ရေတော့ တော်တော်နဲ့ ပြန်မကျတဲ့အတွက်ကြောင့် ကျွန်တော်တို့ကနေပြီးတော့ ရပ်ကွက် ၁၃ ရပ်ကွက်နဲ့ ကျေးရွာ ငါးရွာက ဒေသခံ ပြည်သူတွေကို နီးစပ်ရာဘုန်းကြီး ကျောင်းတို့၊ ဓမ္မာရုံတို့၊ စာသင်ကျောင်းတို့ အဲဒီမှာ ယာယီပေါ့။ ကူညီရေး စခန်း ၃၄ ခု ဖွင့်ထားတယ်။ ဖွင့်ပြီးတော့ ကျွန်တော်တို့ ပို့ဆောင်ပေးတယ်။ ကျွန်တော်တို့ မြို့ပေါ် မှာရှိတဲ့ ရပ်ကွက်တွေနဲ့ စေတနာရှင်ပြည်သူတွေ၊ ပရဟိတအဖွဲ့တွေကနေ ထမင်းထုပ် တွေ နေ့စဉ်လာရောက် လှူဒါန်းတယ်။ ရေသန့်တွေနဲ့ပေါ့"

ပဲခူးမြို့တွင် မိုးအဆက်မပြတ်ရွာပြီး မြစ်ရေလျှံသဖြင့် ကျေးရွာအချို့ ရေနစ်မြုပ်နေသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Ashin Nipuna)
ပဲခူးမြို့တွင် မိုးအဆက်မပြတ်ရွာပြီး မြစ်ရေလျှံသဖြင့် ကျေးရွာအချို့ ရေနစ်မြုပ်နေသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Ashin Nipuna)

အခုလို ပဲခူးမြို့မှာ ရေကြီးနေတဲ့အတွက် ကူညီကယ်ဆယ်ရေးလုပ်ဖို့ ရွှေကျင်မြို့ကနေ သွားတဲ့ ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းကားတစ်စီးဟာ သြဂုတ်လ ၁၁ ရက် မနက် ၁၁ နာရီဝန်းကျင်က ပုဇွန်မြောင်းကျေးရွာအနီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ ရပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ကားပျက်စီးသွားပြီး ရေဘေးကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေနတ်ကျည်ဆန်ဟာ ကားရဲ့ ညာဘက်အမိုးနားက ဖောက်ဝင်လာတာကို ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

ထိခိုက်ဒဏ်ရာရသူ အမျိုးသားတစ်ဦးရှိပြီး စိုးရိမ်စရာမရှိဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ဆောင်ရွက်တယ်ဆိုတာ မသိရသေးပါဘူး။ ပဲခူးစစ်ကောင်စီပြောခွင့်ရသူကရော ဒေသတွင်း PDF တွေကပါ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

လက်ရှိမှာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ 

ပဲခူးတိုင်းအတွင်း KNU ထိန်းချုပ်နယ်မြေဖြစ်ဖြစ်တဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေမှာ ပြီးခဲ့တဲ့ ဇူလိုင်က တိုက်ပွဲ ၉၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သြဂုတ်လ ၁၁ ရက်မှာ KNU က ထုတ်ပြန်ခဲ့ ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။