မြန်မာ့သမိုင်း အမည်းစက်ဖြစ်ရတဲ့ သြဂုတ် ၂၅ ရက်
2021.08.25
မြန်မာနိုင်ငံမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှခြင်းကို အခြေခံပြီး စုံလင်ကွဲပြားတဲ့ လူမျိုးဘာသာတွေကြား ခွဲခြားဆက်ဆံမှု မရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ အနာဂတ် ဖက်ဒရယ်နိုင်ငံတော်သစ်ကို အတူတည်ဆောက်ဖို့ သန္ဓိဌာန်ချမှတ်ထားကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက်က သြဂုတ် ၂၅ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လက်ရှိကာလ အပါအဝင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံတွင်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတွေအပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေ မချမှတ်နိုင်ဘဲ ပြစ်ဒဏ်က ကင်းလွတ်နေတဲ့အတွက် ဒီကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်စေလိုတဲ့အတွက် ဒီကြေညာချက် ထုတ်ပြန်ရတာလို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ အရှင်မင်းသုညက မိန့်ပါတယ်။
“အဓိကက ဦးဇင်းတို့ နိုင်ငံတွင်းမှာ စစ်အာဏာရှင်တွေ ၁၉၆၂ ခုနှစ်တည်းကနေ ယနေ့အထိ အကုန်လုံး တိုင်းရင်းသားဒေသအသီးသီး နေရာပေါင်းစုံမှာ သတ်ဖြတ်မှုမျိုးစုံ၊ နှိပ်စက်မှုမျိုးစုံ လူ့အခွင့်အရေး ချိုးဖောက်တယ် လူမျိုးတုံးသတ်ဖြတ်တယ်၊ ရွာလုံးကျွတ် မီးရှို့ခံရတယ် မတရား မုဒိမ်းကျင့်ခံရတယ်။ ဒါတွေဟာ မတရားပြုကျင့်ခံရတယ် ရပ်တန်းကနေ ရပ်ဖို့အတွက် ကြေညာချက်ထုတ်တာ။ ဒီ စစ်အုပ်စုတွေကို နိုင်ငံတကာအသိုင်းအဝန်းက အရေးယူပေးဖို့ပေါ့”
သြဂုတ်လ ၂၅ ရက်နေ့ဟာ နိုင်ငံတကာမှာရော မြန်မာ့သမိုင်းမှာပါ အမည်းစက် ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းက လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာတွေ၊ ဟိန္ဒူတွေ၊ မြို၊ သက်၊ ခမီ၊ မရမာကြီး၊ ဒိုင်းနက်၊ ကမန် စတဲ့ လူမျိုးစုငယ်တွေ မတရားသတ်ဖြတ်ခံခဲ့ရတဲ့ လေးနှစ်မြောက်နေ့ဖြစ်သလို စစ်တပ်က မတရား အာဏာသိမ်းပြီး ပြည်သူတွေကို လူမဆန်စွာ သတ်ဖြတ်ခဲ့တဲ့ ၂၀၆ ရက်မြောက်နေ့လည်း ဖြစ်ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ခေတ်အဆက်ဆက် တရားမဲ့ပြုကျင့်ခံရတဲ့ နိုင်ငံအနှံ့က လူမျိုးစုတွေ အပါအဝင် ရခိုင်ပြည်နယ်က လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာ နဲ့ လူမျိုးစုငယ်တွေအားလုံး ဘေးဒုက္ခခံစားရတာတွေကို တရားမျှတမှုရဖို့ ထိရောက်စွာ လုပ်မပေးနိုင်ခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်လိုတဲ့အတွက် ဒီကြေညာချက်ကို ထုတ်ပြန်ရတာလို့လည်း ကွန်ရက်ဦးဆောင်သူ နောက်တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။
“ခေတ်အဆက်ဆက် ကျနော်တို့ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၇ မှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတယ်။ အခုအချိန်အထိ ကနီမှာ အစုအပြုံလိုက် သတ်ဖြတ်ခံရတယ်။ အဲဒါတွေ အကုန်လုံးကို ခြုံငုံပြီးတော့ ဒီလူတွေပေါ် ဒီလူတွေ ခံစားနေရတဲ့ ဘေးဒုက္ခတွေအပေါ်မှာ တရားမျှတမှုရှိအောင် ကျနော်တို့ ထိထိရောက်ရောက် မလုပ်ပေးနိုင်ခဲ့တာ စိတ်လည်းမကောင်းစွာနဲ့ ဝမ်းနည်းပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံအနေနဲ့ တန်းတူညီမျှတဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ကို အတူတကွ ပူးပေါင်းလက်တွဲကြပါစို့၊ ကျနော်တို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက်ကလည်း အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သန္ဓိဌာန်ပြုပါတယ်”
ပြည်သူတွေ တစ်ခဲနက်ထောက်ခံမှုရထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ မူဝါဒ သဘောထားကို မိမိတို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက် အပြည့်အဝထောက်ခံပြီး NUG က နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုတင်သွင်းတဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြိုဆိုကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
NUG အစိုးရဟာ ပြည်သူကို ကိုယ်စားပြုပြီး ရွေးကောက်တင်မြှောက်ထားတာ ဖြစ်တဲ့အတွက် NUG ရဲ့လုပ်ငန်းတွေကို မြန်မာပြည်သူတွေ အသိအမှတ်ပြုသလို နိုင်ငံတကာကလည်း အသိအမှတ်ပြု ဆောင်ရွက်ပေးစေလိုတယ်လို့လည်း အရှင်မင်းသုညက မိန့်ပါတယ်။
“ရှေ့မှာကျူးလွန်ခဲ့တဲ့ ကိစ္စအဝဝ နဲ့ ပတ်သက်ပြီး NUG အစိုးရက စာထုတ်ပြန်ထားတာ၊ ယနေ့ NUG သည် ပြည်သူကို ကိုယ်စားပြုပြီး ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တဲ့အတွက် NUG က ရှေ့ဆောင်ပြီးလုပ်နေတဲ့ အလုပ်တွေကို ဦးဇင်းတို့ အသိအမှတ်ပြုတယ် ပြည်သူတွေကလည်း အသိအမှတ်ပြုတယ် နိုင်ငံတကာအနေနဲ့လည်း NUG ကို အသိအမှတ်ပြုဖို့ ဦးဇင်းတို့ တောင်းဆိုပါတယ်”
ရိုဟင်ဂျာတွေနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူများအပေါ် စစ်တပ်က သမိုင်းတစ်လျှောက်လုံး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးအတွက် တရားမျှတမှုရဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ လူမျိုးအုပ်စုအလိုက် ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေ ရရှိခံစားနိုင်ရေးအပါအဝင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုများ နောက်ထပ်မပေါ်ပေါက်နိုင်မယ့် ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။