အာဆီယံ၊ မြန်မာနဲ့ အာဖဂန်

ဦးသစ်ဆင်း (ဝါရှင်တန် ဒီစီ)
2021.08.28

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတာ ခြောက်လကျော်ရှိခဲ့ပါပြီ။ ဒါပေမဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့ပြဿနာနဲ့ပတ်သက်ပြီး၊ ဘရူနိုင်း နိုင်ငံခြားရေး ဝန်‌ကြီး (၂ ) Erywan Yusof ကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တာကလွဲပြီး၊ တခြားဆောင်ရွက်မှုရယ်လို့ မရှိသလောက်ဖြစ်နေပါတယ်။

ဒါ့ပြင် ပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ မြန်မာ ပြည်သူတွေ အနေနဲ့၊ အာဆီယံ ဟာ သူတိုကို မျက်နှာလွှဲပြီး၊ စစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဖြစ်အောင် တဖြည်းဖြည်း တွန်းပို့နေ ပြီဆိုတဲ့ ခံစားချက်တွေ ပေါ်ပေါက်နေကြောင်းလည်း South China Morning Post သတင်းစာက ဖော်ပြပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းအပြီး၊ မြန်မာ့အရေး အထူးဆွေးနွေးပွဲခေါ်ယူဖို့ အာဆီယံဟာ သုံးလနီးပါး ကြာခဲ့ပါတယ်။ အဲဒီနောက် Erywan Yusof ကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ဖို့ နောက်ထပ် အချိန်သုံးလကြာခဲ့ပါတယ်။ အခုလည်း ခန့်အပ်အပြီး သီတင်းသုံးပတ်သာ ကုန်လွန်သွားပေမယ့် ထူးခြားမှု ရယ်လို့ မတွေ့ရသေးပါဘူး။

အခုသီတင်းပတ်အတွင်းမှာတော့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဘရူနိုင်း နိုင်ငံခြားရေး ဝန်‌ကြီး (၂ ) Erywan Yusof အနေနဲ့ မြန်မာ့အခြေအနေနဲ့ ပတ်သက်ပြီး နိုဝင်ဘာလအတွင်း၊ ကမ္ဘာ့ခေါင်းဆောင်တွေ ပါဝင်မယ့် အာဆီယံညီလာခံမှာ တင်ပြဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာဌာနက ကြာသပတေးနေ့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ၊ အာဆီယံရေးရာ ကျွမ်းကျင်သူ Kavi Chongkittavorn ကာဗီ ချွန်ကစ်တာဗွန် က - အားလုံးဟာ အကျပ်တွေ့ ခက်ခဲတဲ့အနေအထားမှာရှိနေပြီး၊ အာဆီယံအနေနဲ့ အထူးကိုယ်စားလှယ် တစ်ဦး ရရှိဖို့ အချိန်ယူ ရဦးမှာဖြစ်ကြောင်း ပြောဆိုပါတယ်။ ဒါ့ပြင် Erywan Yusof အနေနဲ့ မြန်မာနိုင်ငံကို အခုသီတင်းပတ်အတွင်း စောနိုင်သမျှ စောစောသွားရောက်ဖို့လည်း ချွန်ကစ်တာဗွန် က တိုက်တွန်းခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဘရူနိုင်း နိုင်ငံခြားရေး ဝန်‌ကြီး (၂ ) Erywan Yusof အနေနဲ့ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းရာမှာ လုပ်ကိုင်ပြောဆိုခွင့် အပြည့်အဝရှိပြီး၊ ဆွေးနွေးမှုဖြစ်စဉ်ဟာ အဓိက အခန်းကဏ္ဍဖြစ်ကြောင်း ထိုင်းနိုင်ငံရေး သုံးသပ်သူတွေက ဆိုပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံကြား ဧပြီလက အာဆီယံကြား အချက် ငါးချက်ပါ သဘောတူညီချက်ထဲမှာ ပါဝင်ပြီး၊ ရွေးကောက်ခံ NLD အစိုးရကို စစ်တပ်က ဖယ်ရှားခဲ့‌ပြီးတဲ့နောက်၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ လျော့ကျသွားစေဖို့ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ Erywan နဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ လုပ်ကိုင်ဆောင်ရွက်ဖို့ အချိန်ယူနေခဲ့တဲ့အပေါ် မှာလည်း ဝေဖန်တာတွေ ရှိနေပါတယ်။

နိုင်ငံတွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှု၊ စစ်ရေးပဋိပက္ခတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူတွေ အနေနဲ့ အာဆီယံနဲ့ တရုတ်လို နိုင်ငံတွေကို အားကိုးနိုင်မလား ဆိုတာနဲ့ပတ်သက်ပြီး ဒီသီတင်းပတ်အတွင်း ဆွေးနွေးပွဲကျင်းပဖို့ရှိပါတယ်။

ဒါ့ပြင် အာဖဂန်နစ္စတန်နိုငံက ဖြစ်ရပ်တွေကလည်း မြန်မာအတွက် ဆင်ခြင်စရာတွေဖြစ်နေကြောင်း လေ့လာသူတွေက ဆိုပါတယ်။

အာဖဂန်နစ္စတန်မှာ အမေရိကန် ကျောထောက်နောက်ခံပြု ပြည်နယ်တစ်ခုကို တာလီဘန်အဖွဲ့က သိမ်းပိုက် နိုင်ခဲ့တဲ့အတွက် ကမ္ဘာက အံ့အားသင့်သွားခဲ့ရပါတယ်။ အာဖဂန် အမျိုးသားတပ်မတော် ANA လည်း မြန်မြန်ဆန်ဆန် ပြိုကွဲသွားခဲ့ပြီး၊ သမ္မတလည်း ထွက်ပြေးခဲ့ရ၊ ဒေသတွင်းလုံခြုံရေး အခြေအနေကလည်း မရေရာတဲ့ အနေအထားမှာရှိနေပါတယ်။

အပေါ်ယံအားဖြင့် မြန်မာနဲ့ အာဖဂန်နစ္စတန်ကြား အဆက်အစပ် မရှိသလောက်ဖြစ်နေပေမယ့် ဘိန်းစိုက်ပျိုးမှု၊ စစ်ရေးပဋိပက္ခတွေ ရှိနေတာတူညီပြီး၊ နိုင်ငံအရွယ်အစားချင်းကလည်း မတိမ်းမယိမ်းရှိနေတာပါ။ သမ္မတ ဦးသိန်းစိန် လက်ထက်က သမ္မတရဲ့ အကြံပေးတဦးဖြစ်ခဲ့ပြီး၊ အခု အာဏသိမ်း စစ်ကောင်စီရဲ့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင် က ပြည်ပပါဝင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လက်မခံကြောင်း၊ နိုင်ငံအချုပ်အခြာအာဏာကို အထိပါးမခံနိုင်ကြောင်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။