အာဆီယံလေတပ်ဦးစီးချုပ်အစည်းအဝေးကာလ လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ဆယ် ဖြစ်ပွားခဲ့

RFA Burmese
2023.09.16
အာဆီယံလေတပ်ဦးစီးချုပ်အစည်းအဝေးကာလ လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ဆယ် ဖြစ်ပွားခဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းရွာအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားခဲ့သည့် ဘုန်းကြီးကျောင်းကို တွေ့ရစဉ်။
Indaw Revolution-IR

အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံက လေတပ်ဦးစီးချုပ်တွေဟာ စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ်တွေရဲ့ အကြိမ် ၂၀ မြောက် အစည်းအဝေးကို တက်ရောက်ဖို့ စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ လေးရက်ကြာ နေပြည်တော်ကို လာရောက်ခဲ့ပါတယ်။

အဲဒီအာဆီယံ လေတပ်ဦးစီးတွေ မြန်မာနိုင်ငံကိုရောက်လာချိန်မှာပဲ RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဒီကာလအတွင်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း အင်းတော်၊ ပုလဲ၊ အရာတော်၊ ပဲခူးတိုင်း မုန်းမြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ လေကြောင်း တိုက်ခိုက်မှု အကြိမ် နှစ်ဆယ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး ခြောက်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာ ဘုန်းကြီးကျောင်းကို စက်တင်ဘာလ ၁၅ ရက်ညပိုင်းက ဂျက်တိုက်လေယာဉ်တစ်စင်းက လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ သက်တော် ၇၇ နှစ်၊ ဝါတော် ၅၇ ဝါရှိတဲ့ ကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ဒနဲ့ အသက် ၄၂ နှစ်အရွယ် ကပ္ပိယ ကိုဝင်းသိန်းတို့ဖြစ်တယ်လို့ ခရမ်းစပ်ကုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"၈ နာရီလောက်ကို ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ အချခံရတယ်။ စက္ကန့်ပိုင်းပြီးတာနဲ့ အင်းတော်ကနေ ဟောင်ဝစ်ဇာ (လက်နက်ကြီး) နဲ့ ထုတယ်။ ခရမ်းစပ်ကုန်း ဘုန်းကြီးကျောင်းပဲ။ ဆရာတော်တစ်ပါး ပျံလွန်တော်မူတယ်။ အရပ်သား တစ်ယောက်သေတယ်။ ညတုန်းကတော့ ရွာအပြင်ထွက်လို့ အိပ်ရတာပါ။ ခဏခဏ လှမ်းပစ်နေတော့၊ အခုကတော့ တည်ငြိမ်တယ်လို့ မဟုတ်ဘူး။ ဆရာတော်ကို သင်္ဂြိုဟ်ကြရမှာဆိုတော့ ဝိုင်းလို့လုပ်နေကြရတာပါ။ ဘုန်းကြီးက ခေါင်းဆို မျက်နှာပဲကျန်တာ နောက်စေ့ဘက်က အကုန်ပွင့်သွားတာ။ အရပ်သားက ရင်ဝကို မှန်တာ"

အင်းတော်မြို့နဲ့ ၁၁ မိုင်သာဝေးတဲ့ ခရမ်းစပ်ကုန်းရွာမှာ အိမ်ခြေ ၁၁၅ အိမ်ရှိပါတယ်။ ရွာအနီး တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ လို့ ပြောပါတယ်။

ပဲခူးတိုင်း မုန်းမြို့နယ်က ရွာတွေကိုလည်း စက်တင်ဘာလ ၁၄ ရက် မနက် ၁၀ နာရီ ဝန်းကျင်မှာ ရဟတ်ယာဉ် သုံးစီးနဲ့ ၁၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးကြရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပြေးတုန်းကတော့ ကျွန်တော်တို့ သူတို့တွေဘက်ကို သွားရှောင်တာပဲ။ သွားနေတာလေ။ အဲဒီမှာ လေယာဉ်နဲ့ လာပစ်တော့ ကျွန်တော်တို့ဘက်ကို ပြန်လာရတယ်။ ကျွန်တော်တို့ဘက် က ပြန်ငြိမ်နေပြီဆိုတော့ သူတို့ရွာတွေအကုန်လုံး ရွာလုံးကျွတ် အကုန်လုံး ထွက်ပြေးတာပဲ"

ဒေသခံတွေဟာ လေကြောင်းအန္တရာယ် လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိတာကြောင့် နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲမှာ ဆက်လက် တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဟော်ခိုဂေါ်ရွာ၊ ဝဲကြီးရွာ၊ ဆေးပုလဲရွာ၊ မြေသာယာရွာ၊ မိတ်သလင်ရွာနဲ့ ထွက်နီကုန်း ရွာတွေက လူဦးရေ ငါးထောင်ကျော် (၅၂၉၅ ဦး) အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ KNU က စက်တင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကရင်ပြည်နယ်ရှိ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: KNU)
ကရင်ပြည်နယ်ရှိ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (Photo: KNU)

အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ကုန်းစံရွာအနီးကို စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းက ဂျက်တိုက်လေယာဉ်နဲ့ ၁၅ မိနစ်နီးပါး လာရောက်ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကုန်းစံရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏ ပြုလုပ်လာတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

"၂၀၁၅ ဝန်းကျင်လောက်ကတည်း ကျွန်တော်တို့အဖွဲ့ကို လေကြောင်းနဲ့ လာရောက် တိုက်ခိုက်တာ ရှိတယ်။ သူတို့ဘက်က အကျဆုံးများတဲ့အချိန် လေကြောင်တိုက်ခိုက်တာ ပိုပြီးတွေ့ရတယ်။ နောက်ပိုင်းမှာတော့ ကျဆုံးမှု ရှိရှိ၊ မရှိရှိပေါ့ တိုက်ပွဲရှိတဲ့နေရာမှာ မရှိတဲ့နေရာ အရပ်ဘက်ရုံးတွေကို ဦးတည်ပြီး တိုက်ခိုက်တာတွေ ရှိတယ်။ ပြီးခဲ့တဲ့လက တောင်ကျောတောင်ကုန်းမှာ တိုက်ပွဲမဖြစ်လည်း ဂျက်လေယာဉ်နဲ့ လာရောက် တိုက်ခိုက်မှုလည်း ရှိတယ်"

စစ်ကောင်စီတပ်နဲ့ TNLA အကြား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်ကစလို့ တိုက်ပွဲမကြာခဏ ဖြစ်ပွားလာပြီး တစ်လကျော်အတွင်း တိုက်ပွဲအကြိမ်ရေ ၄၀ ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရပ်သား ပစ်မှတ်တွေကိုပဲ လေကြောင်းသုံး တိုက်ခိုက်ခဲ့တာလို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

"လေကြောင်းကနေ တိုက်ခိုက်နေတဲ့ အခြေအနေမှာ ဒီလိုမျိုး အာဆီလေတပ်အစည်းအဝေးကို နေပြည်တော်မှာလုပ်တာ မဖြစ်သင့်ဘူး"

အရပ်သားတွေကို လေကြောင်းကနေ ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီဦးဆောင်တဲ့ လေတပ်ဦးစီးချုပ် အစည်းအဝေးကို အာဆီယံနိုင်ငံတွေ မတက်ရောက်ခဲ့သင့်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောပါတယ်။

"စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ပတ်သက်ပြီးတော့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကို ကျုးလွန်တဲ့ ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားရှိနေတဲ့ အခြေအနေကို ဒါသိမြင်နေပါရဲ့ နဲ့ လာတက်ရင် အကြမ်းဖက်မှုကို အားပေးရာရောက်တယ်ဆိုတဲ့ သဘောနဲ့ ထောက်ပြတာဖြစ်တယ်။ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတာ ၁၈ သန်းကျော် လောက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ရဲ့ အကြမ်းဖက် လေကြောင်းကနေ တိုက်ခိုက်နေတဲ့ အခြေအနေမှာ ဒီလိုမျိုး အာဆီလေတပ်အစည်းအဝေးကို နေပြည်တော်မှာလုပ်တာ မဖြစ်သင့်ဘူး"

စစ်ကောင်စီဦးဆောင်တဲ့ အာဆီယံလေတပ်ဦးစီးချုပ်တွေ အစည်းအဝေးကို မတက်ရောက်ဖို့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေက ကန့်ကွက်တားဆီးနေတဲ့ကြားကပဲ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံက လေတပ်အကြီးအကဲတွေ လူကိုယ်တိုင်လာရောက်ခဲ့ပါတယ်။

စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ဒီအစည်းအဝေးကို ဗီဒီယိုသတင်းစကားပေးပို့ခဲ့ပေမယ့် မလေးရှား၊ အင်ဒိုနီးရှားတို့က လူကိုယ်တိုင်လာရောက်ခဲ့တာ မရှိသလို ဗီဒီယို သတင်းစကား ပေးပို့ခဲ့တာလည်း မရှိပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။