မြန်မာ့တပ်မတော်မှာ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာတွေကို စောင့်ကြည့်နေ


2020.04.12

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၄၁ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မြန်မာစံတော်ချိန် မနေ့ည ၁၂  နာရီမှာ သတင်းထုတ်ပြန်ပါတယ်။ လူနာ အမှတ် ၃၉ ဖြစ်တဲ့ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က အသက် (၈၅) နှစ်ရွယ် အမျိုးသားဟာ သွေးတိုး၊ ဆီးချို၊ နှလုံး သွေးကြောကျဉ်း ရောဂါအခံရှိပြီး မနေ့မနက်က သေဆုံးသွားပါတယ်။

မြန်မာ့တပ်မတော်ထဲမှာလည်း ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံံးက ထုတ်ပြန်တဲ့ စာရင်းတွေကို Myanmar Now သတင်းက ကိုးကားဖော်ပြရာ မှာတော့ ဆေးရုံမှာ သီးခြားထားရှိကုသတဲ့ အရာရှိ/ စစ်သည်တစ်ဦးရှိပြီး မိသားစု ဒါမှမဟုတ် မှီခိုက နှစ်ဦး ရှိတယ်လို့ ဧပြီ ၈ ရက်က စာရင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဆေးရုံမှာ ကန့်သတ်စောင့်ကြည့်တဲ့ အရာရှိ-စစ်သည် ၁၄ ဦး၊ မိသားစု ဒါမှမဟုတ် မှီခိုက ဒီလ ၈ ရက်မှာ ၁၄ ဦးရှိပါတယ်။ အိမ်တွင်းကန့်သတ်စောင့်ကြည့်တဲ့ အရာရှိ-စစ်သည်က ၁၆၁ ယောက်။ မိသားစု ဒါမှမဟုတ်မှီခိုက ၈၈ ယောက်ရှိတယ်လို့ ဖော်ပြပါတယ်။ သတ်မှတ်တဲ့နေရာမှာ စောင့်ကြည့်တဲ့ အရာရှိ-စစ်သည်က ၄၄ ယောက်နဲ့ မှီခိုက ၅၅ ယောက်ရှိပါတယ်။

မတ် ၃၀ နဲ့ ဧပြီ ၈ ရက် တွေမှာ သတင်းထုတ်ပြန်တာကို ဖော်ပြထားပြီး ဆေးရုံ၊ အိမ် ဒါမှမဟုတ် သတ်မှတ်နေရာ မှာ အကန့်သတ်စောင့်ကြည့်နေတဲ့ အရာရှိ-စစ်သည်နဲ့ မှီခိုသူ ၆၇ ဦးရှိတယ်လို့ မတ် ၃၀ စာရင်းမှာ ဖော်ပြပါတယ်။ ၁၀ ရက်အကြာ ဧပြီ ၈ ရက်မှာ ၃၇၉ ယောက်ရှိလာတာကို တွေ့ရပါတယ်။

တစ်ကမ္ဘာလုံးမှာတော့  မြန်မာစံတော်ချိန် မနေ့က ည ၁၀ နာရီထိ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့ လူ ၁၈၀၀၀၀၀ ကျော်ရှိပြီး ၁၁၀၀၀၀ ကျော် သေဆုံးရပါတယ်။ ပြန်လည်ကောင်းမွန်လာ သူက ၄၁၀၀၀၀ ကျော်ရှိပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အထူးကြပ်မတ်ဆောင်မှာ သုံးရက် ဆေးကုသခံယူပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပုံမှန်ကုသဆောင်ပြန်ရောက်ခဲ့တဲ့ ဝန်ကြီးချုပ် Boris Johnson ဟာ ဆေးရုံကနေ မနေ့က ဆင်းသွားပြီလို့ ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အလုပ်တာဝန်တွေ ချက်ချင်း မထမ်းဆောင် သေးဘူးလို့လည်း ပြောပါတယ်။ မနေ့ကထိ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ တစ်သောင်းကျော် သေဆုံးသွားရပါပြီ၊ ဗြိတိန်ဝန်ကြီးချုပ်ဟာ ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ အီစတာပွဲတော် နေ့မှာ ဆေးရုံက ဆင်းသွားတာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို တစ်ကမ္ဘာလုံး သွေးစည်းညီညွတ်စွာ တိုက်ဖျက်ဖို့ အီစတာပွဲတော်နေ့မှာ သဝဏ်လွှာပါးလိုက်ပါတယ်။

တစ်ကမ္ဘာလုံး နာကျင်ခံစားနေရပြီး ညီညွတ်ဖို့ လိုအပ်တာမို့ ဒီအချိန်ဟာ မတူကွဲပြားခြားနားရမယ့်အချိန် မဟုတ်ပါဘူးလို့ အွန်လိုင်းကနေ တိုက်တွန်းလိုက်တာပါ။

ကမ္ဘာတစ်ဝန်းမှာလည်း ကိုရိုနာဗိုင်းရစ်ကူးစက်ခံရမယ့် ဘေးကရှောင်ရအောင်  ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော် ဖြစ်တဲ့ လူ သန်းပေါင်း လေးထောင်ကျော်ဟာ အိမ်ထဲကအိမ်ပြင် မထွက်ကြတာမို့ ခါတိုင်း စည်စည်ကားကား ရှိလှတဲ့ အီစတာပွဲတော်ကျင်းပရာ ဘုရားကျောင်းတွေ ပိတ်ထားရပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်က စိန့်ပီတာဘုရားကျောင်းဆိုရင် ခါတိုင်း အီစတာပွဲတော် နေ့မှာ ဝတ်ပြုသူ နှစ်ထောင်ကျော် စုရုံးလာကြပေမယ့် ဒီနှစ်မှာ ဘုရားကျောင်း ပိတ်ရပါတယ်။

ဒီဖြစ်ရပ်တွေ မြစ်ဖျားခံရာ ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာ လူ ၃၃၀၀ ကျော် သေဆုံးထားပြီး ကိုရိုနာဗိုင်းရပ်စ် လူနာသစ် ၉၉ ယောက် ရှိပါတယ်။ ထပ်မံသေဆုံးသူမရှိဘူးလို့  World Meter စာရင်းက ဖော်ပြပါတယ်။

နောက်မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့လူ စုစုပေါင်း ၈၅၀၀ ကျော်သွားပြီး လူ ၂၈၀ ကျော် သေဆုံးရပါတယ်။ မနေ့က လူတစ်ယောက် ထပ်သေဆုံးသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူ လေးယောက် ထပ်သေဆုံးရတာမို့ ၃၄ ယောက် သေဆုံးသွားရပါပြီ။ ရောဂါဖြစ်ပွားတဲ့ လူနာသစ်က ၁၃၀ ကျော်ရှိပြီး စုစုပေါင်း လူ ၆၂၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ မနေ့က လူ သုံးယောက်ထပ်သေဆုံးပြီး စုစုပေါင်း  ၃၃ ယောက် သေဆုံး ရပါတယ်။ ရောဂါဖြစ်ပွားသူဦးရေက ၂၅၀၀ ကျော်ရှိပါတယ်။ ဟောင်ကောင်မှာ ကိုရိုနာ ဗိုင်းရပ်စ် ထပ်ဖြစ်ပွားသူ လေးယောက်ရှိပေမယ့် ထပ်သေဆုံးတဲ့ သူမရှိဘဲ လူ လေးယောက်သေဆုံးပြီး ဖြစ်ပါတယ်၊ ရောဂါဖြစ်ရသူ စုစုပေါင်းက ၁၀၀၅ ယောက်ရှိပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လူ နှစ်ယောက် ထပ်သေဆုံးလို့ စုစုပေါင်း သေဆုံးရသူ ၈၈ ယောက်ရှိပါတယ်။ မနေ့က လူ နှစ်ယောက်ထပ် သေဆုံးရပြီး ရောဂါဖြစ်ပွားသူ ၅၁၀၀ ကျော်ရှိပါတယ်။ တောင်ကိုရီးယားမှာ လူ သုံးယောက် ထပ်မံသေဆုံးပြီး လူနာသစ် ၃၂ ယောက်ရှိပါတယ်။ ခုဆိုရင် ရောဂါဖြစ်တဲ့လူ ၁၀၀၀ ကျော်ရှိပြီး ၂၁၄ ယောက် သေဆုံးထားပါတယ်။ လွန်ခဲ့တဲ့ သီတင်း သုံးပတ်ကျော် အတွင်း ကိုရိုနာဗိုင်းရပ်စ်ဒဏ် မရှုမလှ ခံခဲ့ရတဲ့ အီတလီနိုင်ငံဟာ မနေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်မှာ လူ ၄၃၁ ယောက် ထပ်သေဆုံးတာမို့ စုစုပေါင်း သေဆုံးရသူ ၁၉၉၀၀ နီးနီးရှိပါတယ်။

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံဟာ လူအများဆုံး သေဆုံးရပေမယ့် ခုဆိုရင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူ အများဆုံး သေဆုံးရပါတယ်။ မြန်မာစံတော်ချိန် မနေ့ည ၁၁ နာရီ ၁၅ မှာ ထပ်မံသေဆုံးရတဲ့ လူ ၈၅၈ ယောက်ရှိတာမို့ လူ ၂၁၄၀၀ ကျော် သေဆုံးသွားရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ ၅၃၇၀၀၀ ကျော်ရှိပါတယ်။

စပိန်နိုင်ငံမှာ  လူ ၃၆၀ ကျော် ထပ်သေဆုံးရပြီး ရောဂါဖြစ်ပွားသူ ၁၆၆၀၀၀ ကျော်နဲ့ ကမ္ဘာမှာ ဒုတိယ လိုက်နေပါတယ်။

မြန်မာနိုင်ငံက လူနာ အမှတ် ၃၉ သေဆုံးသွားပြီးတဲ့နောက် သူနေထိုင်တဲ့ ပန်းပဲတန်းမြို့နယ် ၂၆ လမ်းကို အဝင်အထွက် ပိတ်လိုက်တဲ့ အကြောင်း လူမှုကွန်ရက်မှာ ဖော်ပြတာတွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။