အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုထဲက အမျိုးသမီးတွေရဲ့ဘဝ

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်အာဏာသိမ်း တစ်နှစ်တာ ကာလအတွင်း လူထု ဆန္ဒပြပွဲတွေ အင်အားသုံးဖြိုခွင်းခံရမှုနဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အမျိုးသမီး ၁၀၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးတွေထဲမှာ အသက် ၇၀ ကျော်ကနေ ငါးနှစ် အရွယ်ထိ ပါဝင်ပြီး ဖေဖော်ဝါရီလမှာ သုံးဦး၊ မတ်လမှာ ၃၃ ဦး၊ ဧပြီလမှာ ၁၀ ဦး၊ မေလ ထဲမှာ ခုနစ်ဦး၊ ဇွန်လမှာ လေးဦး၊ ဇူလိုင်လမှာ ရှစ်ဦး၊ ဩဂုတ်လမှာ ရှစ်ဦးနဲ့ စက်တင်ဘာ လမှာ ခုနစ်ဦး၊ အောက်တိုဘာလမှာ ခြောက်ဦး၊ နိုဝင်ဘာလမှာ ခြောက်ဦးနဲ့ ဒီဇင်ဘာ လထဲမှာ ၁၀ ဦး အသက်ဆုံးခဲ့တာဖြစ်ပါတယ်။
ဒီလို အသက်ဆုံးခဲ့သူတွေအပြင် ဖမ်းဆီးခံရ၊ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေကို ထွက်ပြေးခိုလှုံရသူတွေမှာလည်း သူတို့ရဲ့ မူလရည်ရွယ်ချက်တဲ့ မျှော်မှန်းချက်တွေကို စွန့်လွှတ်လိုက်ရပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ အဖမ်းအဆီးတွေကြောင့် သူ့ရည်မှန်းချက်တွေ အားလုံး အလုံးစုံ ပျက်ဆီးခဲ့ရတယ်လို့ အကျဥ်းထောင်ထဲမှာ ခြောက်လကြာနေထိုင်ခဲ့ရတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်က မမျိုးမျိုးအေးက RFA ကို ပြောပါတယ်။
"အာဏာမသိမ်းခင်ကတော့ လုပ်စရာအလုပ်တွေ အများကြီးဘဲပေါ့နော်၊ ကျွန်မ ရွှေပြည်သာမှာ Worker စင်တာ ဖွင့်ချင်တယ် training center လုပ်ချင်တယ်၊ အများကြီးပဲ အိပ်မက်တွေကတော့၊ ကျမဆိုရင် ဧရာဝတီတစ်တိုင်းဘဲ မှတ်ပုံတင် ရသေးတယ်၊ ရန်ကုန်တိုင်းတို့ မန္တလေးတိုင်းတို့ မရသေးဘူး။ အထည်ချုပ် ကဏ္ဍမှာ တိုင်းဖြစ်ဖို့ စားသောက်ကုန်ကဏ္ဍမှာ တိုင်းဖြစ်ဖို့ ဝန်ဆောင်မှုကဏ္ဍမှာ ဖြစ်ဖို့ ကဏ္ဍလိုက် ကဏ္ဍလိုက် သမဂ္ဂတွေကို စုဖွဲ့နေတယ်။ ပြီးလို့ရှိရင် ဥပဒေတွေကို ပြင်ဆင်ဖို့ အတွက် အများကြီးပဲ ပွဲတွေပြင်ဆင်ထားတယ်။ အလုပ်ရှင် အလုပ်သမား social dialogue ပွဲတွေ စီစဉ်ထားတယ်။ စိတ်ကူးက သိမ်းသွားတဲ့နေ့အထိ ကျွန်မ ခရီး သွားနေတုန်း မြန်မာစကားပုံမှာ ရှိတယ်လေ တစ်ကနေ ပြန်စမယ်ဆိုတာ၊ ကျမကတော့ သုညက ပြန်စရတယ်။ ဘာလို့ဆို ကျွန်မဖမ်းဆီးခံလိုက်ရတယ်။ ထောင်ကျသွားတယ်။ အဲခါကျတော့ ကျမအလုပ်တွေ အကုန်ထားခဲ့လိုက်ရတယ် ဒီအတိုင်းပဲ။ အလုပ် မလုပ် ရတာမျိုး မဟုတ်ဘူး ကျမ ခြောက်လလောက်အထိ ကျမရဲ့ သမဂ္ဂလုပ်ငန်းစဉ် တွေရော လုပ်နေတဲ့ အလုပ်တွေရော ရပ်လိုက်ရတယ်။ အဲခါကျတော့ အလုပ်တွေက သုညကနေ ပြန်စတယ်။ အခုမှ ပြန်တည်ဆောက်ဖို့ ကြိုးစားတယ် ဒါပေမဲ့လည်း ဒီကာလမှာတော့ ဘာမှတည်ဆောက်လို့မရဘူး။ အထူးသဖြင့် ကျမ သမဂ္ဂဖြစ်နေတဲ့ အတွက်ကြောင့် ပိုပြီးတည်ဆောက်လို့မရဘူး။ လောလောဆယ်တော့ သုညဘဝမှာ ရှိနေတယ်"
စက်မှုဇုံတွေနဲ့ အလုပ်သမား အများစုရှိရာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အလုပ်သမား သမဂ္ဂအဖွဲ့ခေါင်းဆောင် မမျိုးမျိုးအေးကို မြို့ပြသပိတ်တွေမှာ ဦးဆောင် ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ ဧပြီလ ၁၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။
အင်းစိန်ထောင်မှာ ခြောက်လအနီးပါး အကျဥ်းချခံရပြီးတဲ့နောက် စက်တင်ဘာ ၂၁ ရက်နေ့မှာ သူ ပြန်လွတ်လာပါတယ်။ ရွှေပြည်သာ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်း ခံရရုံမက အင်းစိန်ထောင်ထဲမှာလည်း ၄၅ ရက်ကြာ တိုက်ပိတ်ခံခဲ့ရတယ်လို့ မမျိုးမျိုးအေး က ပြောပါတယ်။
မန္တလေး အမျိုးသမီးသပိတ်တွေကို ဦးဆောင်နေတဲ့ အသက်၂၃ နှစ်အရွယ် မအေးမြင့် အောင်အောင် ကတော့ ဖိနှိပ်မှု မျိုးစုံကြားကပဲ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတယ်လို့ ပြောပါတယ်။
"ဒီစစ်ကောင်စီဘက်ကနေ ရှာဖွေနေတာတော့ ကြာလှပါပြီ၊ ညီမကိုရှာနေတာ ကြာပြီ ဒါပေမဲ့ ညီမလိပ်စာကို ဟိုတလောကမှ အတိအကျရလို့ အင်အားအများအပြား သုံးပြီး လာရှာတယ်ပေါ့။ လာရှာခံရတဲ့ ကိစ္စတွေက အများကြီး ရှိခဲ့တယ်ပေါ့နော်။ အိမ်နဲ့ ကလည်း အဆက်အသွယ် ပြတ်တောက်သွားတာ ကြာခဲ့ပါပြီ။ ပွင့်ပွင့် လင်းလင်း ပြောရရင် ဒီတော်လှန်ရေးလုပ်တာ မကြိုက်ဘူးဗျ။ မကြိုက်တော့ စွန့်ပစ်ထားတာ ပေါ့နော်။ လောလောဆယ်က ကျနော်တို့က နေရာစုံမှာ လိုက်ခိုနေရတဲ့သဘောပါပဲ။ အိမ်နဲ့လည်း အဆက်အသွယ် မရပါဘူး။ ကျနော်တို့က သပိတ်သမားတွေဖြစ်တယ်။ ရောက်ရာနေမှာ သပိတ်တွေ ဖော်ဆောင်ဖို့က တာဝန်တစ်ခုပါပဲ။ လူထုလှုပ်ရှားမှုတွေကို ဆက်ပြီး လုပ်နေရတယ်။ အဲဒီအခါမှာ ကျနော်တို့က အဆင်ပြေတဲ့အိမ် လုံခြုံတယ်ဆိုတဲ့ အိမ်မှာ နေပြီးတော့ လူထုလှုပ်ရှားမှုတွေကို ဆက်ပြီးတော့ လှုပ်ရှားရတဲ့ အခြေအနေ တစ်ခုမှာ ရှိနေတာပါ "
အမျိုးသမိးတွေထဲမှာ မအေးမြင့်အောင်အောင်လို စစ်အာဏာရှင်ကို မြေပြို့သပိတ်တွေနဲ့ ဆန့်ကျင်သူတွေ ရှိနေသလို တချို့ကတော့ လက်နက်ကိုင်တော်လှန်ရေးမှာ ကိုယ်တိုင် ပါဝင်နေကြပါတယ်။
"အခုကတော့ ရှေ့တန်း စစ်မျက်နှာပြင်လို့ ပြောလို့ရတဲ့နေရာကို ရောက်နေတယ်။"
နာမည်ကျော် ကလေးမြို့ တာဟန်းသပိတ်မှာပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ အင်အားသုံး ဖြိုခွင်းမှု ကြောင့် အခုချိန်မှာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေတဲ့ ကလေး-နည်းပညာ တက္ကသိုလ်က ကထိကဆရာမ တစ်ဦးဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်ရတီအုန်း ကတော့ ကျောင်းဆရာမနဲ့ လက်နက်ကိုင်တော်လှန်ရေး ဘယ်လိုမှ မအပ်စပ်ခဲ့ပေမယ့် တိုင်းပြည်အနေအထားက သူ့ကို ဒီလိုလုပ်ဖို့ တွန်းပို့ခဲ့တာလို့ RFA ကို ပြောပါတယ်။
"အာဏာမသိမ်းခင် ကျမဘဝကတော့ ဆရာမပဲပေါ့။ ကျမအတွက် အနာဂတ် မျှော်လင့်ချက်က လဟယ်မြို့မှာ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ပြီးတော့မှ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်မယ်လို့ ကျမက ဆုံးဖြတ် ပြီးတော့ ပြင်ဆင်ထားတဲ့ အနေအထားပါ။ အခုကတော့ ရှေ့တန်း စစ်မျက်နှာပြင်လို့ ပြောလို့ရတဲ့နေရာကို ရောက်နေတယ်။ ဆေးဝါးကုသမှု အလုပ်ကို ပါဝင်ဆောင်ရွက် ပေးနေတယ်။ ဒီအနေအထားပဲ ဖြစ်ပါတယ်"
ဆရာမဒေါ်ရတီအုန်းဟာ စစ်အာဏာ မသိမ်းခင်က စစ်ကိုင်းတိုင်း၊ နာဂဒေသ လဟယ်မြို့ မှာ ပြောင်းရွှေ့တာဝန်ထမ်းဖို့ ရည်ရွယ်ခဲ့ပေမဲ့ အခုချိန်မှာတော့ မူလ ရည်မှန်းချက်တွေကို စွန့်ပြီး PDF တပ်ဖွဲ့တစ်ခုရဲ့ အရေးပေါ် ဆေးကုသရေးအဖွဲ့မှာ ဦးဆောင်ပါဝင်နေတာ ဖြစ်ပါတယ်။

သူအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ နည်းပညာ၊ အသက်မွေးပညာနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ဆရာ၊ ဆရာမ ၃၀၀ နီးပါး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့လည်း ဒေါ်ရတီအုန်းက ပြောသွားပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ဖိနှိပ်သတ်ဖြတ်ခံရတာချင်း တူရင်တောင် အမျိုးသမီးတွေရဲ့ ဘဝကတော့ နှိပ်စက်ညှဉ်းပန်းမှုတွေအပြင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကား တာတွေကိုလည်း ကြုံတွေ့ရတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး မအိသဥ္ဇာမောင် က RFA ကို ပြောပါတယ်။
"အာဏာသိမ်းမှု စဖြစ်တည်းက အမျိုးသမီးတွေရော အမျိုးသားတွေရော ပါဝင်ပြီး တိုက်ပွဲ ဝင်ခဲ့ကြတယ်။ အခုထိလည်း တိုက်ပွဲဝင်နေကြတုန်းပဲ။ ဥပမာအားဖြင့် အသိသာဆုံး နမူနာပြောရမယ်ဆိုရင် ကျမတို့ သပိတ်စထွက်တုန်းက အများဆုံးပါခဲ့တဲ့ လူဦးရေက အလုပ်သမတွေ အမျိုးသမီးတွေ ပါဝင်ခဲ့တာပေါ့နော်။ အဲနောက်မှာ အမျိုးသမီးတွေ အများကြီးပဲ ကျရာနေရာမှာ သမိုင်းပေးတာဝန်ကို အခုချိန်ထိ ထမ်းဆောင်နေကြတုန်းပဲ။ ဒါတွေမှ မကသေးဘူး အမျိုးသမီးတွေက ခက်ခဲကြမ်းတမ်း တဲ့ အခြေအနေ ခက်ခဲ ကြမ်းတမ်းတဲ့ အနေအထားကိုမှ နိုင်ငံရေးမှာ ဆုံးဖြတ်ရမယ့် နည်းနာတွေ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ်တွေကို အမြဲတမ်း မီးမောင်းထိုးပြ နေပါတယ်။ ဥပမာအားဖြင့်ပြောမယ်ဆိုရင် အခုချိန်ဆိုရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပေါ့နော် နောက်တစ်ခု ဖက်ဒရယ်ပြည်ထောင်စုမှာ အမျိုးသမီးတွေရဲ့ ပါဝင်ခွင့်ကို အမျိုးသမီး တွေရဲ့သမိုင်း ဒီဟာတွေကို မှတ်တမ်းတင်ခံရဖို့ အတွက်ရော နောက်တစ်ခု အမျိုးသမီးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုရော နေရာပေးဖို့ကိုရော အမြဲတမ်း မီးမောင်း ထိုးပြနေတယ်၊ အမြဲတမ်းဝေဖန်ထောက်ပြနေပါတယ်"
၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ သန်း ၅၀ ဆယ်ကျော်မှာ အမျိုးသမီး အရေအတွက် ၂၆ သန်း ကျော် ပါဝင်ပါတယ်။
အဲဒီအမျိုးသမီးတွေထဲက ရဲရင့်သူတွေဟာ စစ်အာဏာသိမ်းမှုကြောင့် ရုတ်တရက် တိုင်းပြည် ကံဆိုးမိုးမှောင်ကျတဲ့အခါ သူတို့ရဲ့ မူလရည်မှန်းချက်တွေ၊ အသက်မွေး ဝမ်းကျောင်း အလုပ်တွေကို စွန့်လွှတ်ပြီး စစ်အာဏာရှင် ခုခံရေးမှာ အမျိုးသားတွေနဲ့ တန်းတူ ရှေ့တန်းကနေ ပါဝင်ဆင်နွှဲနေကြပါတယ်။