အရှိန်လျော့ကျလာတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အချိန်ကြာလာတာနဲ့အမျှ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဟာ အင်အားချည့်နဲ့လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါ တယ်။
အာဏာသိမ်းပြီးနောက်တစ်ရက် မန္တလေးက ဆရာဝန်တွေ စတင်လိုက်တဲ့ CDM လှုပ်ရှားမှု ဟာ စစ်ကောင်စီရဲ့ ယန္တရားတချို့ ရပ်တန့်သွားတဲ့အထိ အားကောင်းခဲ့သလို ၂၀၂၂ ခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်း တင်သွင်းခံရတဲ့အထိ ကမ္ဘာက အာရုံစိုက်ခဲ့တာပါ။
“အဓိက CDM လုပ်တာက စစ်ကောင်စီအစိုးရ ယန္တရားကြီးကို ရပ်တန့်သွားစေချင်လို့၊ သူ့ကို ပြုတ်သွားစေချင်လို့ ကျနော်တို့ လုပ်ကြတာ"
အခုတော့ စားဝတ်နေရေးကျပ်တည်းမှု၊ မလုံခြုံမှုနဲ့ ပစ်မှတ်ထားဖိနှိပ်ခံရမှုတွေကြောင့် CDM လှုပ်ရှားမှုကို စွန့်ခွာသူတွေ အများအပြားရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
“တော်လှန်ရေးက တဖြည်းဖြည်းရှည်ကြာလာတယ်။ ဒီကြားမှာ CDM ဝန်ထမ်းတွေကို ဖမ်းတာရှိတယ်။ ခြိမ်းခြောက်တာရှိတယ်။ နှိပ်စက်တာရှိတယ်။ အဲဒါအပြင် CDM ဝန်ထမ်းတွေကို ဖမ်းဆီးလို့မရတဲ့အချိန်မှာ သူတို့ရဲ့မိဘဆွေမျိုးတွေကိုပါ ဖမ်းဆီးတာ၊ အနှောင့်အယှက်ပေးတာ ဖြစ်လာတဲ့အခါ မိသားစုအရေး ကိုယ်ရေးကိုယ်တာကြောင့် စိတ်ဓာတ်က CDM စိတ်ဓာတ်မပျက်ပေမယ့် Non CDM ဖြစ်သွားတဲ့သူ တော်တော် များများ လည်းရှိတယ်လို့ သိရပါတယ်။ အခု ကျနော်တို့ လက်ရှိ CDM ဘယ်လောက် ရှိလဲဆိုတာ စိစစ်အတည်ပြုထား နိုင်တာကတော့ ၂၀၀,၀၀၀ ဝန်းကျင်တော့ရှိပါတယ်။ Non CDM ဘယ်လောက် ဖြစ်သွားတယ်ဆိုတဲ့ စာရင်းတော့ အတိအကျ မရှိပေမယ့် အဲဒီလိုတော့ ပြောလို့ရပါတယ်ခင်ဗျာ”
NUG ရဲ့ အချက်အလက်တွေအရ CDM လှုပ်ရှားမှု စတင်ချိန်မှာ ဝန်ထမ်း သုံးသိန်းခြောက် သောင်းကျော်အထိ ပါဝင်ခဲ့ပါတယ်။ အခုတော့ နှစ်သိန်းဝန်းကျင်ကိုပဲ အတည်ပြုနိုင်တယ် လို့ ဦးကျော်ဇော်က ပြောပါတယ်။ ဒီအချက်အလက်တွေအရ CDM လှုပ်ရှားမှုကနေ ဝန်ထမ်း တစ်သိန်းခွဲကျော် လျော့ကျသွားတာပါ။
တစ်ဖက်မှာလည်း စစ်ကောင်စီက CDM လှုပ်ရှားမှုကို အနုနည်းနဲ့ စည်းရုံးသိမ်းသွင်းသလို အကြမ်းနည်းနဲ့လည်း ဖြိုခွဲနေပါတယ်။ CDM လှုပ်ရှားမှုကို စွန့်လွှတ်ရင် မူလတာဝန်ပြန် ပေးတာနဲ့ အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးတာတွေလုပ်ပြီး စည်းရုံးနေတာတွေရှိနေ တယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
စည်းရုံးသိမ်းသွင်းလို့မရရင် ဖမ်းဆီးတာ၊ လုံခြုံရေးခြိမ်းခြောက်တာနဲ့ ရပ်တည်လို့မရအောင် မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ခွင့်မပြုတာ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ CDM တွေကို အလုပ်မခန့်ဖို့ တားမြစ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းက CDM အထက်တန်းပြဆရာ ဦးဟိန်းသီဟကတော့ စစ်တပ်ရဲ့ ပစ်မှတ်ထား ဖိနှိပ်မှုတွေကြောင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချိုု့ CDM လှုပ်ရှားမှုကို စွန့်ခွာသွားတယ်လို့ ပြောပါတယ်။
“အကြမ်းဖက်ချင်တဲ့သူတွေက ကျနော်တို့ကို အကြမ်းဖက်ဖို့အတွက် ဖမ်းဆီးချင်တာတွေ၊ လုံခြုံရေးအရ အခက်အခဲဖြစ်အောင် လုပ်ဆောင်တာတွေ အများကြီးရှိတယ်။ နောက် ဆုံး ခရီးသွားလာရေးကအစ ရဲရဲဝံ့ဝံ့မသွားရဲတဲ့ အနေအထားမျိုးတွေရှိတာပေါ့၊ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ခြုံကြည့်ရင် CDM အားကောင်းတဲ့နေရာနဲ့ CDM အားမကောင်းတဲ့ နေရာ ကွာခြားချက်တော့ ရှိကောင်းရှိမယ်။ CDM အားကောင်းတဲ့နေရာတွေ အဆင်ပြေ မှာပေါ့။ CDM အားမကောင်းတဲ့နေရာတွေက ပိုခက်ခဲပါတယ်။ အဲဒီလိုဖိအားတွေပေးတဲ့ အတွက် တချို့လည်း CDM လုပ်နေရင်းကနေ မဝင်ချင်ဘဲ Non CDM ပြန်ဖြစ်သွားရတာ တွေရှိတယ်”
သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပုံမှန်ဝင်ငွေမရှိတော့တဲ့အတွက် လယ်သမား အဖြစ်နဲ့ ဘဝကို ရုန်းကန်နေတာပါ။ အခုတော့ ဦးဟိန်းသီဟ နံနံပင်စိုက်နေပါတယ်။ CDM ဝန်ထမ်းအများစုဟာ သူတို့ဘဝ ရပ်တည်ရေးအတွက် ဦးဟိန်းသီဟလိုပဲ ပုံစံမျိုးစုံနဲ့ ရုန်းကန်နေရတာပါ။
CDM လှုပ်ရှားမှုကို ပညာရေးဝန်ထမ်း နှစ်သိန်းလေးသောင်း ဝန်းကျင်အထိ ပါဝင်ခဲ့ပေမယ့် အဲဒီထဲက နှစ်ရာခိုင်နှုန်းကိုပဲ ငွေကြေးထောက်ပံ့နိုင်တယ်လို့ NUG ပညာရေး ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဝန်ခံပါတယ်။
CDM ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာစစ်မင်းနိုင်ကတော့ လူထုရဲ့အားပေးမှုက လက်နက် ကိုင် ပုန်ကန်မှုအပေါ် ရောက်ရှိသွားတဲ့အတွက် CDM တွေကို မေ့လျော့သလိုဖြစ်လာတယ် လို့ ပြောပါတယ်။
“CDM တွေအနေနဲ့ လက်ရှိမှာ ခက်ခဲတယ်လို့ပြောရမယ်ဆိုရင် ငွေကြေးကတော့ အားလုံးသိပြီးသားဖြစ်တယ်။ ပြီးတော့ တော်လှန်ရေးရဲ့ တိမ်းညွတ်မှုကလည်း လက်နက် ကိုင်ဘက်ကို အားပေးလာတဲ့ ပြည်သူတွေအကုန်လုံးက အစပိုင်းမှာ CDM ကို ထောက်ပံ့ နိုင်ပေမယ့် နောက်ပိုင်းကျတော့ လက်နက်ကိုင်တော်လှန်ရေးဘက်ကို အားသန်လာ တော့ CDM တွေကို မေ့လျော့သလိုဖြစ်တော့ သူတို့တွေ အားငယ်လာတာပေါ့။ သူတို့ကို မေ့သွားပြီလားဆိုတဲ့ ပြဿနာမျိုးတွေပေါ့”
အစပိုင်း CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်း ခြောက်သောင်းဝန်းကျင် ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ တစ်နှစ်ကျော်လာချိန်မှာတော့ ကျန်းမာရေးဝန်ထမ်း တစ်သောင်းကျော်ဟာ CDM လှုပ်ရှားမှုကို စွန့်ခွာသွားပါတယ်။
CDM Medical Network ရဲ့ စာရင်းတွေအရ ကျန်းမာရေးဝန်ထမ်း လေးသောင်းခုနစ် ထောင် ဝန်းကျင်ပဲ CDM အဖြစ် ဆက်ရှိနေတာပါ။ အဲဒီထဲက လူဦးရေ ၅၀၀ အောက်ကိုပဲ ငွေကြေးထောက်ပံ့မှုလုပ်နိုင်တယ်လို့ CDM Medical Network တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
ဧပြီ ၁၆ ရက်ကထုတ်ပြန်တဲ့ NUG တစ်နှစ်ပြည့် အစီရင်ခံစာမှာတော့ CDM ဝန်ထမ်းတွေကို ကျပ် ၂၂၈ ဒသမ ၉၉ သန်း ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း NUG အနေနဲ့ ဘဏ္ဍာငွေကို CDM ထောက်ပံ့ရေးထက် စစ်ရေးအတွက်ပိုပြီး သုံးစွဲနေတယ်လို့ ပြောခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့်ပဲ အရပ်သား CDM တွေ တဖြည်းဖြည်းလျော့ကျလာနေတာပါ။ ဒါပေမဲ့ CDM လုပ်ဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို စွန့်ခွာလာသူတွေကတော့ တဖြည်းဖြည်းတိုးလာ နေပါတယ်။ CDM စစ်သားတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ စာရင်းတွေအရ CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ စစ်သားနဲ့ ရဲ တစ်သောင်းဝန်းကျင်ထိ ရှိလာပါတယ်။
စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားအတွက် ပြည်သူကို ပြန်သတ်နေရတယ်ဆိုတာသိလာ လို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို စွန့်ခွာသူတွေတိုးလာတာလို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
“ပြည်သူနဲ့ ရန်ဖြစ်နေရတယ်၊ ပြည်သူကို ပြန်ပြီးတော့ သတ်ဖြတ်နေရတယ်၊ ပြည်သူက လည်း ထောက်ခံမှု မရှိတော့ဘူး။ ဒီအချက်အလက်တွေကြောင့်ပဲ ကူးပြောင်းလာမှုတွေ တဖြည်းဖြည်းများလာတယ်။ နောက်ပြီးတော့ စစ်ခေါင်းဆောင်တွေရဲ့ တစ်ကိုယ်တည်း အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးရမှုတွေ များနေတယ်။ တကယ်တမ်းက နိုင်ငံ့ အကျိုးစီးပွားနဲ့ တပ်မတော် အကျိုးစီးပွားဆိုတာ ဘာမှ,မှ မရှိတာ။ တပ်မတော်ရဲ့ အကျိုးစီးပွားဟာ စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကိုပဲ အဓိက ရှေးရှုထားတာကို တပ်ထဲကလူတွေတော်တော်များများ သိလာတယ်”
ဘဝရပ်တည်ရေးနဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်မယ်ဆိုရင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို စွန့်ခွာလာမယ့်သူတွေ ဒီထက်ပိုများလာလိမ့်မယ်လို့လည်း ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
စစ်ကောင်စီကတော့ တပ်တွင်းလုံခြုံရေး တင်းကျပ်တာ၊ တပ်နဲ့ ရဲမိသားစုတွေကို အပြင် လူထုနဲ့ ထိတွေ့ဆက်ဆံခွင့် ကန့်သတ်တာတွေအပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို စွန့်ခွာမှုတွေ တိုးမလာအောင် နည်းမျိုးစုံနဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ တပ်မိသားစုဝင်တွေက ပြောပါတယ်။

ဒီအချက်တွေကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းပါတယ်။ သူတို့ အနေနဲ့ CDM ပြုလုပ်သူတွေကို စည်းရုံးသိမ်းသွင်းတာမရှိသလို ပစ်မှတ်ထားဖိနှိပ်တာ လည်းမရှိဘူးလို့ RFA ကို ဧပြီ ၂၂ ရက်မှာ ပြောခဲ့ပါတယ်။
“CDM လုပ်တဲ့ ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ဖို့ စည်းရုံးစရာလည်း မရှိဘူး၊ စည်းလည်း မစည်းရုံးဘူး။ ကန့်သတ်ချိန်ကျော်လွန်တဲ့အခါ တာဝန်ကနေ ရပ်စဲပေးလိုက်တာရှိတယ်။ CDM လုပ်တဲ့ဝန်ထမ်းတွေလည်း အရေးယူတာတော့ မရှိဘူး။ အရေးယူစရာလည်း အကြောင်းမရှိဘူး။ ကျနော်တို့ ဝန်ထမ်းစည်းမျဉ်းအရ အပြစ်ပေးပြီးဖြစ်တယ်။ သို့သော် ဆူပူဆန္ဒပြတဲ့အထဲမှာ၊ လှုံ့ဆော်တဲ့အထဲမှာ ပါရင်တော့ တည်ဆဲဥပဒေတွေအတိုင်းပဲ ဒါကတော့ အရေးယူခံရမှာပဲ ဖြစ်ပါတယ်”
ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ငြင်းပေမယ့် လက်တွေ့မှာတော့ CDM လုပ်လို့ အကျဉ်း ကျနေသူ ၁၀၀ ဝန်းကျင်ရှိပြီး ၈၈၆ ဦး ဖမ်းဝရမ်းထုတ်ခံရထားတယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
CDM လှုပ်ရှားမှုဟာ စစ်ကောင်စီပြုတ်ကျသွားဖို့ဖြစ်ပေမယ့် တစ်နှစ်ကျော်ကြာလာတဲ့အခါ ဒီလှုပ်ရှားမှုဟာ မလုံခြုံမှုနဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် မှေးမှိန်အားပျော့လာပြီ လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“အဓိက CDM လုပ်တာက စစ်ကောင်စီအစိုးရ ယန္တရားကြီးကို ရပ်တန့်သွားစေချင်လို့၊ သူ့ကို ပြုတ်သွားစေချင်လို့ ကျနော်တို့ လုပ်ကြတာ။ ဒါပေမဲ့ တကယ်တမ်း တစ်နှစ်ရှိလာ တဲ့အချိန်မှာ ကျနော်တို့ အခုလက်ရှိ CDM က မှေးမှိန်ပြီလို့ ပြောလို့ရတယ်။ ဘာလို့လဲဆို CDM လုပ်တဲ့သူတော်တော်များများ သူတို့အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်၊ နေဖို့ ထိုင်ဖို့ တော်တော်ဒုက္ခရောက်ကြတယ်။ စားရေးသောက်ရေးမှာလည်း သူတို့အနေနဲ့ တခြားအလုပ်လုပ်မယ်ဆိုရင် အပြင်ရုံးတွေကအစ CDM ဝန်ထမ်းတွေကို မခန့်ရဲကြဘူး”
CDM လုပ်ရင်း စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်နေတဲ့ ဝန်ထမ်းတွေကတော့ ဒီလှုပ်ရှားမှုက စစ်အာဏာရှင် ပြုတ်ကျရေးကို ကြီးကြီးမားမားအထောက်အကူဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။