သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် မျှတမှုရှိသလား
2019.05.09

သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဟာ မမျှတဘူးဆိုပြီး ရွှေဘို၊ ကလေး (မော်လိုက်)၊ သာယာဝတီ၊ မြစ်ကြီးနား၊ ဘားအံ (တောင်ကလေး)၊ ပုသိမ် စတဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားတွေ ဆူပူဆန္ဒပြတောင်းဆိုမှုတွေရှိနေပါတယ်။
၂ဝ၁၉ ခုနှစ်အတွင်း ပေးခဲ့ပြီးဖြစ်တဲ့ သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဟာ မျှတမှုရှိပါသလားဆိုတဲ့အပေါ် အကျဉ်းသားဟောင်းတွေ၊ ထောင်ပိုင်တွေ၊ ထောင်မှူးဟောင်းတွေရဲ့ ပြောဆိုချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~
သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် မျှတမှုရှိသလား
(ဝေမာထွန်း)
■ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားဝင်ဆန့်မှုနဲ့ အကျဉ်းသားဦးရေ အချိုးအစားမမျှတတာတွေ၊ ပြစ်မှုပြစ်ဒဏ်မမျှတဘဲ အကျဉ်းကျခံနေရသူတွေကို ဖြေလျော့ပေးနိုင်ဖို့ သမ္မတက ဒီ ၂ဝ၁၉ ခုနှစ်မှာ အထူးအစီစဉ်အနေနဲ့ ဧပြီနဲ့မေ နှစ်လအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို သုံးကြိမ်ပေးလိုက်ပါတယ်။
ဒီ သုံးကြိမ်မှာ အကျဉ်းသား ၂၃ဝဝဝ ကျော်လွတ်မြောက်လာခဲ့ပါတယ်။ အခုလ ၇ ရက်နေ့ကပေးခဲ့တဲ့ လွတ်ငြိမ်းသက်သာခွင့်ဟာ နောက်ဆုံးအကြိမ်ဖြစ်တယ်လို့ သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောထားပါတယ်။
ဒီနောက်ပိုင်းမှာတော့ မနေ့ကစပြီး အကျဉ်းထောင်တွေမှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ မမျှတဘူးဆိုပြီး ဆူပူမှုတွေဖြစ်လာပါတယ်။
အဓိက ထောက်ပြကြတာက မူးယစ်မှုပုဒ်မ ၁၉ နဲ့ ထောင်ဒဏ်ကျခံနေရသူ သရုပ်ဆောင်မိုးအောင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရပေမယ့် ပုဒ်မတူသူ တခြား အကျဉ်းသားတွေ မလွတ်မြောက်တဲ့အပေါ် အဂတိလိုက်စားမှုရှိတယ်ဆိုပြီး ဝေဖန်နေကြတာတွေရှိပါတယ်။
သရုပ်ဆောင်မိုးအောင်ရင် လွတ်မြောက်လာမှုနဲ့ ပတ်သက်ပြီး ပုဒ်မတူသူတွေကြား အဂတိလိုက်စားမှုတွေ ရှိနိုင်မလားဆိုပြီး ဝေဖန်မှုတွေရှိနေတဲ့အပေါ် ရန်ကုန်အင်းစိန်အကျဉ်းထောင်က ထောင်ပိုင်ဖြစ်သူ ဦးဇော်ဇော် က အခုလိုပြောပါတယ်။
“ထောင်ပိုင်ကတော့ လွတ်ငြိမ်းချမ်းသာပေးလို့ မရပါဘူး။ နိုင်ငံတော်အကြီးအကဲတွေရဲ့ အစီအစဉ်ပဲ။ လွှတ်ဆိုလွှတ်ပေးတာပဲ။ တို့ကတော့ လွှတ်မိန့်ပါရင်လွှတ်မှာပဲ။”
ဒါ့အပြင်လည်း SSPP၊ RCSS၊ ABSDF အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့ဆိုပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ ထိန်းသိမ်းခံထားရသူတွေ လွတ်မြောက်လာပေမယ့် ကလေးထောင်မှာဆိုရင် နာဂလက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်လို့ဆိုပြီး ၁၇ (၁) နဲ့ ထိန်းသိမ်းခံရသူတွေ မလွတ်မြောက်တဲ့အပေါ် တောင်းဆိုမှုတွေရှိနေတာပါ။
မနေ့က ကလေးထောင်တွင်း ဆူပူမှုဖြစ်စဉ်မှာ သွားရောက်ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ ချင်းတွင်းလူငယ်ကွန်ယက်က ဦးကျော်သက်ဝင်းက လွတ်ငြိမ်းသက်သာခွင့်ဟာ မမျှတသလို စနစ်မကျဘူးလို့ သုံးသပ်ပါတယ်။
“မမျှတဘူး။ ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်း၊ နာမည်ကြီးအသိုင်းအဝိုင်း ထင်ပေါ်ကျော်ကြားသူတွေကိုပဲ လွှတ်တယ်ပေါ့နော်။ မြန်မာနိုင်ငံသားချင်းအတူတူ မမျှတတဲ့ကိစ္စတွေတင်ပြတယ်။ အဂတိလိုက်စားမှုနဲ့ ကင်းစင်ရဲ့လား ဒီမေးခွန်းတွေလည်း သူတို့မေးတာတွေ့ရတယ်။ ကျနော်တို့သုံးသပ်တာကလည်း ခွဲခြားပြီး လွှတ်ပေးလိုက်ခြင်းအားဖြင့် ဆက်လက်ပြီး ထောင်တွေမှာ ဆူပူမှုတွေဖြစ်လာမယ်လို့ သုံးသပ်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ လွှတ်တဲ့စနစ်တွေဟာ စနစ်မကျဘူးလို့ သုံးသပ်တယ်။ ”
တဖက်ကလည်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိဖို့ အကျဉ်းဦးစီးက တာဝန်ရှိသူတွေကို ငွေပေးဆောင်ရွက်တာတွေရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။
ဒီလိုဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ ဒီနှစ်အတွင်းမှာပဲ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လွတ်မြောက်လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်လေးလေး (ခ) ဒေါ်စန်းစန်းဝင်းက အခုလို ပြောပါတယ်။
“ပြည်ထဲရေးဝန်ကြီးထိကို ပေါက်ရောက်တဲ့သူတွေ အဲဒီလူတွေမှာ စာရင်းပေးပြီးတော့ ဝင်သွားတဲ့ အဝင်တွေရှိတယ်။ အကစ က ညွှန်မှုးအထိလည်း ပေါက်တယ်။ ပြည်ထဲရေးဝန်ကြီးထိလည်းပေါက်တယ်။ အဲဒီလူတွေကနေ လိုက်လုပ်စားနေတဲ့ သဘောမျိုးရှိတယ်။ ပိုက်ဆံတော့ပြန်မပေးဘူး။ နောက်တစ်ခေါက်ဆိုရင် ပြန်ထည့်ပေးမယ်ဆိုတဲ့ သဘောမျိုးရှိတယ်။ ထောင်ထဲမှာ ငွေက ဘုရင်ပေါ့။ လွတ်မြောက်ဖို့လပိုင်းအလိုဆိုရင် ထောင်ပိုင်တို့ ညွှန်မှူးတို့ကို ဝင်ပြီးတော့လုံးလို့ရတယ်။ အပေးအယူနဲ့ ထည့်ထည့်သွားတာ။ ဒါပေမဲ့ လက်တွေ့မမိတော့ ပြောလို့မရဘူး။”
ဘားအံထောင်က ထောင်မှူးဟောင်း ဦးခင်မောင်မြင့်က ငွေပေးပြီး လွတ်ငြိမ်းသက်သာခွင့်မှာ ပါအောင် လုပ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေက မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
“အဲဒါကတော့ လုံးဝမဖြစ်နိုင်ဘူး။ ထောင်အားလုံးခြုံပြောရင် ရွေးချယ်တဲ့အပိုင်းတော့ ကျနော်မသိဘူး။ ရွေးချယ်တဲ့စနစ်လည်း ကျနော်မသိဘူး။ သို့သော ထောင်ကနေ လွှတ်တဲ့အပေါ်မှာတော့ ကျနော်တို့က အပြည့်အဝတာဝန်ယူရဲတယ်။ ပိုက်ဆံပေးပြီး ရော့အင့်ဆိုပြီး ခင်လို့သော်လည်းကောင်း ထောင်ပိုင်နဲ့ ရင်းနှီးလို့သော်လည်းကောင်း လွှတ်လို့မရဘူး။ လွှတ်လိုက်တဲ့အချိန်နဲ့တကွ ထောင်ရဲ့ မှတ်တမ်းမှာ မှတ်တမ်း တင်ထားရတယ်။ ညာလို့လည်းမရဘူး။ အဲဒါတွေက လုပ်ငန်းစစ်လည်းအစစ်ခံရတယ်။ ဌာနတွင်းကလည်း အစစ်ခံရတယ်။”
လုပ်ရိုးလုပ်စဉ်အရ လွတ်ငြိမ်းသက်သာခွင့်ဆိုရာမှာ သက်ကြီးရွယ်အို၊ နာမကျန်းသူ၊ နိုင်ငံရေးအကျဉ်းသား၊ ကိုယ်ဝန်ဆောင်နဲ့ တခြားပြစ်မှုပြစ်ဒဏ်အရ လျော့ပေါ့ပေးတာဆိုရင် ထောင်ဝင်နံပါတ်စဉ်အရ လွှတ်ပေးတာလို့ သိရပါတယ်။
လက်ရှိအကျဉ်းထောင်တွေအတွင်း ဖြစ်နေတဲ့ ဆူပူမှုတွေ လျော့ကျသွားဖို့အတွက် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်ကို ဘယ်လိုအခြေခံမူချမှတ်ပြီး လွှတ်ပေးတယ်ဆိုတာနဲ့ ဘယ်အဖွဲ့က စိစစ်ရွေးချယ်တယ်ဆိုတာကို အများပြည်သူသိအောင် သေချာရှင်းပြဖို့ လိုအပ်ကြောင်းနဲ့ ကျန်နေခဲ့သူတွေဟာ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် ကျန်နေခဲ့တယ်ဆိုတာကို အစိုးရက ရှင်းလင်းဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်။
လွတ်ငြိမ်းသက်သာခွင့်မှာ ရိုးသားမှုမရှိဘူးဆိုတာထက် မူဝါဒချမှတ်ရာမှာ လွဲမှားတာတွေရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကပြောပါတယ်။
“ရိုးသားတယ်၊ မရိုးသားဘူးဆိုတာတော့ တဦးချင်းလုပ်တဲ့ကိုင်တဲ့အရတော့ မပြောတတ်ဘူး။ တစ်ခုလုံး အရတော့ အဲလိုဟုတ်ပုံမရဘူး။ ချို့ယွင်းချက်တွေကတော့ ရှိနိုင်တာပေါ့။ ၁၅၊ ၁၆ သမားတွေ လက်ဝယ်ထားတဲ့သူတွေ၊ သုံးစွဲတဲ့သူတွေကို လွှတ်တယ်လို့ပြောတယ်။ အဲဒီမှာ လက်ဝယ်ထားတဲ့သူကို ကူညီတယ်ဆိုပြီး / ၂၁ နဲ့ ချလိုက်တော့ တစ် တရားခံက လွတ်သွားပြီးတော့ ကူညီတဲ့သူက ကျန်နေတာပေါ့။ အဲဒါကျတော့ လုပ်ထုံးလုပ်နည်းလွဲတာပေါ့။ မူချတဲ့နေရာမှာ တိကျပြတ်သားတဲ့မူမရှိလို့ ဖြစ်တာ။ ”
အရင်အစိုးရလက်ထက်ကာလတွေက နိုင်ငံရေးအကျဉ်းသားတွေကလွဲပြီး ကျန်အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ ထောင်ပိုင်တွေရဲ့ တင်ပြချက်ကို အကျဉ်းဦးစီးက အဓိက စိစစ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အရင်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေက ပြောပါတယ်။
လက်ရှိမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းမှာပါသူတွေကို ထောင်အသီးသီးက ထောင်ပိုင်တွေအနေနဲ့ လွတ်ရက်နေ့ရောက်မှသာ သိရတယ်ဆိုတဲ့ပြောဆိုမှုတွေရှိပြီး RFA က သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။