ခါမ်းပါတ်မြို့အနီး လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ဆယ်ဦးထက်မနည်း သေဆုံး
2024.01.07

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ခါမ်းပါတ်မြို့အနီးက ကနန်ရွာမှာ ဇန်နဝါရီလ ၇ ရက် ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်ခံရလို့ အရပ်သားဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ခမ်းပါတ်မြို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးကတော့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် မှု နှစ်ကြိမ်လုပ်ခဲ့တာလို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ၁၅ လုံး ပျက်စီးခဲ့ပြီး နေအိမ်ထဲမှာရှိတဲ့ အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ် လို့ RFA ကိုပြောပါတယ်။
"လေယာဉ်ကလာသွားတာက ဆယ်နာရီခွဲလောက်မှာ လာသွားတာ၊ လာပြီးတော့မှ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် လာပြီးတော့ ကြဲသွားတာမှာ ကနန်ရွာရဲ့ အထက်တန်း ကျောင်းခွဲရယ်၊ ကျောင်းရဲ့အနောက်က လူနေအိမ်တွေပေါ့နော်၊ အမှတ် ၅ ရပ်ကွက်က နေအိမ်တွေ။ အဲဒီရပ်ကွက် တစ်ရပ်ကွက်လုံးနီးပါးလောက်က ပြည်သူတွေ ထိသွား တာပေါ့။ ဆယ်ယောက်လောက်ရှိတယ်။ အသေအဆုံးပေါ့နော်။ တစ်စစီ ဖြစ်နေတော့လေ။ တချို့လူတွေကတော့ မသိရသေးဘူး။ လက်တွေက သက်သက်၊ ခြေထောက်တွေက သက်သက်၊ အဲဒီလိုဖြစ်နေတာ"
သေဆုံးသူတွေဟာ အသက် ရှစ်နှစ်အရွယ် ကလေးတွေကနေ အသက် ၉၀ ဝန်းကျင်အထိ သက်ကြီးရွယ်အိုတွေပါပြီး အမည်နဲ့ အမျိုးသား၊ အမျိုးသမီး စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အသေးစိတ် အတည်မပြုနိုင်သေးဘူးလို့ ခါမ်းပါတ်မြို့ခံက ပြောပါတယ်။
ဒါအပြင် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံ နှစ်ဆယ်ဝန်းကျင်ရှိပြီး ဒဏ်ရာပြင်းထန်လို့ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်းပါတယ်လို့ သူကပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုတွေပေးနေပေမယ့် အောက်စီဂျင်နဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA က ပြန်ကြားရေးတာဝန်ခံ ကိုသျှောင်တစောင်း ကလည်း သေဆုံးသူတွေထဲ ခန္ဓာကိုယ်နှစ်ပိုင်းပြတ်တာမျိုးတွေတောင်ရှိတယ်လို့ RFA ကို ပြောပါတယ်။
"ကနန်ဆိုတာ ခါမ်းပါတ်ရဲ့တစ်ဘက်ကမ်း ပေသုံးရာလောက်ပဲ ဝေးတယ်။ တောင်ပိုင်းက ခါမ်းပါတ်၊ မြောက်ပိုင်းဆို ကနန်ပေါ့။ ချောင်းလေးပဲခြားတာ။ ထိခိုက်မှုအခြေအနေက များတယ်။ ဒုတိယပဇီကြီးလို့တောင် ပြောလို့ရတယ်။ ကလေးတွေဆို နှစ်ပိုင်းတောင်ပြတ်တယ်။ လူနေအိမ်တွေ၊ ကျောင်းတွေ အကုန် အမိုးတွေလန်သွားတယ်"
ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပေးပို့လာတဲ့ဓာတ်ပုံတွေအရ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်း ဆယ်လောင်းထက်မနည်း တွေ့ရပြီး အဲဒီထဲမှာ ကလေးငယ်လေးဦးထက်မနည်း ပါဝင်သလို ခန္ဓာကိုယ် အစိတ်အပိုင်း အစတွေလည်း တွေ့ရပါတယ်။
"ထိခိုက်မှုအခြေအနေက များတယ်။ ဒုတိယပဇီကြီးလို့တောင် ပြောလို့ရတယ်။ ကလေးတွေဆို နှစ်ပိုင်းတောင်ပြတ်တယ်"
NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ခါမ်းပါတ်မြို့ကို သိမ်းယူခဲ့တာပါ။ ဒီဇင်ဘာလအတွင်းကတော့ စစ်ကောင်စီတပ်က ခါမ်းပါတ်မြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဒီနေ့မှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက် ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ထိခိုက်သေဆုံးမှုအနည်းဆုံးဖြစ် စေဖို့ အရပ်သားတွေကို လေကြောင်းအန္တရာယ် အသိပညာပေးမှုလုပ်ဖို့ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အရပ်သားသေဆုံးမှုတွေကို ရပ်တန့်နိုင်ဖို့နဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီးကြိုးစားနေတယ်လို့ RFA ကိုပြောပါတယ်။
"ဒါကိုကြည့်မယ်ဆိုရင် အရပ်သားတွေရှိနေတဲ့ မြို့ပြတွေ၊ မြို့ရွာတွေကို စစ်ဘက်၊ အရပ်ဘက် မခွဲဘဲနဲ့ တိုက်ခိုက်မှုတွေ၊ နောက်တစ်ခါ စစ်ကောင်စီတပ်က အရင်တုန်းကလို ကြည်းတပ်နဲ့ တိုက်ခိုက်မှုတွေအစား လေကြောင်းကို ပိုပြီး သုံးစွဲလာတယ်။ ပြည်သူလူထုက ပိုပြီးတော့ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေဖြစ်နေတာ။ ပြည်သူတွေ အခုလိုမျိုး သေဆုံးမှုတွေကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ NUG အစိုးရ အနေနဲ့ရော၊ လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ရော ဆက်လက်ပြီး ပူးပေါင်း လုပ်ဆောင်နေပါတယ်"
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံးရဲ့ အချက်အလက်တွေအရလည်း မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ ပဋိပက္ခတွေဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂.၆ သန်းကျော် ရှိနေပါတယ်။